Wednesday, November 5, 2025

အသက်ကြီးလာတာနဲ့အမျှ သံသယတွေ ပိုပိုကြီးလာတတ်တယ်

 ~~~ Paranoia / Suspiciousness (BPSD) ~~~

သံသယလွန်ခြင်း (သူငယ်ပြန်ရောဂါနှင့် ဆက်စပ်သော)

Dementia ဖြစ်နေတဲ့သူတွေအကြောင်းမပြောသေးခင် ပုံမှန်လူတွေမှာကိုကအသက်ကြီးလာတာနဲ့အမျှ သံသယတွေ ပိုပိုကြီးလာတတ်တယ်ဆိုတာ သိထားရမယ်။

လူတစ်ယောက်အသက်ကြီးလာရင် အတွေ့အကြုံတွေ ပိုများလာတယ်လို့ဆိုကြတယ်၊ဒီအတွေ့အကြုံတွေဆိုတာ နောက်ရှုထောင့်တစ်ခုကကြည့်ရင် trauma တွေပဲလေ။

ကိုယ်တိုင် ဘဝနဲ့ရင်းပြီး ရခဲ့တဲ့ အတွေ့အကြုံတွေရှိသလို အခြားသူတွေဖြစ်နေတာပျက်နေတာတွေကိုကြည့်ပြီး ရလာတဲ့ အတွေ့အကြုံတွေလည်း အများကြီးပဲ။

ဒီအတွေ့အကြုံတွေ များများလာတဲ့အခါ ကိုယ့်မှာ အကြောင်းအရာတစ်ခုခုကိုတွေးတိုင်းအဆိုးဘက်ဖြစ်နိုင်ချေကို ပိုပိုတွေးဖြစ်လာတယ်။ ဒီအချက်ကပဲ ကိုယ့်ကို သံသယပိုပိုလာစေတာပဲ။

Dementia ဖြစ်လာတဲ့အခါ ဒီလိုအသက်ကြီးလို့ သူအလိုလိုပိုလာတတ်တဲ့သံသယတွေကို ပိုဆိုးလာစေတယ်။ ဒီသံသယစိတ်ရယ် မှတ်ဥာဏ်မကောင်းတော့တာရယ် (memory problem)ဆုံးဖြတ်ချက်ချနိုင်စွမ်း အားနည်းလာတာရယ် (decision making problem) ပေါင်းလိုက်တဲ့အခါတော်တော်ကို ညှိနှိုင်းရခက်တဲ့သူတွေဖြစ်လာတယ်။

ဥပမာ အရင်တုန်းက အိမ်ရှေ့အိမ်ကလာပေးတဲ့မုန့်ကိုစားပြီး ဝမ်းလျှောဖူးတယ်။
အဲ့မုန့်စားလို့ ဝမ်းလျှောရတာလို့ အတိအကျမသေချာပေမယ့် ဒါကြောင့်ပဲဖြစ်ဖို့များတယ်လို့စိတ်ထဲ တေးမှတ်ထားလိုက်တယ်ပေါ့။ ဒီလိုမှတ်ထားလိုက်မိသွားရင် အိမ်ရှေ့အိမ်က စားစရာတစ်ခုခုလက်ဆောင်လာပေးတိုင်းငါတော့သတိထားမှဆိုတဲ့စိတ်ဖြစ်တတ်တာ သဘာဝပဲ။

- ဒီလိုစိတ်အခံကနေ Dementia ဖြစ်လာတဲ့အခါ အိမ်ရှေ့အိမ်က မကောင်းဘူး၊သူတို့ပေးတာတွေမယူနဲ့၊ သူတို့ပေးတာတွေမစားနဲ့ဆိုပြီး ဖြစ်လာတယ်။ ဘာဖြစ်လို့လဲဆိုတာမမှတ်မိတော့ဘူး။ Decision making အားနည်းလာတဲ့အတွက် ကိုယ်ဒါထင်ရင် ဒါပဲ၊ ဒီတိုင်းပဲလုပ်ကြဆိုပြီးဖြစ်လာတယ်။

- ကိုယ်တင် အိမ်ရှေ့အိမ်ကိုမကြိုက်တာမဟုတ်ဘူး ကိုယ့်အိမ်ကလူတွေကိုပါအိမ်ရှေ့အိမ်နဲ့ မပေါင်းနဲ့ဆိုပြီးဖြစ်လာတယ်။

- ဒါကြီးမစားနဲ့၊ ဒီအရောင်မဝတ်နဲ့၊ အပြင်မထွက်နဲ့၊ ဘယ်အပိုင်းကိုမသွားနဲ့၊ဟိုလိုမလုပ်နဲ့ ဒီလိုမလုပ်နဲ့ဆိုတဲ့ ကန့်သတ်ချက်တွေ၊ အစွဲတွေ ပိုပိုများလာတယ်။ ဘာလို့ဒါတွေမလုပ်ရတာလဲဆိုတာကိုလည်းသူတို့ကိုယ်သူတို့ မသိတော့ဘူး။

ဒါကတော့ ပုံမှန်လူကြီးဖြစ်လာရင် ဖြစ်နေကျ သံသယတွေပိုလာတဲ့အပိုင်းပေါ့။ဒီထက်ဆိုးလာတာတွေလည်းရှိတယ်။

- သူ့ဖာသာအထားမှားပြီး ပျောက်နေတဲ့ပစ္စည်းကို တစ်ယောက်ယောက်က ခိုးပါတယ်လို့
စွပ်စွဲတာမျိုး။

- သူ့အစာထဲကို အဆိပ်ခက်ပါတယ်လို့ စွပ်စွဲတာမျိုး။

- ဘယ်သူကတော့ သူ့ကိုဒုက္ခပေးဖို့ အမြဲလိုက်ချောင်းနေပါတယ်လို့ထင်နေတာမျိုးတွေအထိ ဖြစ်လာတတ်တယ်။

စိတ်မကောင်းစရာက Dementia ဖြစ်တဲ့သူတွေ သံသယဝင်လာတဲ့အခါ သူ့ကိုအနီးကပ်ပြုစုတဲ့သူကို
ပိုပြီးသံသယဝင်တာပဲ။

- အမြဲပြုစုနေကျသမီးကို သူ့ရွှေတွေခိုးထားတယ်လို့ စွပ်စွဲတာမျိုး။

- အနီးကပ်ပြုစုမယ့်သူမရှိလို့ ရွာကနေ မြို့ကိုခေါ်လာတာကို မြို့ကိုခေါ်ပြီးနှိပ်စက်တယ်၊အမွေလိုချင်လို့ အတင်းခေါ်ထားတာ၊ ရွာကနေခေါ်ပြီး သူ့ကိုမြန်မြန်​ေTအောင်လုပ်ကြတာ လို့သံသယဖြစ်တတ်ကြတယ်။

#mentalhealth #carebyheart #dementia #bpsd #paranoia #suspisiousness #paranoiaindementia
(Image generated with chatGPT)

No comments:

Post a Comment