ကျနော်နေတဲ့လမ်းမှာ ရေပိုက်တွေ လဲနေတယ်။ သူတို့အဆိုအရတော့ လန်ဒန်တမြို့လုံးမှာ ရှိတဲ့ ယိုစိမ့်နိုင်တဲ့ ပိုက်အဟောင်းတွေ အကုန်လုံးကို လဲသွားမယ်တဲ့။ သူတို့လဲမယ့် ပိုက်လိုင်းတွေ အားလုံးပေါင်းရင် မိုင် ၇၀ လောက် ရှိတယ်။ စတာလင်ပေါင် သန်း ၇၀၀ လောက် ကုန်မယ် လို့ ဆိုတယ်။ ပိုက်လုံးတမိုင် လဲဖို့ ပေါင် ၁၀ သန်းလောက် ကုန်တဲ့သဘောပေါ့။
.ဒီပရောဂျက်က စတာ ၂နှစ် နီးပါး ရှိပြီ။ အခုမှ ကျနော်နေတဲ့ဘက်ကို ရောက်လာတာ။ ကျနော်နေတဲ့ လမ်းက လမ်းတိုလေးပါ။ ဒါပေမဲ့ တလမ်းလုံးက ရေပိုက်တွေလဲဖို့ အချိန် ၆ပတ်ယူမယ် လို့ စာပို့တယ်။ လမ်းကို ပိတ်တယ်။ လူသွားစင်္ကြန်ကို ချန်ထားပြီး သူတို့အလုပ်လုပ်မယ့်နေရာကို လမ်းကို ကာထားတယ်။ မနက် ၉နာရီကနေ ညနေ ၄နာရီအထိ လမ်းက ကတ္တရာတွေခွာ၊ မြေတူး၊ ပိုက်လုံးလဲ၊ ပြန်ဖို့၊ ကတ္တရာပြန်လောင်း လုပ်ကြတယ်။ တပတ်ကို ၆ရက် လုပ်ကြတယ်။ စနေနေ့တော့ နေ့တဝက် ထင်ပါတယ်။
.
ထူးခြားတာက အဲလိုရေပိုက်လဲနေတာ နှစ်ပတ်နီးပါး ရှိပေမဲ့ ရေကတော့ လာနေတယ်။အရင်တပတ်က ရေခဏဖြတ်မယ် ဆိုပြီး စာပို့တယ်။ "ဒီနေ့ ဒီအချိန်မှာ ရေဖြတ်ပါမယ်၊ သုံးနာရီကြာမယ်၊ ကြိုတင်ပြင်ဆင်ထားပါ" တဲ့။ ဘယ်လို ပြင်ဆင်ထားရမယ် ဆိုတာ အကြံပေးထားတယ်။ ရေနွေးအိုး (kettle) ကို ကြိုဖြည့်ထားပါ။ သောက်ရေ စုထားပါ။ အဝတ်လျှော်စက်၊ ပန်းကန်ဆေးစက် မသုံးပါနဲ့။ ရေပိုက်ခေါင်းတွေ ဖွင့်မထားပါနဲ့။ အိမ်သာရေဆွဲဖို့ ရေသိုလှောင်ထားပါ၊ စသဖြင့်ပေါ့။ ရေပြန်လာလို့ ရှိရင်လည်း ဘုံဘိုင်ကို ခဏဖွင့်ထားပြီး မှ သုံးပါတဲ့။
.
ကိုယ်လည်း မေ့နေမှာ စိုးလို့ အိမ်က ပြက္ခဒိန်မှာ ရေဖြတ်မယ့်နေ့ကို ရေးမှတ်ထားတယ်။ အဲဒီနေ့က မနက်စောစောထပြီး ရေလှောင်တယ်။ ဒီက အိမ်အများစုမှာ ရေလှောင်ကန် မရှိဘူး။ ပီပါတို့၊ ပုံးတို့လည်း အိမ်မှာ အဆင်သင့် မရှိဘူး။ ဒါနဲ့ အိမ်က ရေစိမ်ကန် (bathtub) ထဲမှာပဲ ရေဖြည့်ထားလိုက်တယ်။ အဓိကတော့ အိမ်သာသုံးရင် ရေလောင်းဖို့ပါ။ သောက်ရေကတော့ ရေဘူးထဲ ထည့်ထားလိုက်တယ်။
.
ဒါပေမဲ့ ဘာမေ့သွားလဲ ဆိုတော့ အပူပေးစက်ကို ပိတ်ဖို့ မေ့သွားတယ်။ ယူကေက အိမ်အများစုမှာ အိမ်ကို ရေနွေးပိုက်စနစ်(radiator) နဲ့ အပူပေးတယ်။ အခုလို ဆောင်းရာသီ ဆိုရင် အေးတော့ အမြဲဖွင့်ထားရတယ်။ ပိုက်ထဲကရေကို စက်က အပူပေး၊ ပြီးရင် တအိမ်လုံးမှာ တပ်ထားတဲ့ ရေပိုက်တွေထဲမှာ လှည့်ပေးတယ်။ ရေသစ်နဲ့ ရေဟောင်း အမြဲလှည့်နေတဲ့သဘော ရှိတယ်။
.
အဲဒီနေ့က ရေဖြတ်လိုက်တော့ အပူပေးစက်ထဲ ရေသစ်မဝင်လာတော့ဘူး။ စက်က အသံထွက်လာတော့မှ ရေမလာတော့တာ သတိရပြီး စက်ပြေးပိတ်ရတယ်။ ဘာမှတော့ မဖြစ်ပါဘူး။ ကိုယ်မပိတ်ရင်လည်း သူ့ဘာသာလည်း အလိုအလျှောက်ပိတ်သွားမယ် ထင်ပါတယ်။ သူ့အလုပ်လုပ်ပုံတော့ အတိအကျ မသိဘူး။ ရေပြန်လာမှ ဖွင့်ကြည့်တော့ ပုံမှန်အတိုင်း အလုပ်လုပ်နေတယ်။ ဒီစက်တွေက ပျက်သွားလို့ ပြင်ရရင် ငွေသိပ်ကုန်တာ။ ကျွမ်းကျင်လုပ်သားလည်း ရှားတယ်။ တချို့ဆို လနဲ့ချီစောင့်ပြင်ရတယ်။ ဘာမှ မဖြစ်တာ တော်သေးတာပေါ့။
.
တခါတလေ ဘယ်လောက်ပဲ ကြိုတင်ပြင်ဆင်ထားပါစေ၊ အကုန်ဒေါင့်စေအောင် စဥ်းစားနိုင်ဖို့တော့ ခက်တယ်။ ကိုယ်လည်း ရေဖြတ်မယ့်နေ့ကို မှတ်ထားပြီး စဥ်းစားမိသလောက်တော့ မနက်ကတည်းက ပြင်ဆင်ထားတာပဲ။ ဒါပေမဲ့ အပူပေးစက်တော့ သတိမထားမိလိုက်ဘူး။ ဘယ်လိုပဲ ကြိုသိနေပါစေ၊ ပြဿနာအားလုံးကို ခြုံမိအောင် လုပ်ဖို့ မလွယ်ဘူး လို့ တွေးမိလို့ပါ။ နောက်တခါ ဖြတ်မယ် ဆိုရင်တော့ မမေ့တော့ဘူးပေါ့။ ဘဝက ဒီလိုပဲ သင်ခန်းစာ ယူကြရတာပါ။
_____________________
AKMoe 2025/11/04
No comments:
Post a Comment