Audio ဝါသနာရှင်၏ဘဝအပိုင်းအစများ ၈။
(Chip နဲ့ ကျွန်တော့်ရဲ့ ဇာတ်လမ်း)
အချိန်သည်ကားလွန်ခဲ့သော် အနှစ်သုံးဆယ်ကျော်စာရေးသူ ဆယ်တန်း စာမေးပွဲဖြေဆိုထားပြီးသည့် ကာလတွင်ဖြစ်ပါသည်။ ကက်ဆက် ရေဒီယို ပြုပြင်
၍ ရထားသော ငွေတိုငွေစ လေးများကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး Amplifier ဆင်ဖို့ PCB (Printed Circuit Board) ပြားဝယ်ရန် ဗိုလ်ရွဲလမ်းသို့ ရောက်ခဲ့ပါပြီ။ လမ်းပေါ်ရှိ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် နေပူထဲ လျောက်မေးရာ Universal Card တွေပဲထုတ်
ထုတ်ပြနေတာကြောင့် လမ်းသာဆုံးသွားတယ် ဘာမှမရတော့ စိတ်ကပျက်ချင်ချင်ရယ်။ နောက်တစ်ကြိမ် ပြန်လှည့်ပြီး ခုဏကတုန်းက မျက်စိရှန်းပြီးကျော်သွားတဲ့ ဆိုင်တွေကျန်ခဲ့ လေမလားဆိုပြီး လျောက်မေးရင်းနဲ့ CHIP ဆိုတဲ့ ဆ်ိုင်းဘုတ်တပ်ထားတဲ့ ဆိုင်ထဲရောက်သွားတယ်။ ဆိုင်ရဲ့ ဘေးထောင့်ရှိ ချောင်လေးထဲမှာ ဆားကစ်ပြားတွေကို ကြိုးတွဲရင်း စက်တွေတပ်ဆင်နေတာ ရိပ်ခနဲမြင်လိုက်တယ်။ အနားကို မရဲတရဲနဲ့ တိုးသွားပြီး လှမ်းကြည့်လိုက်တော့။ ဟော တွေ့ပါပြီ ထီသည်ကြီးဆီမှာ တွေ့လိုက်တဲ့ PCB ပြားတွေနဲ့ စက်တွေဆင်နေတာ။ စက်ဆင်နေတဲ့ နူတ်ခမ်းမွေးအဖြူရောင် အန်ကယ်ကြီးကို မျက်နှာချိုသွေးရင်း စကားဦးသန်းကြည့်တယ်။ သူ့စကားပြန်ဖြေပုံအရအခြေအနေကောင်းကြောင်း သိလိုက်ရတယ်။ မရဲတရဲနဲ့ စက်ထဲက PCB ပြားတွေက ဝယ်လို့ရလား။ ဘယ်မှာဝယ်ရင် ရမလဲဆိုတော့ ဒီဆိုင်ကထုတ်တဲ့ဟာတွေပါတဲ့။ အခုဆင်နေတဲ့ စက်တွေက ဒီဆိုင်ကထုတ်တဲ့ PCB တွေနဲ့ ပဲ ဆင်ထားတာဖြစ်ကြောင်း သိလိုက်ရတာမို့ ပစ္စည်းဝယ်ဖို့ ကောင်တာက စာရေးမ ဆီ ဦးတည်လိုက်ပါတယ်။
စာရေးမကို PCB တစ်ပြားဝယ်ဖို့မေးရာ ဘာ PCB ယူမှာလဲတဲ့။ နံပါတ်ဘယ်လောက်ကို ဝယ်ချင်တာ
လဲ။ ကဒ်ပဲလား ပစ္စည်းအစုံယူမှာလား ပြန်မေးခံရတော့ ဂွကျပြီလေ။ ကိုယ်က လုပ်ချင်တာပဲသိတာ။ ကျန်တာဘာမှမသိလို့ ဖင်ကုပ် ခေါင်းကုပ်ဖြစ်နေတဲ့ပုံစံကြောင့် စာရေးမက ဆားကစ် နံပါတ်ရယ် ဆားကစ်နာမည်ရယ် ကျသင့်ငွေရယ် ရေးထားတဲ့ စာရွက်ကို ကတ်ထူပြားပေါ် ကပ်ထားတဲ့ ဘုတ်ပြားကြီး ထိုးပေးပြီး ဒီမှာရှာကြည့်တဲ့။ ဘုတ်ပြားထဲမှာ ရေးထားတာက အမျိုးပေါင်း 100နီးပါးလောက်ရှိတယ်။ ဖတ်ကြည့်တော့လည်း နားကမလည်။ ဒါနဲ့ပဲ 12V နဲ့ Amplifier ဆင်ချင်လို့ လိုတာတွေထည့်ပေးပါ လို့ပြောလိုက်ရော စာရေးမကလဲ ပစ္စည်းအစုံကို ရှာပြီးထည့်ပေးပါတော့တယ်။ အားလုံးလည်းပြီးရော 12V Power Supply (CP-60) တစ်ကဒ် ။ Stereo Tone Pre (CP-54) တစ်ကဒ်။ Stereo Amplifier (CP-86) တစ်ကဒ်ဆိုပြီး ကဒ်တွေရော Component တွေရောပေါင်းပြီးဘောင်ချာဖွင့်လိုက်တာ ကျသင့်ငွေက ကိုယ့်ပါလာတဲ့ငွေနဲ့ အများကြီးကွာနေတော့ ထူပူသွားပြီး စာရေးမကို အကြိမ်ကြိမ်တောင်းပန်ကာ ကဒ်အလွတ်တွေပဲ ယူလာလိုက်ရတော့တယ်။
ဒီအဖြစ်အပျက်က မိမိကို အပြန်လမ်းတစ်လျောက်လုံး ရှက်ရွံသိမ်ငယ်စိတ်က လွမ်းမိုးလာပြီး ကိုယ့်လုပ်ချင်တဲ့အရာက လက်တကမ်းမှာရောက်နေပြီ။ မျက်နေရပြီ တွေ့နေရပြီ။ ကုန်ကြစားရိတ်က လက်
လှမ်းလို့မမှီနိုင်။ Audio ပညာရပ်ကို ဝါသနာကြီးလွန်းမိတာ ဒီလောက်ငွေကုန် ကြေးကြများမှန်း ခုမှသိတော့တယ်။ ဆိုင်က ရောင်းလိုက်တဲ့ PCB ကဒ်အလွတ် သုံးခု ကြည့်လိုက်။ ကဒ်နဲ့အတူပါလာတဲ့
Circuit Diagram တွေကြည့်လိုက် လေ့လာလိုက်နဲ့ စက်ဆင်ချင်တဲ့ စိတ်တွေကသာ လွှမ်းမိုးနေတယ်။
ဒိီတိုင်းဆို ကိုယ့်ရှာလို့ရတဲ့ ငွေတိုငွေစနဲ့ ကိုယ့်လေ့
လာချင် စူးစမ်းချင်တဲ့ အရာတွေက အလှမ်းကွာနေတယ်။ စမ်းတဝါးဝါးနဲ့ လုပ်ရမှာဆိုတော့ ကဒ်တွေ ပစ္စည်းတွေက ထပ်ထပ်ဝယ်ဖို့အတွက် ဒီ့ထက် ဝင်ငွေရမယ့်အလုပ်တစ်ခု ထပ်လုပ်မှရတော့မယ်လေ။ အလုပ်အတွက် နည်းလမ်းရှာ ဖွေနေတုန်း ည ည အိမ်မှာ ရေဒီယိုလာလာ နားထောင်တဲ့ ဆွေမျိုးလိုဖြစ်နေတဲ့ လမ်းထဲက ဘကြီးကို အတင်းအပူကပ်ပြီး သူအလုပ်လုပ်တဲ့ သာကေတက မိချောင်းမွေးမြူ
ရေးစခန်းမှာ နေ့စားအဖြစ် ဘကြီးတာဝန်ယူရတဲ့ ရေစက်ဌာနမှာ ဝင်လုပ်ခွင့်ရလိုက်တယ်။ မိဘတွေက သဘောမတူလို့ ကျောင်းပိတ်ရက်ပဲလုပ်မှာပါ အောင်သာရင်းထွက်ရင် ကျောင်းပဲတက်မှာပါဆိုပြီးဂတိပေးလိုက်တော့ အလုပ်လုပ်ခွင့်ရသွားတယ်။ အစိုးရဌာနဆိုတော့ နေ့စား ဆွဲခန့် စက်ခန်း အကူအတွက်က လကုန်ရင်ရတဲ့ငွေက နည်းနည်းလေးဆိုတော့ ဘယ်လိုမှ အလုပ်မဖြစ်ပြန်။ ဒါတောင် ဘကြီးမျက်နှာနဲ့မို့ မန်နေဂျာကြီးက ဘောင်ထဲကနေ မိမိက အသက်မပြည့်သေးပေမယ့် အလုပ်ဝင်လို့ရအောင် သနားလို့ လုပ်ပေးထားတာ။ ရုံးချုပ်ကိုပေးပို့ရတဲ့ တရားဝင် အလုပ်သမား စာရင်းထဲမှာ တော့ ကိုယ်ကမပါဘူးရယ်။ အပိုဝင်ငွေရလေအောင် ဘကြီးက ကိုယ်မလုပ်တာနိုင်တာကိုသိနေလို့ ဝင်မလုပ်ဖို့တားနေတဲ့ကြားက ရုံးဝန်းထဲမှာ ပေါ်လာသမျှ အပြင် အလုပ်ကြမ်းအလုပ်တွေဖြစ်တဲ့ မြေကြီးပေါက်။ မြေကြီးသယ်။ မိကျောင်းကြီးတွေထားတဲ့ သဘာဝကန် လူသွားပတ်လမ်းအတွက် ဂဝံ ကျောက်တွေ တူး/သယ်/ဖို့။ အုတ်စီ။ ဘိလပ်မြေဖျော်။ အုတ်စီ။ ပန်းရံလုပ်။ ရေကန်ဖေါ်။ ရေကန်တူး။ နူန်းဆယ်။ တံတာသန့်ရှင်းရေး။ ဆေးသုတ် စတဲ့အလုပ်တွေလုပ်ရာမှာ ရုံးက ဝန်ထမ်းတွေနဲ့ တူတူကူလုပ်ရင်းနဲ့ လက်တွေလည်းပေါက်ပြဲ နဂိုမဖြူတဲ့ အသားက မဟူရာ သပိတ်အရောင်လက်လက်ထနေတဲ့ အလုပ်ကြမ်း
သမား ဘဝ ရောက်ခဲ့ရပါသေးတယ်။
သူတို့ကလည်း ဒီအလုပ်တွေကို အပြင်သူတွေဆီ
မအပ်ပဲ ဝင်ငွေရအောင် နေ့တစ်ပိုင်း ရုံးအလုပ်လုပ်။ ညနေပိုင်း အပိုဝင်ငွေအဖြစ် ဒါတွေ စုလုပ်ကြတယ်။ သူတို့က လူလတ်ပိုင်းတွေ။ သန်သန်မာမာတွေ။ အင်
ပြည့်အားပြည့်တွေ။ကိုယ်ကလူကောင်ကသေးသေး
လေး။ အရပ်ကပုပု။ ရေကိုတောင် တစ်ထမ်းပြည့်အောင် ထမ်းနိုင်တာမဟုတ်ပေမယ့် ဘကြီးမျက်
နှာကြီးလို့ပဲလား ကိုယ့်ကို သနားလို့လားမသိ။ ဝေစုကို တူတူခွဲပေးကြတယ်။ အလုပ်ကြမ်းတွေလုပ်တာကြောင့် ညဘက်ဆို ကိုယ်လက်တွေ ကိုက်ခဲပြီး နာလွန်း အသံထွက်မိရင် မလုပ်ခိုင်းမှာစိုးလို့ မိဘတွေ မသိအောင် စောင်ကိုပါးစပ်မှာကိုက် ပရုတ်ဆီတွေလိမ်းပြီး အိပ်ရတယ်။ ကိုယ်ကလည်းသူတိုရဲ့ အိမ်က လျပ်စစ်ပစ္စည်း အတိုအထွာလေးတွေကို ငွေမယူပဲ ပြင်ပေးရင်း ပြန်အကျိုးပြုပေးတယ်။ ရုံးကရလာတဲ့ လစာ။ ဆန်။ ဆီ ကို မိဘတွေကို ပေးလိုက်တယ်။ ကိုယ် Audio လေ့လာဖို့အတွက်က အလုပ်ကြမ်းအလုပ်ကရတဲ့ငွေတွေရယ်။ ညနေ ရုံးပြန်ရောက်တဲ့အခါ ရေဒီယို ကက်ဆက် မီးပူ မီးဖို ပြုပြင်ကနေ
ရလာတဲ့ ငွေတွေပါ သုံးလေးလ လောက် မသုံး မသွဲပဲ စုထားလိုက်တာ အတော်လေး ဟုတ်နေပြီလေ။ ရုံးပိတ်ရက် တစ်ရက်မှာ စုထားတဲ့ ငွေတွေကို ရင်ဝယ်ပိုက်ပြီး ဟိုတစ်ခေါက်က မျက်စိမျက်နှာပျက်ခဲ့ရတဲ့ စာရေးမဘောင်ချာထဲကငွေပမာဏလောက်က အေးဆေးဖြစ်နေပြီဆိုတဲ့ အသိနဲ့ ဗိုလ်ရွဲလမ်းဆီ ခေါင်းမော့ ရင်ကော့ပြီး Chip ဆိုင်က စာရေးမဆီကို နောက်တစ်ခေါက် ချီတက်ပြန်ပါတော့တယ်။
ဆက်ရန်။
Audio Guide
MISSION ၁။နွေဦးတော်လှန်ရေးမှာ မြင်သလောက်နိုင်သလောက်ပါတင်ကူညီဖြည့်ဆည်းပေးရေး။ ၂။ NUGpay နဲ့SDB bank အသုံးပြုမှု ပြည်သူတွေကြားတိုးတက်စေရေး။ ၃။ပြည်သူသို့တော်လှန်ရေးသတင်းအချက်အလက်အမှန်စီးဆင်းစေရေး။ ၄။မိမိနိုင်ငံအနေဖြင့် အရှေ့တောင်အာရှ၏ ပထမဆုံးဒီမိုကရေစီနိုင်ငံဖြစ်စေရန် တထောင့်တနေရာမှအစဉ်မပြတ်အားထုတ်လှုံဆော်နိုင်ရေး။
Thursday, November 13, 2025
Audio ဝါသနာရှင်၏ဘဝအပိုင်းအစများ ၈။ (Chip နဲ့ ကျွန်တော့်ရဲ့ ဇာတ်လမ်း)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment