Sunday, February 9, 2025

သုံးပွင့်ဆိုင် အားပြိုင်မှု

သုံးပွင့်ဆိုင် အားပြိုင်မှု

သုံးပွင့်ဆိုင်အင်အားစုတို့၏ အပြန်အလှန်ထိန်းကျောင်းနိုင်သည့် သဘောတရားကို
" One will always corrupt . Two will divide . But with three , there is balance " ဟုဆိုနိုင်သည် ။
( Quote from LOTR : The Rings of Power )

သုံးပွင့်ဆိုင်အားပြိုင်မှု ဖြစ်လာရန် ပထမ ၊ ဒုတိယ ၊ တတိယ အင်အားစု ( ၃ ) ခုရှိရန်လိုအပ်သည်မှာ ရှင်းလင်းသည် ။ ထိုအင်အား သုံးစုတို့ ဖိုခနောက်ဆိုင်နေခြင်းသည် တည်ငြိမ်သော မျှခြေတခုကို ဖန်တီးထားနိုင်ပြီး အဆိုပါ မျှခြေမှ တစုတဖွဲ့က ဖောက်ထွက်ရန်ခက်သည့် အခြေအနေဖြစ်သည် ။

▪︎ အရှေ့တိုင်းရာဇဝင်များတွင် သုံးပြည်ထောင်အားပြိုင်မှုကို ဒေသအတော်များများတွင် တွေ့ရသည် ။ တရုတ်ပြည် ဟန်မင်းဆက် ကျဆုံးပြီးနောက် ဖြစ်တည်လာသည့် ချောင်ဝေ ( Cao Wei ) ၊ ရှုဟန် ( Shu Han ) နှင့် ဝူ ( Wu ) ပြည်ထောင်တို့၏ သုံးပြည်ထောင်ခေတ် အားပြိုင်မှုသည် အကျောဇောဆုံးဖြစ်သည် ။ ကိုရီးယားကျွန်းဆွယ်တွင်လည်း ဂိုဂူယော ( Goguryeo ) ၊ သျှီလာ ( Shilla ) ၊ ဘက်ဂျဲ ( Baekje ) ဘုရင့်နိုင်ငံ သုံးနိုင်ငံ သည် ရာစုနှစ်များစွာကြာအောင် တပြည်ထောင်ထက်တပြည်ထောင် အသာရအောင် ပြိုင်ဆိုင်ခဲ့ကြသည် ။

အိန္ဒိယတိုက်ငယ်တွင် ပါလ ( Pala ) ၊ ပရတိဟာရ ( Pratihara )၊ ယသျှရကုသ (Rashtrakuta ) အင်ပါယာတို့သည် မဟာဗျူဟာကျသည့် Kannauj ဒေသကို ထိမ်းချုပ်နိုင်ရန် သုံးပွင့်ဆိုင် စစ်ပွဲ ( Tripartite Struggle ) ဆင်နွဲရင်ဆိုင်ခဲ့ကြသည် ။ ဂေါ်ရခါးမင်းဆက်တို့မှ နီပေါနိင်ငံအဖြစ် မစုစည်းခင်က မလ္လာမင်း ( Malla ) တို့သည် ကမ်းမှီလှမ်းမှီ ခတ္တမန္ဒုတောင်ကြားတခုတည်းတွင် Kathmandu ၊ Patan နှင့် Bhadgaon ဆိုပြီး သုံးပြည်ထောင် ခွဲဝေထားကြသည် ။

▪︎ သုံးစုသုံးဖွဲ့ အားပြိုင်မှုတို့၏ အနှစ်သာရတို့တွင် အင်အားစုတစုတည်းမှ အသာစီးရရှိမှု မရှိစေရန် ကျန်နှစ်စုမှ ပူးပေါင်းဆန့်ကျင်ခြင်းလည်းပါဝင်သည် ။ ပူးပေါင်းဟုဆိုရာတွင် တိုက်ရိုက်သော်လည်းကောင်း ၊ သွယ်ဝိုက်၍ လည်းကောင်း ဖြစ်နိုင်သည် ။ မဟာမိတ်ဖွဲ့ ပူးပေါင်းမှုတို့သည် ပတ်လည်ရိုက်ကာ အပြောင်းအလဲ ဖြစ်နေနိုင်သည် ။

မျက်မှောက်ခေတ် ကမ္ဘာ့အင်အားကြီး သုံးနိုင်ငံတွင် အမေရိကန်၏ ကြီးစိုးမှုကို တန်ပြန်ဖို့ရာ တရုတ် နှင့် ရုရှားကျောချင်းကပ်လျက် ကိုင်းကျွန်းမှီနေကြသည် ။ တရုတ် နှင့် ရုရှားတို့သည် ပထဝီအနေအထားအရ ယူရေးရှားဒေသတွင်း ( Euraisa ) ပြိုင်ဖက် ဖြစ်ရမည် ဖြစ်သော်လည်း မဟာမိတ်ကဲ့သို့ ဆက်ဆံရေးရှိခြင်းသည် ရုရှားကျရှုံးခဲ့လျှင် အမေရိကန်သည် နောက်တဆင့် တရုတ်ကို အပြည့်အဝ ဝိုင်းပတ်မည် ( Encirclement ) ဖြစ်သလို တရုတ်ပြိုကွဲခဲ့လျှင် ရုရှားသည် တဦးတည်းရပ်တည်နိုင်ဖို့ ခက်ခဲမည့် အလားအလာကို သိမြင်ကြသောကြောင့် ဖြစ်သည် ။

ထိုသို့ သဘောတရားကို အာဏာမသိမ်းမှီ လွှတ်တော်တွင်း အင်အားတည်ဆောက်မှုတွင်လည်း မြင်နိုင်သည် ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD ) ၏ အင်အားကြီးမားမှုကို ဒုတိယနိုင်ငံရေးအင်အားစုဖြစ်သည့် အတိုက်အခံ ကြံဖွံ့ + အပေါင်းအပါပါတီများဖြင့် ထိမ်းချုပ်မနိုင်သောကြောင့် စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို တတိယအင်အားစု ကိန်းသေအဖြစ် ဖန်တီးပြီး ၃ ပွင့်ဆိုင် ဖော်မြူလာသဏ္ဍာန် ဆိုင်ပေးထားခဲ့သည် ။ ထိုအခါ လွှတ်တော်သည် မျှခြေဖြစ်ခါ ဟိုမရောက်သည်မရောက် ရှေ့မတိုးတော့ပဲ အရေးကြီးသည့် ခြေဥပြင်ဆင်ရေး ဖြစ်မလာခဲ့တော့ခြေ ။

▪︎ သုံးပွင့်ဆိုင်ဆိုရာတွင် ပဋိပက္ခဖြစ်ပွားနေသည့် ရန်ဘက်အင်အားစု သုံးခုကိုသာ အမြဲဆိုလိုရင်းမဟုတ်ပဲ နိင်ငံရေးစနစ်တခု အင်အားမျှခြေဖြစ်ပြီး အဆိုပါ စနစ်ရေရှည်တည်တံ့အောင် တည်ဆောက်ထားခြင်းလည်း ဖြစ်နိုင်သည် ။ အထက်ပါ နေပြည်တော်လွှတ်တော်တွင်း အခြေအနေအရ ၂၀၀၈ ခြေဥကို ပြင်မရအောင် ဆိုင်ထားချင်းသည်လည်း ၂၀၀၈ ခြေဥအောက် နိုင်ငံရေးစနစ်အတွင်းမှသာ လှုပ်ရှားနိုင်ကြစေရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည် ။

ဆီဇာ ၊ ပွန်ပေ နှင့် ခရေဆပ် တို့၏ သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့သည် ( First Triumvirate ) ရောမ​သမ္မတနိုင်ငံကို ပူးတွဲအုပ်ချုပ်ခဲ့ကြဖူးသည် ။ အမေရိကန် ပြည်ထောင်စုတွင် အစိုးရတရပ်ကို လွှတ်တော်၏ ဥပဒေပြုရေးအာဏာ ( Legislative ) ၊ သမ္မတ၏ အုပ်ချုပ်ရေးအာဏာ ( Executive ) နှင့် တရားရုံးချုပ်၏ တရားရေးအာဏာ ( Judicial ) အာဏာ ( ၃ ) ခွဲဝေကာ ထိန်းကြောင်းထားသည် ။

▪︎ အင်အားစုတခုသည် နောက်တခုကို ဖျက်ဆီးနိုင်လောင်အောင် အင်အားကြီးမားလာ၍ ဖျက်ဆီးခဲ့နိုင်ခြင်း ရှိလျှင်လည်းကောင်း ၊ အင်အားစုတခု အကြောင်းကြောင်း အမျိုးမျိုးကြောင့် ပျက်စီးခဲ့လျှင်လည်းကောင်း လက်ကျန် အင်အား ၂ စုသည် ရေရှည် အတူယှဥ်တွဲခြင်ထက် တစုကိုတစု အပြီးအပြတ်ခြေမှုန်းရန်သာ ရှိတော့သည် ။ ဥပမာ အားဖြင့် ပါသီရာစစ်ပွဲတွင် ခရေဆပ် ( Crassus ) ကျဆုံးပြီးနောက် ဆီဇာ နှင့် ပွန်ပေတို့သည် အနှိုင်းမဲ့ ဥသျှောင်နေရာကို ရရှိရန် အဆုံးသတ်စစ်ပွဲကြီး ဖြစ်ကြပြီးလျှင် ဂျူးလီးယပ်စ်ဆီဇာသည် အောင်နိုင်သူဖြစ်လာသည် ။

ထို့အပြင် သုံးစုသုံးဖွဲ့ဖြစ်သောအခါ ( Limited Space ) ဂွင် အတွင်းရှိ အရင်းအမြစ်တို့ကို သုံးဖက်ဝေမျှကြရသည် ။ ၂ စု ၂ ဖွဲ့ထဲကဲ့သို့ ပဋိပက္ခတခုအတွင်း အရင်းအမြစ်များကို အကြွင်းအကျန်မရှိ ထုတ်ယူသုံးနိုင်စွမ်းမရှိကြ ။ ဒုတိယကမ္ဘာစစ်ကြီးတွင် ကမ္ဘာတဝန်းရှိ လူသားအရင်းအမြစ် ၊ အင်အားအရင်းအမြစ်များ အားလုံးနီးပါးကုန်စင်အောင် မဟာမိတ် နှင့် ဝင်ရိုးတန်းများအကြား သုံးယူရင်း မီးကုန်ရမ်းကုန်အဖြေထွက်သည်အထိတိုက်ကြသော်လည်း စစ်အေးတိုက်ပွဲတွင် အနောက်အုပ်စု နေတိုး ၊ အရှေ့အုပ်စု ဝါဆော တို့အပြင် ဟိုလိုလို သည်လိုလို ကြားနေလိုလို ဘက်မလိုက်နိုင်ငံများတစုသည်လည်း ပါဝင်ရာ အနောက်အုပ်စု နှင့် အရှေ့အုပ်စု ၂စုလုံးသည် ဘက်မလိုက်အစုမှ နိုင်ငံများကို မိမိတို့ဘက်ယိမ်းစေရန် ဝါယမစိုက်ကြရင်း စစ်အေးထဲမြောကြရသည် ။

အင်အား ၃ စုတို့၏ ညီမျှခြင်းတွင် အင်အားကြီးမားသည့် ပြင်ပ အင်အားနောက်တစု ဝင်လာလျှင်လည်း သုံးပွင့်ဆိုင် အခြေပျက်တတ်သည် ။ သျှီလာပြည် နှင့် မဟာမိတ်ပြုကာ တန်မင်းဆက် ( Tang Dynasty ) ၏ ပါဝင်လာမှုသည် ဂိုဂူယောနှင့် ဘက်ဂျဲ တို့ကျရှူံးစေကာ ကိုရီးယားသုံးပြည်ထောင်ခေတ် အဆုံးသတ်သွားတော့သည် ။

▪︎ သည်တွင် အင်အားစု ( ၃ ) စုပါဝင်သည့် ဖိုခနောက်ဆိုင် အင်အားမျှခြေသည် Status Quo ကိုထိန်းသိမ်းလိုသည့် အခြေအနေမျိုးအတွက် ကောင်းမွန်သည့် အနေအထားတည်ဆောက်မှုဖြစ်သည် ။ နိုင်ငံတော် အာဏာကို အပြန်အလှန်ထိန်းကျောင်းမည့် အာဏာ ၃ ရပ်ခွဲဝေရေးတွင်လည်းကောင်း ၊ ဖက်ဒရယ် ဒီမိုကရေစီစနစ်အတွင်း ပါတီ နိုင်ငံရေးအင်အားစုများကို လက်ယာယိမ်းတစု ၊ လက်ဝဲယိမ်းတစု ၊ အခြားလူမျိုးစု သို့မဟုတ် နိုင်ငံရေးစနစ်ပါတီများ တစု ( ၃ ) စု အားပြိုင်နေကြလျှင်လည်းကောင်း သင့်တော်ညီညွတ်သည် ။

သို့သော် အဆုံးသတ်အဖြေထွက်ရန် လိုလားသည့် ပဋိပက္ခစစ်ပွဲ ၊ အင်အားလွန်ဆွဲပွဲများတွင်မူ သုံးပွင့်ဆိုင် ဖြစ်လာခြင်းသည် ပွဲသိမ်းမှုကို ကြန့်ကြာစေပြီး ပဋိပက္ခအားပြိုင်မှု ညောင်းကြာရှည်မည့် အခြေအနေကိုသာ ဖန်တီးပေးလိမ့်မည် ဖြစ်သည် ။

#Augustus_Linn
#Pax_Birmania 
See less

— with Augustus.Linn.

https://www.facebook.com/photo?fbid=122130544064154075&set=a.122103012782154075 

No comments:

Post a Comment