ကင်ဆာဆဲလ်တွေကို ပုံမှန်ဆဲလ်တွေအဖြစ် ပြန်ပြောင်းပေးနိုင်တဲ့ ကုသမှုနည်းလမ်းသစ်တစ်ခု တွေ့ရှိခြင်း။
ကင်ဆာဆိုတာနဲ့ မကြားချင်လောက်အောင် ထိတ်လန့် ထရော်မာ ရကြတဲ့ အတွေ့ကြုံ လူတိုင်းနီးပါးရှိတတ်ကြပါတယ်။ ကင်ဆာဟာ အဲ့လောက်ကို ကြောက်စရာ ကောင်းတာပါ။ Multicellular သက်ရှိတွေဖြစ်တဲ့ လူတွေအတွက်လည်း ဖြစ်လာနိုင်ချေ risk တွေက ရှိနှင့်ပြီးသားပါ။ ဒါကိုမှ အနေအထိုင်၊ အစားအသောက် နဲ့ ပတ်ဝန်းကျင်က ဖေးမလိုက်တဲ့အခါ ဖြစ်နိုင်ချေတွေက ပိုတက်သွားတတ်ပြန်ပါတယ်။ ဖြစ်လာပြီဆိုရင် လူအင်အား၊ ငွေအင်အား အပါအဝင် အားလုံးအတွက် ထိခိုက်လှပါတယ်။ အခုခါမှာတော့ ကိုရီးယားသိပ္ပံပညာရှင်များက အူမကြီး ကင်ဆာဆဲလ်တွေကို သာမန် မူလက ကျန်းမာတဲ့ ဆဲလ် တွေအဖြစ် ပြန်ပြောင်းသွားအောင် လုပ်နိုင်တဲ့ နည်းလမ်းသစ်တခု ဖော်ထုတ်နိုင်ခဲ့တာပါ။
ကိုရီးယားနိုင်ငံ၊ Korea Advanced Institute of Science and Technology (KAIST) က သုတေသီတွေဟာ အူမကြီးကင်ဆာဆဲလ်တွေရဲ့ ဗီဇနက်ဝက်ကို ထိန်းချုပ်ထားတဲ့ "မာစတာထိန်းချုပ်သူ" (Master Regulators)တွေကို ပစ်မှတ်ထားပြီး ကင်ဆာဆဲလ်တွေကို ကျန်းမာတဲ့ဆဲလ်တွေအဖြစ် ပြောင်းလဲ ပေးနိုင်တဲ့ နည်းလမ်းကို တွေ့ရှိခဲ့ကြတာပါ။ သူတို့ သုတေသန စာတမ်းကို ၂၀၂၃ ကတည်းက တင်ထားတာပါ။
သူတို့ဟာ ဆဲလ်တွေကို ဖျက်ဆီးစရာမလိုဘဲ ကင်ဆာဖြစ်နေတဲ့အခြေအနေကို ပြန်လည်ပြောင်းလဲနိုင်ခဲ့ပါတယ်။ ဒီနည်းလမ်းဟာ ပုံမှန် ကင်ဆာကုသမှုတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ရှောင်ရှားနိုင်ပါတယ်။ ပုံမှန်ကုသမှုတွေမှာ ကင်ဆာဆဲလ်တွေနဲ့အတူ ကျန်းမာတဲ့ဆဲလ်တွေပါ ပျက်စီးတတ်တဲ့ သဘာဝရှိတာကိုး။
ဒီလုပ်ငန်းစဉ်မှာ MYB, HDAC2, နဲ့ FOXA2 လို့ခေါ်တဲ့ အဓိကထိန်းချုပ်သူ ဗီဇ တွေကို ဖိနှိပ်ပြီး ကင်ဆာဆဲလ်တွေကို ပုံမှန်အခြေအနေပြန်ရောက်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။
MYB, HDAC2, နဲ့ FOXA2 Gene တွေအကြောင်း
MYB, HDAC2, နဲ့ FOXA2 ဆိုတာ ဆဲလ်တွေရဲ့ လုပ်ဆောင်ချက်တွေကို ထိန်းချုပ်ပေးတဲ့ ဗီဇ (gene) တွေပါ။ ဒီဗီဇတွေဟာ ဆဲလ်တွေရဲ့ ကြီးထွားမှု၊ ကွဲပွားမှု၊ (Growth and Division) နဲ့ လုပ်ငန်းဆောင်တာတွေ (Gene Expressions) ကို ထိန်းချုပ်ပေးပါတယ်။ ကင်ဆာဆဲလ်တွေမှာ ဒီဗီဇတွေဟာ ပုံမှန်မဟုတ်တဲ့အခြေအနေမှာ ရှိနေတတ်ပါတယ်။
1. MYB: ဒီဗီဇဟာ ဆဲလ်တွေရဲ့ ကြီးထွားမှုနဲ့ ကွဲပွားမှု (Growth and Division) ကို ထိန်းချုပ်ပေးပါတယ်။ ကင်ဆာဆဲလ်တွေမှာ MYB gene တွေဟာ အလွန်အမင်း အလုပ်လုပ်နေတတ်ပါတယ်။
2. HDAC2: ဒီဗီဇဟာ ဆဲလ်တွေရဲ့ ဗီဇစက် (gene expression) ကို ထိန်းချုပ်ပေးပါတယ်။ ကင်ဆာဆဲလ်တွေမှာ HDAC2 ဟာ ပုံမှန်မဟုတ်တဲ့ ဗီဇစက် ပုံစံတွေကို ဖြစ်ပေါ်စေပါတယ်။
3. FOXA2: ဒီဗီဇဟာ ဆဲလ်တွေရဲ့ လုပ်ငန်းဆောင်တာတွေကို ထိန်းချုပ်ပေးပါတယ်။ ကင်ဆာဆဲလ်တွေမှာ FOXA2 ဟာ ပုံမှန်အတိုင်း အလုပ်မလုပ်တတ်ပါဘူး။
ဘယ်လို ထိန်းချုပ်ဖိနှိပ်ပြီး ပုံမှန်ဆဲလ် အခြေအနေရောက်အောင် လုပ်ပေးတာလဲ?
သုတေသီတွေဟာ ဒီဗီဇတွေကို ထိန်းချုပ်ဖို့ နည်းလမ်းတွေကို အသုံးပြုပါတယ်။ ဥပမာအားဖြင့်၊ သူတို့ဟာ MYB, HDAC2, နဲ့ FOXA2 ဗီဇတွေကို ဖိနှိပ်ပြီး သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို ပုံမှန်အတိုင်း ပြန်ဖြစ်အောင် လုပ်ဆောင်ပါတယ်။
- ဖိနှိပ်ခြင်း (Suppression) : သုတေသီတွေဟာ ဒီဗီဇတွေကို ဖိနှိပ်ဖို့ ဆေးဝါးတွေ သို့မဟုတ် မော်လီကျူးနည်းလမ်းတွေကို အသုံးပြုပါတယ်။ ဒါဟာ ကင်ဆာဆဲလ်တွေရဲ့ ပုံမှန်မဟုတ်တဲ့ လုပ်ဆောင်ချက်တွေကို ရပ်တန့်စေပါတယ်။
- ပုံမှန်အတိုင်း ပြန်ဖြစ်အောင် လုပ်ဆောင်ခြင်း (Reversion): ဒီဗီဇတွေကို ဖိနှိပ်ပြီးတဲ့နောက်၊ ဆဲလ်တွေဟာ ပုံမှန်အတိုင်း လုပ်ဆောင်ချက်တွေကို ပြန်လည်စတင်ပါတယ်။ ဒါဟာ ကင်ဆာဆဲလ်တွေကို ပုံမှန်ဆဲလ်တွေအဖြစ် ပြန်ပြောင်းပေးနိုင်ပါတယ်။
ဥပမာ: မီးခလုတ်တစ်ခုကို ပိတ်ထားတဲ့အခါ၊ မီးလင်းမှာမဟုတ်ပါဘူး။ ဒီလိုပါပဲ၊ MYB, HDAC2, နဲ့ FOXA2 ဗီဇတွေကို ဖိနှိပ်လိုက်တဲ့အခါ၊ ကင်ဆာဆဲလ်တွေရဲ့ ပုံမှန်မဟုတ်တဲ့ လုပ်ဆောင်ချက်တွေ ရပ်တန့်သွားပါတယ်။
ဒီနည်းလမ်းဟာ ကင်ဆာဆဲလ်တွေကို ဖျက်ဆီးစရာမလိုဘဲ ပုံမှန်ဆဲလ်တွေအဖြစ် ပြန်ပြောင်းပေးနိုင်တဲ့အတွက်၊ ပိုပြီးတိကျတဲ့ နဲ့ ဘေးထွက်ဆိုးကျိုးနည်းတဲ့ ကုသမှုနည်းလမ်းတစ်ခုဖြစ်ပါတယ်။
ဒီတီထွင်မှုကို ဒစ်ဂျစ်တယ်မော်ဒယ်လ်တွေ၊ မော်လီကျူးစမ်းသပ်မှုတွေ၊ နဲ့ ကြွက်တွေမှာ စမ်းသပ်ပြီး အောင်မြင်စွာ သက်သေပြနိုင်ခဲ့ပါတယ်။ ဒါဟာ ကင်ဆာကုသမှုမှာ တခေတ်ပြောင်း တော်လှန်ရေးအဆင့်တစ်ခုလို့ ဆိုနိုင်ပါတယ်။
အူမကြီးကင်ဆာအပြင်၊ ဒီအဖွဲ့ဟာ ကြွက်ဦးနှောက်ဆဲလ်တွေမှာ ထိန်းချုပ်သူတွေကို ဖော်ထုတ်ဖို့ သူတို့ရဲ့မော်ဒယ်ကို အသုံးပြုခဲ့ပါတယ်။ ဒါဟာ ဦးနှောက်မှာဖြစ်တဲ့ ကင်ဆာကို ကိုင်တွယ်ဖြေရှင်းဖို့ ဖြစ်နိုင်ခြေ လမ်းသစ် ပေါ်လာနိုင်ပါတယ်။
ဒီသုတေသနကို ဦးဆောင်ခဲ့တဲ့ ပါမောက္ခ Kwang-Hyun Cho က "ဒီသုတေသနဟာ ကင်ဆာကုသမှုနယ်ပယ်အတွက် အယူအဆ အသစ်တွေကို မိတ်ဆက်ပေးပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
ဒီနည်းလမ်းသာ အောင်မြင်ပြီး ကင်ဆာအမျိုးမျိုးအတွက် ဘေးကင်းစိတ်ချရတဲ့ ကုသရေး နည်းတွေ ပေါ်ပေါက်လာခဲ့ရင် ကင်ဆာဆိုတာ အဲ့လောက်ကြောက်စရာ ရောဂါ မဟုတ်တော့ပါဘူး။ ထုံးစံအတိုင်း။ကျနော်တို့ လူသားတွေ ကင်ဆာကို ကျော်လွှားနိုင်မလား ဆိုတာ ဆက်လက်စောင့်မျှော်ကြည့်ကြရဦးမှာပါ။
No comments:
Post a Comment