■ တော်လှန်ပိုက်ဆံ
အမေရိကန်၏ စူပါပါဝါဖြစ်မှုဟာ စစ်ရေးအင်အားနှင့်ဒစ်ပလိုမေစီ သပ်သပ်ကြောင့်မဟုတ်ပဲ အမေရိကန်ဒေါ်လာ ( US Dollar ) ရဲ့အခန်းကဏ္ဍကလည်း အခရာတခုဖြစ်တယ် ။
နိုင်ငံတကာဗဟိုဘဏ်တွေရဲ့ အရံငွေကြေး ( Foreign Exchange Reserces ) ထက်ဝက်ကျော်ခန့်ဟာ အမေရိကန်ဒေါ်လာဖြင့် ကိုင်ထားတာဖြစ်ပြီး စွမ်းအင်နှင့်ရေနံအပါအဝင် အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးရဲ့ ငွေပေးခြေမှုတွေမှာလည်း အမေရိကန်ဒေါ်လာကို အသုံးပြုကြတယ် ။ သည်အရေးပါတဲ့ အမေရိကန်ဒေါ်လာကို အမေရိကန်ဗဟိုဘဏ်ကထိန်းချုပ်ထားတာမို့ အခြားနိုင်ငံတွေကို လွှမ်းမိုးနိုင်တယ် ၊ သြဇာရှိတယ် ၊ စီးပွားရေးပိတ်ဆို့တဲ့ ဆန်ရှင်လုပ်လို့ရတယ် ။ စျေးကွက်ထဲ လည်ပတ်နေတဲ့ " ငွေကြေးတခုကို ထိမ်းချုပ်ထားနိုင်ခြင်းရဲ့ တန်ခိုးအစွမ်း " ကိုတွေ့နိုင်တယ် ။
▪︎ ဤမျှအရေးပါတဲ့ ငွေကြေးတွေကို ဘာနဲ့အာမခံထားသနည်း ။ မည်သည့်အရာ ( Assets or Physical Commodities ) နှင့်မျှ ထောက်ခံ/ အာမခံထားခြင်း ( ဥပမာ - ရွှေပေါင်ထားခြင်း ) မရှိပါ ။ တချိန်က ရွှေပေါင်ထားခဲ့သည့် စနစ်ရှိခဲ့သော်လည်း ပထမကမ္ဘာစစ်ကြီးအပြီး ထိုစနစ်ပျက်သွားခဲ့တယ် ။ လက်ရှိမှာ နိုင်ငံတနိုင်ငံ၏ အစိုးရတရပ်က ထုတ်ဝေသည့်ငွေကြေး ဟူသည့် တချက်တည်းဖြင့် ယုံကြည်စိတ်ချစွာ အသုံးပြုကြခြင်းဖြစ်တယ် ။ သည်ငွေကြေးတွေ အားလုံးကို Fiat Money ဟု ခေါ်ပါတယ် ။ အမေရိကန်ဒေါ်လာ ၊ မြန်မာကျပ် စတဲ့ ငွေကြေးအားလုံးဟာ Fiat Money တွေပါ ။ အစိုးရ ဗဟိုဘဏ်တွေဟာ ငွေကြေး ( Fiat Money ) ကို မည်မျှရိုက်ထုတ်မလဲကို ဆုံးဖြတ်နိုင်တယ် ။ များများရိုက်ထုတ်လျှင် ငွေတန်ဖိုးကျဆင်းတယ် ။ ဒါကိုထိန်းညှိဖို့ အတိုးနှုန်းအတင်အချ ၊ နိုင်ငံခြားအရံငွေတွေ ထုတ်ရောင်းတာမျိုး အစရှိတဲ့ နည်းတွေရှိသေးတယ် ။
တိုတိုပြောရလျှင် " နိုင်ငံသားတွေလက်ဝယ်က ငွေကြေးတန်ဖိုး ၊ စီးပွားရေးလုပ်ငန်းတွေကို ကံကြမ္မာကို ဗဟိုဘဏ်က ဆုံးဖြတ်နိုင်တယ် " ။ ပြည်သူတွေ ကိုင်ထားတဲ့ ငွေကြေးတွေဟာ " ယုံကြည်မှု / Faith " တခုတည်းနဲ့ ကိုင်ထားရတာလည်း ဖြစ်တယ် ။
▪︎ CBDC ဆိုကတော့ အစိုးရဗဟိုဘဏ်က ဖန်တီးတဲ့ ဒစ်ဂျစ်တယ်ငွေကြေး ( Central bank digital currency ) ဖြစ်ပြီး Stablecoin တွေလိုပဲ Fiat Money ငွေကြေးတန်ဖိုး ဒဲ့ချိတ်ဆက်ထားတယ် ။ ဒါပေမယ့် အစိုးရဗဟိုဘဏ်က တိုက်ရိုက်ထုတ်တာဖြစ်လို့ Fiat Money နဲ့ အသွင်တူတယ် ။ ငွေကြေးမည်မျှ ဖန်တီးမလဲကို ဗဟိုဘဏ်က ဆုံးဖြတ်နိုင်တယ် ။
တော်လှန်ပိုက်ဆံဖြစ်တဲ့ NUGPay ရဲ့ DMMK ဟာ အဆိုပါ CBDC သဘောဆောင်တယ် ။ ။ DMMK ယူနစ်တခုဟာ ငွေတကျပ်ဖြစ်တယ် ။ ဝါဇီက ငွေဘယ်လောက်ရိုက်ထုတ်မလဲကို စကစဗဟိုဘဏ်က ထိမ်းချုပ်ထားပေမယ့် DMMK ကို NUG ဗဟိုဘဏ်ကကိုင်တွယ်ထားတယ် ။ တန်ဖိုးချိတ်ဆက်ထားခြင်းဖြင့် အားနည်းချက်က မြန်မာကျပ်ငွေ တန်ဖိုးကျလျှင် DMMK ပါ တန်ဖိုးလိုက်ကျမယ် ၊ ဒါပေမယ့် ချိတ်ဆက်ခြင်းရဲ့ခိုင်မာမှု နှင့် NUGPay ရဲ့ DMMK စနစ်ကို သုံးစွဲမှုများလာတာနှင့် အမျှ မြန်မာကျပ်ငွေရဲ့တန်ဖိုးကို လွှမ်းမိုးနိုင်စွမ်းဟာ NUGPay ကို ထိမ်းချုပ်ထားတဲ့ NUG အစိုးရလက်ထဲကို တစိတ်တပိုင်းရောက်လာမှာ ဖြစ်တယ် ။
သည်အဆင့်ကို ရောက်ဖို့လိုအပ်သည်က NUGPay စနစ်အတွင်း လည်ပတ်နေသည့် ငွေကြေးပမာဏ များပြားလာဖို့နှင့် လက်တွေ့မြေပြင်မှာ အသုံးပြုမှု ပိုမိုလာဖို့လိုတယ် ။ Kpay , AyaPay တွေ အစား NUGPay ဟာပိုမိုတွင်ကျယ်လာပြီး လွတ်မြောက်နယ်မြေ ၊ တော်လှန်ရေးတပ်ဖွဲ့ နှင့် တိုင်းရင်းသားထိမ်းချုပ်နယ်မြေတွေရဲ့ စတန်းဒက် ဒစ်ဂျစ်တယ်ငွေကြေးဟာ NUGPay ( DMMK ) ဖြစ်လာလျှင် အကျိုးများမယ် ။
■ လက်ငင်းမျက်မြင် အကျိုးအမြတ်အနေနဲ့
၁ . စကစဗဟိုဘဏ်ရဲ့ လုပ်နိုင်စွမ်းကို တန်ပြန်ထားနိုင်တယ် ။ ပြည်တွင်းမှာလည်ပတ်နေတဲ့ ငွေကြေးစနစ်ကို လွှမ်းမိုးနိုင်ခြင်းဟာ အဂ္ဂမဟာဗျူဟာမြောက် အားသာချက်ဖြစ်တယ် ။
၂ . COC ပိုမို ခိုင်မာလိမ့်မယ် ။ တပ်ရင်းတပ်ဖွဲ့တွေရဲ့ လည်ပတ်နေတဲ့ ငွေကြေးတစိတ်တပိုင်းကို ထိမ်းချုပ်ထားနိုင်ခြင်းဟာ စစ်ရေးမှာ အရေးအကြီးဆုံးဖြစ်တဲ့ Chain of Command တည်ဆောက်ရေးကို အထောက်အကူ ပြုလိမ့်မယ် ။
၃ . စကစရဲ့ ထိမ်းချုပ်စောင့်ကြည်မှုမခံရပဲ လွတ်လပ်စွာ ငွေကြေးစီးဆင်းလို့ရတယ် ။ NUGPay အကောင့်ချင်း တိုက်ရိုက်လွှဲတဲ့ Transaction ဟာ စကစရဲ့ဗဟိုဘဏ် ၊ ခရိုနီဘဏ်တွေရဲ့ ထိန်းချုပ်မှုကလွတ်တယ် ။
၄ . NUGPay Account တွေအတွက် ဖြည့်တင်းတဲ့ ငွေကြေးတွေဟာ နိုင်ငံခြားငွေကြေးတွေကနေ ပမာဏအများအပြား Exchange လုပ်လာတာမို့ သည်ပမာဏ ဟာ တော်လှန်ရေးအတွက် တိုက်ရိုက်အထောက်အကူဖြစ်တယ် ။ Account ပိုင်ရှင်ဟာ DMMK ကို လက်ခံရှိသလို တော်လှန်ရေးအတွက်လည်း ထောက်ပို့ပြီးသားဖြစ်နေတယ် ။ Exchange လုပ်လိုက်ရတဲ့ Cash ကော ၊ ရရှိတဲ့ DMMK ပါ တလရအတွက်ဖြစ်မှာမို့ ၂ သီးစားဖြစ်တယ် ။
ဒါဟာ ထင်ရှားတဲ့ အားသာချက်တချို့သာဖြစ်သေးပြီး သီအိုရီအရ သည့်ထက်အများကြီးလုပ်လို့ရတဲ့ အကွက်တွေရှိသေးတယ် ။
▪︎ NUGPay နှင့် SDB အကောင့်တွေ အသုံးပြုသူပိုမိုများဖို့ NUG ဘက်က လုပ်ဆောင်နိုင်တာက MOD အောက်က တပ်ရင်း တပ်ဖွဲ့များ ၊ အုပ်ချုပ်ရေးအဖွဲ့ ရုံးအဖွဲ့တွေ ၊ ပူးပေါင်းဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ NUGPay နဲ့ SDB Account များကို မရှိမဖြစ် ဖွင့်လှစ်စေရန် " စံ " လုပ်ထားစေချင်တယ် ။ ကိုယ်ပိုင်နံပါတ်ရှိပြီးသား တပ်သားတဦးချင်းဆီမှာလည်း NUGPay အကောင့်တခုဆီရှိနေလျှင် နောက်တဆင့် လုပ်နိုင်တာတွေရှိသေးတယ် ။
NUGPay နှင့် မြေပြင်မှာ လက်တွေ့ ရောင်းဝယ်ဖောက်ကား နေဖို့ပရိုမိုးရှင်းလိုတယ် ။ ဥပမာအားဖြင့် မိမိထိမ်းချုပ်နယ်မြေက စားသောက်ဆိုင် ၊ ကုန်ဆိုင်တွေမှာ NUGPay QR ကုဒ်ကို ပရင့်ထုတ် ကပ်ထားပြီး NUGPay နဲ့ ငွေပေးချေနိုင်တယ် ဆိုတာမျိုးက ဖြစ်လာသင့်တယ် ။
အရပ်သားတွေ အနေနဲ့ကတော့ စကစရဲ့ ကျပ်ငွေအပေါ်ချုပ်ကိုင်ထားနိုင်မှုကို လျော့ချပြီး မိမိတို့၏အစိုးရလို့ ယုံကြည်တဲ့ အဖွဲ့အစည်းထံ ဗဟိုဘဏ်တခုရဲ့ လုပ်နိုင်စွမ်းကို ရရှိစေဖို့ NUGPay အသုံးပြုပေးခြင်းဖြင့် ကူညီနိုင်တယ် ။ အမေရိကန်ဒေါ်လာကို ထိမ်းချုပ်နိုင်စွမ်းနှင့် စူပါပါဝါ ဖြစ်စေနိုင်သလို NUGPay ရဲ့ လုပ်နိုင်စွမ်းဟာ လယ်ဗယ်မြင့်လွန်းတယ် ။
" ငါတို့ ငွေကြေးစနစ် ငါတို့ပိုင်တယ် "
မိမိတို့ရဲ့ တော်လှန်ရေးငွေကြေးစနစ်ပေါ် " Faith / ယုံကြည်မှု " ရှိတယ်လို့ ယုံကြည်မိတယ် ။
NUGPay Application ကို iOS စနစ်သုံးဖုန်းများအတွက် ရယူရန် : https://apps.apple.com/de/app/nugpay/id1635551833?l=en-GB
NUGPay Application ကို Android စနစ်သုံးဖုန်းများအတွက် ရယူရန် : https://play.google.com/store/apps/details...
NUGPay Facebook : https://www.facebook.com/nugpaymyanmar
■ နောက်ဆက်တွဲ
Fiat Money နှင့်အပြိုင် အသုံးပြုလာကြတဲ့ Crypo-Currencies တွေကြတော့ ဗဟိုဘဏ်တွေရဲ့ ထိမ်းချုပ်မှုကနေ လွတ်ကင်းတယ် ။ ဒါပေမယ့် Crypto ငွေကြေးပမာဏတွေကို အနှိုင်းအဆမရှိ လွယ်လွယ်နဲ့ ဖန်တီးရင် ငွေကြေး တန်ဖိုးမဲ့သွားနိုင်တာမို့
" Proof of Work သို့မဟုတ် Proof of Stake " ကိုအခြေခံပြီး Crypto ငွေကြေးတခုချင်းဆီပေါ် သုံးစွဲသူတွေရဲ့ ယုံကြည်မှုရှိအောင် လုပ်ထားရတယ် ။
Crypto ငွေကြေးတွေထဲမှာ Fiat Money တွေရဲ့တန်ဖိုးနဲ့ ချိတ်ဆက်ထားတာဟာ Stablecoin တွေဖြစ်တယ် ။ Stablecoin တွေကို ဗဟိုဘဏ်က ထုတ်ပေးတာမဟုတ်ပေမယ့် ဥပမာအားဖြင့် USDT တခုဟာ အမေရိကန်ဒေါ်လာတခုနဲ့ ညီတယ် ။ Stabecoin တွေကို လိုသလောက် ဖန်တီးပြန်လျှင် ယုံကြည်မှုပျက်မှာမို့ တန်ဖိုးနဲ့ညီမျှတဲ့ Assets တွေနဲ့ Backing လုပ်ထားရတယ် ။
" တန်ဖိုးတူချင်းဟု ချိတ်ထားပေမယ့် အစိုးရဗဟိုဘဏ်ထုတ် ငွေကြေးဟာ Assets အပေါင်ထားစရာမလိုဘူး ၊ Stablecoin ကလုပ်ဖို့ လိုအပ်တယ် "
CBDC တွေကတော့ အစိုးရကိုယ်တိုင်က ဖန်တီးတာဖြစ်လို့ Stablecoin လိုလိုက်လုပ်စရာမလိုပဲ Fiat Money နှင့် သဘောတရားတူတယ် ။
NUGPay နှင့် Spring Development Bank ( SDB ) ၂ခုက သဘောတရားမတူဘူး ။ NUGPay ဟာ ဒစ်ဂျစ်တယ်ငွေကြေးတခုရဲ့ Wallet ဖြစ်ပြီး SDB က ဘဏ်ဖြစ်တယ် ။ ဘဏ်ဖြစ်တာမို့ ဘဏ်တခုရဲ့ လုပ်ထုံးလုပ်နည်း စည်းကမ်းတွေကို လိုက်နာရတယ် ။ အားသာချက်ကိုယ်စီရှိပြီး ၂ မျိုးလုံးလိုအပ်တယ် ။ NUGPay စနစ်မှာ ကိုယ့်လက်ကိုယ့်ခြေနဲ့ အပြည့်အဝပိုမိုထိမ်းချုပ်နိုင်တယ် ။
Augustus Linn
No comments:
Post a Comment