ကျောက်မီးသွေးကနေ မွေးမြူရေးအစာ ထုတ်နိုင်မလား။
#ခိုင်ကြည်သစ် စုစည်းတင်ပြသည်။
တရုတ်တွေက ကျောက်မီးသွေးကနေ အီသနောလ် ထုတ်ပါတယ်။ နှစ်ဆန်းပိုင်းက အန်းဟွေ့ပြည်နယ်မှာ တစ်နှစ်ကို အီသနောလ် တန်ချိန် ၆၀၀,၀၀၀ လောက်ထွက်မယ့် Coal to Ethanol စက်ရုံ စပြီး လည်ပတ်ပါတယ်။ ကမ္ဘာပေါ်မှာ အကြီးဆုံး အီသနောလ်စက်ရုံလို့ ဆိုပါတယ်။
အမေရိကန်က အီသနောလ် ကို ပြောင်းကနေ အဓိက ထုတ်ပါတယ်။ ပိုပြီး sustainable ဖြစ်တယ် လို့ ဆိုကြတယ်။ ကျောက်မီးသွေးနဲ့ နှိုင်းယှဉ်ရင် ပြောင်းက Renewable ပို ဖြစ်တယ်ပေါ့။
အမေရိကန်နဲ့ ဘရာဇီးလ်က သီးနှံကနေ အီသနောလ် ထုတ်ရာမှာ ထိပ်တန်းနိုင်ငံတွေပဲ။ တစ်ကမ္ဘာလုံး ထုတ်လုပ်မှုရဲ့ ၉၀ ရာခိုင်နှုန်းလောက် ရှိတယ်။
ဒါပေမယ့် တရုတ်က အမေရိကန် မိုဒယ်လ်နဲ့ အဆင်မပြေပါဘူး။ အကြောင်းက ကောက်ပဲသီးနှံဟာ တရုတ်အတွက် အရေးကြီးတဲ့အတွက် လောင်စာအတွက် လွယ်လွယ် မသုံးပစ်နိုင်လို့ပဲ။
တရုတ်က လူဦးရေများပြီး၊ လူတစ်ယောက်ချင်းအတွက်ရတဲ့ စိုက်ပျိုးမြေနဲ့ ရေအရင်းအမြစ်က အမေရိကန်ထက် အများကြီး နည်းပါတယ်။ ဒါကလည်း အချက်တစ်ချက်ပါ။
နောက်တစ်ချက်က တရုတ်ရဲ့ အီသနောလ် လိုအပ်ချက်က သိပ်များပါတယ်။ ပြီးခဲ့တဲ့ နှစ်ထဲမှာ တရုတ်လည်း အမေရိကန်နည်းအတိုင်း ပြောင်းကနေ အီသနောလ် ထုတ်ခဲ့တာပါပဲ။ အီသနောလ် တန်ချိန် ၂.၇ သန်းလောက် ထွက်တယ်လို့ ဆိုတယ်။ ဒါပေမယ့် လိုအပ်ချက်ပြည့်မီဖို့ နောက်ထပ် အီသနောလ်တန်ချိန် ၁၀ သန်းလောက် ထပ်လိုတယ်။ ဒီတော့ ပြည်ပက တင်သွင်း ခဲ့ရတယ် ဆိုပါတော့။
ဒါကြောင့် တရုတ်အနေနဲ့ ပြည်တွင်းမှာ အီသနောလ် ထွက်နိုင်မယ့် နည်းလမ်းတွေ ရှာနေတာ အတော်ကြာပါပြီ။ အာဖရိကက တက္ကသိုလ်တွေနဲ့ ပေါင်းပြီး သုတေသနတွေ လုပ်နေခဲ့တာ အတော်စောစောကတည်းကပါ။
တစ်ဖက်မှာက တရုတ်မှာ ကျောက်မီးသွေး ပေါပေါများများ ထွက်ပါတယ်။ ဒီတော့ စားနပ်ရိက္ခာကို ချွေတာပြီး၊ အခြားတစ်ဖက်မှာ ပြည်ပက တင်သွင်းရတဲ့ အီသနောလ် ကို ကျောက်မီးသွေးက ထုတ်ဖို့ ဖြစ်လာပါတယ်။ အန်းဟွေ့က စက်ရုံကြောင့် အီသနော်လ်အတွက် ကုန်ကျမယ့် သီးနှံ တန်ချိန် သန်းနဲ့ချီပြီး ချွေတာနိုင်မယ်လို့ ဆိုပါတယ်။
ကျောက်မီးသွေးကနေ အီသနောလ် ထုတ်ဖို့ ပထမအဆင့်အနေနဲ့ ကျောက်မီးသွေးကို Gasification လုပ်ရပါတယ်။ ကျောက်မီးသွေးကို လေလုံပိတ်ပြီး အပူပြင်းပြင်း(၁၁၀၀ ဒီဂရီ စင်တီဂရိတ် အထက်) ပေးတာပါပဲ။ အောက်ဆီဂျင် မရှိတဲ့ ပတ်ဝန်းကျင်အခြေအနေက ကျောက်မီးသွေးထဲမှာ ရှိနေတဲ့ ကာဗွန် (Carbon) တွေကို ရိုးရှင်းတဲ့ ဓာတုဖွဲ့စည်းပုံတွေ ဖြစ်အောင် ပြောင်းပေးတယ်။ အတိုချုပ်ပြောရရင် Gasification လုပ်လိုက်တဲ့အတွက် Coke oven gas ထွက်လာတယ်။ အဲဒီကနေ မက်သနောလ် ရတယ်။ မက်သနောလ်ကို ထပ်ဆင့်ပြုပြင် ထုတ်လုပ်တဲ့အခါ အီသနောလ် ရပါတယ်။
ဆိုတော့ တရုတ်အနေနဲ့ ကျောက်မီးသွေးကနေ အီသနောလ် အမြောက်အများ ထုတ်တော့မယ် ဆိုတာ သေချာနေပြီ။ မထူးဆန်းလှဘူး။
ဒါပေမယ့် ကျောက်မီးသွေးကနေ အီသနောလ် ထုတ်လုပ်ရင်း နောက်ဆက်တွဲတွေ့လာရတာက မွေးမြူရေးအစာအတွက် အသားဓာတ် အစာကုန်ကြမ်းကို ကျောက်မီးသွေးကနေ ထုတ်နိုင်မယ် ဆိုတဲ့ အချက်ကတော့ မွေးမြူရေးသမားတွေအတွက် စိတ်ဝင်စားစရာကောင်းပါတယ်။ တရုတ်နိုင်ငံ သိပ္ပံအကယ်ဒမီ (Chinese Academy of Science - CAS) က အဲဒီကိစ္စကို ထုတ်ပြောလာတာပါ။
မွေးမြူရေး ဆိုတာ လူတွေစားသုံးလို့ မရတဲ့ တန်ဖိုးနိမ့် အစာတွေကို လူတွေ စားသုံးနိုင်တဲ့ အာဟာရပြည့်၊ တန်ဖိုးမြင့် အစားအစာ (အသားဓာတ်) တွေ အဖြစ် ပြောင်းလဲပေးတဲ့ တန်ဖိုးမြှင့်ထုတ်လုပ်ရေး လုပ်ငန်း တစ်ရပ်ပါ။ ဒါပေမာ့် မမေ့ရမယ့် အချက်တစ်ခုကတော့ တိရစ္ဆာန်တွေဟာလည်း လူတွေလိုအပ်တဲ့ အာဟာရဓာတ်တွေ (အသားဓာတ်၊ အင်အားဓာတ်၊ အဆီ၊ ဗီတာမင်၊ သတ္တုဓာတ် စသဖြင့်) ကို လိုအပ်တာ် ဆိုတဲ့အချက်ပါ။ အရေးအကြီးဆုံး အာဟာရဓာတ်ကတော့ အသားဓာတ် (ပရိုတင်း - Protein) ပါ။ မွေးမြူရေးလုပ်ငန်းဟာ အဆင့်မြင့် အသားဓာတ် ထုတ်လုပ်တဲ့ လုပ်ငန်းဖြစ်တာမို့ မွေးမြူရေးတိရစ္ဆာန်တွေအတွက် အစာထဲမှာ အဆင့်နိမ့်တဲ့ အသားဓာတ်ကုန်ကြမ်း တွေ အမြောက်အများ လိုအပ်ပါတယ်။
ပဲပုပ်ဖတ်၊ ငါးပေါင်းမှုန့်၊ စသည်ဖြင့် အသားဓာတ်အရင်းအမြစ် အစာကုန်ကြမ်းတွေ အများအပြား ရှိပြီး ဈေးလည်း ကြီးကြပါတယ်။ အစာထုတ်လုပ်သူတွေဟာ ဈေးသက်သာပြီး အသားဓာတ်မြင့်တဲ့ အစာအရင်းအမြစ်တွေကို အပြိုင် ရှာဖွေကြရပါတယ်။
ဒီလိုအခြေအနေမှာ တရုတ်နိုင်ငံ သိပ္ပံအကယ်ဒမီ ရဲ့ တွေ့ရှိမှုက အတော်လေး စိတ်လှုပ်ရှားစရာပါ။ ပညာရှင်တွေက ကျောက်မီးသွေးကို Gasification ပြုလုပ်ပြီး ထွက်လာတဲ့ မက်သနောလ် ကို Pichia pastor is မျိုးစိတ်ဝင် တစေးတွေထဲက အထူးရွေးချယ်ထားတဲ့ မျိုးကွဲ (strain) တွေကို ကျွေးပါးတယ်။ အဲဒီ တစေးလ်ကို သုတေသနပညာရှင်တွေက မျိုးဗီဇပြုပြင်ပြောင်းလဲပြီး ထုတ်လုပ်ထားတာပါ။
တစေးတွေက မက်သနောလ်ကို အချဉ်ဖောက် (fermentation) ပြီး ဆဲလ်တွေ ထုတ်လုပ်ပွားများပါတယ်။ အဲဒီဆဲလ်တွေဟာ အသားဓာတ် (အမိုင်နိုအက်ဆစ်) တွေ ကြွယ်ဝတဲ့အပြင်၊ ဗီတာမင်တွေ၊ ဓာတ်ဆားတွေ၊ အဆီနဲ့ ကာဗိုဟိုရ်ဒြိတ်တွေပါ ပါဝင်တယ်လို့ ဆိုပါတယ်။
အသားဓာတ် (Crude Protein - CP) ပါဝင်မှုက ၆၇ .၂ ရာခိုင်နှုန်းအထိ မြင့်မားတယ်လို့ သိရပါတယ်။ ဒါဟာ လက်ရှိ အသုံးများတဲ့ အသားဓာတ်အရင်းအမြစ်တွေထက် သာလွန်တဲ့ အနေအထားပါ။
ကျောက်မီးသွေးက ထုတ်လုပ်တဲ့ အသားဓာတ်အရင်းအမြစ် မွေးမြူရေးအစာကုန်ကြမ်းဟာ စီးပွားဖြစ် ထုတ်လုပ်လာနိုင်မှာလား၊ လက်ရှိ အသားဓာတ် အစာကုန်ကြမ်းတွေကို အစားထိုးလာနိုင်မှာလား၊ မွေးမြူရေးကဏ္ဍအပေါ် ဘယ်လို သက်ရောက်မှု ရှိနိုင်သလဲ၊ စီးပွားရေးအရ တွက်ချေကိုက်မှုက ဘယ်လိုလဲ၊ sustainable ဖြစ်ရဲ့လား၊ အခြားပညာရှင်တွေထံက ဘယ်လို ဝေဖန်မှုတွေ ထွက်လာနိုင်သလဲ ဆိုတာတွေကိုတော့ စောင့်ကြည့်ကြရဦးမှာပါ။
ဘယ်လိုဖြစ်ဖြစ် နည်းပညာတွေဟာ တဖြည်းဖြည်း နီးကပ်လာသလို၊ industry တွေဟာလည်း အပြန်အလှန် မှီခိုလာနေတာကတော့ သေချာပါတယ်။ ကျောက်မီးသွေးကနေ မွေးမြူရေးအစာ ထုတ်နိုင်လာရင်၊ မွေးမြူရေးကဏ္ဍဟာ စိုက်ပျိုးရေးကဏ္ဍနဲ့သာမက စွမ်းအင်ကဏ္ဍ၊ သတ္တုတွင်းကဏ္ဍတွေနဲ့ပါ ဆက်စပ်လာတော့မှာပါ။
No comments:
Post a Comment