ဒီနေ့ ဖတ်လိုက်ရတဲ့ နောက်ဆုံးသတင်းတွေအရ ထိုင်းတစ်ဘတ်ဟာ မြန်မာကျပ် ၁၂၂ နဲ့ ညီမျှပါသတဲ့။
ထို့အတူ နိုင်ငံတကာငွေကြေးဈေးကွက် ချိတ်ဆက်မှုအရ ရွှေဈေးနဲ့ ဒေါ်လာဈေးလည်း မိုးကောင်းကင်ယံအထိ အမြင့်ဆုံးဆီကို ပျံတက်သွားပါတယ်။
ကျွန်တော်ထိုင်းကို ရောက်ခါစ လွန်ခဲ့သော အနှစ်၂၀၊ ၂၀၀၄ မှာ ထိုင်းတစ်ဘတ်ဟာ မြန်မာကျပ်ငွေ ၂၁နဲ့ ညီမျှခဲ့ပါတယ်။
ထုံးစံအတိုင်း မြန်မာ့စီးပွားရေးစနစ်ဟာ ဦးနေဝင်း အာဏာသိမ်းတဲ့အချိန်ကနေ အစပြုပြီး ကာလတာရှည် တစ်စတစ်စ ထိုးဆင်းလာလိုက်တာ မအလ အာဏာသိမ်းတဲ့ သုံးနှစ်တာကာလဟာ အဆိုးတကာ့ထိပ်ခေါင်ပါပဲ။
ကိန်းဂဏန်းနဲ့ ပြောမယ်ဆိုရင် မြန်မာကျပ်ငွေဟာ အနှစ် ၂၀ အတွင်း ၆၀၀ ရာခိုင်နှုန်း ထိုးဆင်းသွားပါတယ်။ ဒါဟာ ကမ္ဘာပေါ်မှာ ငွေကြေးဖောင်းပွမှု အဆိုးဆုံး ညွှန်းကိန်းလို့ထင်ပါတယ်။
သာမန်အရပ်သား နားလည်လွယ်အောင် ပြောရရင် လွန်ခဲ့တဲ့ အနှစ် ၂၀က ဆန်တပြည်ဈေးနှုန်းဟာ ၆ဆ မြင့်တက်လာတဲ့ သဘောပါပဲ။ ဟိုတုန်းက ၁၀၀၀ ကျပ်ဆိုရင် အခု ၆၀၀၀ ကျပ်ပေါ့။
အချို့သော နိုင်ငံရပ်ခြားမှာ အနေကြာ အထိုင်ကျနေသူတွေကတော့ ငါတို့လက်ထဲက နိုင်ငံငွေတွေဟာ မြန်မာငွေတွေ အများကြီး ရပြီ ဆိုပြီး ဝမ်းသာလုံးဆို့နေတာလည်း ရှိကောင်း ရှိနိုင်ပါတယ်။
သေချာသတိပြုရမဲ့ အချက်က အဲဒီငွေကြေးဖောင်းပွမှုရဲ့ ဂယက်ဟာ အာဏာရှင်နဲ့ သူ့အစွယ်အပွားတွေကို လုံးဝလုံးဝ မထိခိုက်ပါဘူး။ ဒင်းတို့က ခိုးထားဝှက်ထားသမျှ အရာအားလုံးကို နိုင်ငံခြားဘဏ်တွေမှာ တိတ်တဆိတ် သိုဝှက်ထားပြီးနေပါပြီ။
ဒါကြောင့် အခုလို ရုပ်ပျက်ဆင်းပျက် ငွေကြေးဖောင်းပွမှု ဒါဏ်ကို ခါးစည်းခံကြရတာက တစ်နေ့လုပ် တစ်နေ့စား၊ တောင်သူလယ်လုပ် ဓားမခုတ် ဘဝနဲ့ရုန်းကန်နေကြရတဲ့ မြန်မာနိုင်ငံသား အောက်ခြေလူတန်းစားတွေပါပဲ။
ဒါကြောင့် ကျွန်တော်တို့အားလုံးဟာ လက်ရှိတော်လှန်ရေးကို အမြန်ဆုံး အောင်နိုင်ဖို့ ဝိုင်းဝန်းအားထုတ်ကြဖို့ လိုပါတယ်။
တော်လှန်ရေးအောင်မြင်ပြီးမြောက်တဲ့ တစ်နေ့မှာအာဏာရှင်ဆွေစဉ်မျိုးဆက် အားလုံးနဲ့ သူ့အဆွယ်အပွားတွေရဲ့ ပိုင်ဆိုင်မှု ဥစ္စာဓနတွေကို ပြန်လည်သိမ်းဆည်းပြီး နင်းပြားလူတန်းစားတွေအကျိုးစီးပွားအတွက် ပြန်လည် မျှဝေကြရမယ်။
ပြည်သူ့ဥစ္စာ ပြည်သူတွေ ခံစားခွင့် ရှိရမယ်။ ဒါဟာ ဆင်းရဲသားထု အမှန်တကယ်ပြန်ပြီး ရသင့်ရထိုက်တဲ့ ရင်းစားဖြစ်တယ်။
Credit to:

No comments:
Post a Comment