ရေဝက်ဝံလို့လည်းခေါ်ကြသလို ရေညှိဝက်ပေါက်ကလေး လို့လည်း ခေါ်ကြတယ်။ သိပ္ပံလိုတော့ ထားဒီဂရိတ် (Tardigrade) တဲ့ (Phylum Tardigrada)။ တကမ္ဘာလုံးမှာ Tardigrade အမျိုးစားပေါင်း ၁၃၀၀ ခန့်ရှိတယ်ဆိုပါတယ်။ အရွယ်အစားအရဆိုရင် ၁ မီလီမီတာအောက် ပဲရှိကြတယ်။ မိုက်ခရိုစကုပ်နဲ့မှ မြင်ရတယ်။ ပုံမှာပြထားတယ်။ ခြေထောက် (၈) ချောင်းပါတယ်။ အများစုက ရေညှိရေမှော်တွေအပေါ်နေကြသလို ပန်းပွင့်တဲ့ အပင်တွေနဲ့ သဲသောင်တွေပေါ်မှာလည်း နေကြတယ်။ ရေချိုမှာရော ရေငန်မှာပါ နေထိုင်ကြတယ်။
ခေါင်းပိုင်းက သိသာပြီး ခန္ဓာကိုယ်က အဆစ်ပိုင်း (၄) ခုပါတယ်။ ထူးခြားတာက သွေးလည်ပတ်ဖို့နဲ့ အသက်ရှုဖို့ သီးခြား နှလုံးသွေးကြော တို့ အဆုတ်တို့ မပါဘူး။ တချို့က အသီးရွက်စားပြီး အချို့ကတော့ သားကောင်ဖမ်းစားတယ်။ လိင်ရှိအနေနဲ့ရော လိင်မဲ့အနေနဲ့ပါ မျိုးပွားကြတယ်။
ဒီကောင်ထူးခြားတာက အပူချိန် အင်မတန်နိမ့်နေတဲ့ အချိန်တွေမှာလည်း အသက်ရှင်နိုင်တယ်၊။ အဲ့လို ဖြစ်ပြီဆိုရင် သူ့ခန္ဓာကိုယ်ကြီးက လုံးဝခြောက်သွေ့သွားပြီး အသက်မရှိတော့တဲ့ ဘောလုံးခြောက်တလုံးလို ဖြစ်သွားတယ်။ အဲ့လိုအခြေအနေမှာ သူ့ရဲ့ အတွင်းက ဇီဝရုပ်ဖြစ်ပျက် (metabolism) အခြေအနေ က ပုံမှန်ထက် ၀.၀၁ ရာခိုင်နှုန်းအထိ နှေးသွားတယ်။ အဲ့ပုံစံနဲ့ ဆယ်စုနှစ်ချီကြာတဲ့အထိ အသက်ရှင်နေနိုင်တယ်။ သူတို့သက်တမ်းက အနှစ် ၆၀ ဝန်းကျင်ရှိတယ်။
ပြီးတာနဲ့ သူတို့ကို ဖန်လုံဘူးထဲ (၈) ရက်ထား၊ ဟီလီယံဓာတ်ငွေ့ကို အခန်းတွင်းအပူချိန်နဲ့ (၃) ရက်ထားပြီး အပူချိန် အနှုတ် ၂၇၂ ဒီဂရီ စင်တီဂရိတ်မှာ နာရီများစွာကြာအောင် ထိတွေ့ပေးလိုက်ရင် နဂိုအတိုင်း အသက်ပြန်ရှင်လာရော။ အတော်ထူးဆန်းတဲ့အကောင်ပဲ။ သူက အာကာသထဲမှာတောင် ရှင်သန်နိုင်တဲ့ သက်ရှိဆိုပြီး နာမည်ကြီးတယ်။ နျူကလီးယား ဓာတ်ရောင်ခြည်သင့်ရင်တောင် ခံနိုင်ရည်ရှိတယ် ဆိုပါတယ်။
ဆိုတော့ ဒီကောင် ဘာ့ကြောင့် ဒီလို ကြမ်းတမ်း ခက်ခဲတဲ့ ပတ်ဝန်းကျင်မှာ တောင့်ခံရှင်သန်နိုင်ရသလဲ ဆိုတာကို ဇီဝနည်းပညာရှင်များက စိတ်ဝင်တစားရှာဖွေကြတယ်။ သက်ရှိတကောင် အနေနဲ့ သူ့ကျမှ ဘာလို့ ဒီလိုအစွမ်းသတ္တိတွေရှိနေရသလဲ ဆိုတာ သိဖို့ သူ့ မျိုးဗီဇကြီးကို အသေးစိတ်လေ့လာကြတယ်။
အဲ့မှာ လက်သွက်ခြေသွက်ရှိဆုံးက တရုတ်ကြီးပေါ့။ ပြီးခဲ့တဲ့ ၂၀ ရာစုတုန်းက အမေရိကဟာ အာကာသ နည်းပညာ၊ နျူကလီးယား နည်းပညာတို့ကို ရုရှားတို့နဲ့ အပြိုင်ကြဲခဲ့ရပြီး ဒီဘက် ၂၁ ရာစုမှာတော့ ဇီဝနည်းပညာ တို့ ဉာဏ်ရည်တု နည်းပညာတို့ကို တရုတ်ကြီးနဲ့ အပြိုင်ကြဲရမယ့် အနေအထားပါ။
အခုလည်းတရုတ် တပ်မတော်က ဆေးသုတေသန ပညာရှင်အုပ်စုက အထက်က ပြောခဲ့တဲ့ Tardigrade ရဲ့ ခံနိုင်ရည်ရှိတဲ့ မျိုးဗီဇကို လူရဲ့ သန္ဓေသားလောင်း မူလဆဲလ် (Embroynic Stem Cell) ထဲ ထည့်သွင်းပြီး လူတွေမှာလည်း ခံရည်ရှိအောင် လုပ်ဖို့ ကြိုးပမ်းကြတာပါ။ အဓိက က ဒီကောင်ရဲ့ ဗီဇက ပြင်ပကရောဂါအချို့နဲ့ နျူကလိယား ဓာတ်ရောင်ခြည်တွေ ထိတွေ့တဲ့အခါ သူ့ဆဲလ်အတွက် ဒိုင်းကာလိုမျိုး ပရိုတိန်းထုတ်ပြီး ကာကွယ်ပေးတာပါ။
ဘေဂျင်းမှာရှိတဲ့ တရုတ်တပ်မတော်ဆေးသိပ္ပံက ဓာတ်ရောင်ခြည် ဇီဝနည်းပညာ ဓာတ်ခွဲခန်းမှာ ပါမောက္ခ Yue Wen က ဦးဆောင်ပြီး စမ်းသပ်မှုပြုလုပ်ခဲ့တာပါ။ လူသားရဲ့ ကနဦး သန္ဓေသားလောင်း မူလဆဲလ် ကို ဓာတ်ခွဲခန်းထဲမှာ မွေးမြူပြီး ရေဝက်ဝံ (ထားဒီဂရိတ်) ရဲ့ အကာကွယ်ပေးတဲ့ ဗီဇကို ဖြတ်ထည့်ပေးတာပါ။ ထုံးစံအတိုင်း CRISPR/Cas9 ဗီဇတည်းဖြတ်ပြုပြင်ရေး ကိရိယာကို သုံးပြီး လုပ်ကြတာပေါ့။
ခက်တာက ရေဝက်ဝံ (ထားဒီဂရိတ်) နဲ့ လူနဲ့ ဗီဇခြင်းက မတူကြဘူး။ ဒီလိုဖြတ်ထည့်လို့ အခန့်မသင့်ရင် ထည့်ခံရတဲ့ လူသားဆဲလ်မှာ ဒုက္ခပေးနိုင်တဲ့ ဗီဇအထွန်းတွေ (mutation) ဖြစ်ပေါ်နိုင်သလို၊ ဆဲလ်က သေသွားတာတောင် ဖြစ်နိုင်ပါသေးတယ်။ ဆဲလ် ကို အကာကွယ်ပေးတဲ့ ပရိုတိန်းထုတ်တဲ့ ဗီဇ ဆိုတာကလည်း လက်ရှိ ဒီအကောင် မှာပဲ ပါရှိတာကိုး၊ဆိုတော့ လူ့ဆဲလ်ထဲ ထည့်လိုက်ရင် ခုခံအားစနစ်က တုန့်ပြန်တိုက်ခိုက်တာမျိုး ပြသနာကလည်း ရှိနေပြန်တယ်။ ရှေ့တုန်းက မတူတဲ့ ဗီဇတွေအကြား အခုလို ထည့်ကြည့်တော့လည်း မအောင်မြင်တာမျိုးကလည်း ရှိဖူးတာကိုး။
ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ သူတို့ စမ်းလိုက်တော့ လူ့ဆဲလ်က ရေဝက်ဝံရဲ့ ဗီဇကို လက်ခံတုန့်ပြန်တာ တွေ့လိုက်ရတယ်။ အဲ့ဒီပြုပြင်ထားတဲ့ သန္ဓေသားလောင်း မူလဆဲလ်ကို သေစေလောက်တဲ့ ဓာတါရောင်ခြည်နဲ့ ထိတွေ့ပေးတဲ့အခါမှာလည်း အံ့ဩစရာကောင်းလောက်အောင်ပဲ ဆဲလ်က မသေဘဲ ခံနိုင်ရည်ရှိနေတာ တွေ့ရတယ်ဆိုပါတယ်။
အဲ့ဒီကနေ ပွားလာတဲ့ ဆဲလ်တွေကို စစ်ဆေးကြည့်တော့လည်း ဗီဇအထွန်း ဖြစ်တာမျိုး မတွေ့ရပြန်ဘူး။ လူ့ဆဲလ်ကို မထိခိုက်တဲ့အပြင် ဆဲလ်ကွဲပွားတာမှာလည်း တချို့နေရာတွေမှာ ပိုကောင်းနေတယ်။ ဆိုတော့ သူတို့တွေ နောက်တဆင့်တက် စမ်းသပ်ကြမယ်ပေါ့။
သူတို့က အနာဂတ်မှာ ဒီလိုမျိုး ရေဝက်ဝံရဲ့ ခံနိုင်ရည်ရှိတဲ့ ဗီဇ ထည့်ပြုပြင်ပြီးသား သန္ဓေသားလောင်း ဆဲလ်ကို သွေးဆဲလ်အဖြစ် ပြောင်းလဲယူကြမယ်။ ပြီးတာနဲ့ ရိုးတွင်းချဥ်ဆီ (bone marrow) ထဲမှာ ထည့်သွင်းလိုက်ရင် နျူကလီးယား ဓာတ်ရောင်ခြည်သင့်တာကို ခံနိုင်ရည်ရှိတဲ့ သွေးဆဲလ်တွေ ပွားလာမယ်ပေါ့၊
သူတို့အဆိုအရတော့ စစ်သားတွေ၊ အရပ်သားတွေ၊ အရေးပေါ်အလုပ်သမားတွေ နျုကလိယား ဓာတ်ပေါင်းဖို မတော်တဆမှုတွေ၊ နျူကလီးယား တိုက်က်ခံရတာတွေ ဖြစ်လာရင် Acute Radiation Sickness ဆိုတဲ့ ပြသနာက အတော်ကြီးတယ်ပေါ့။၊ ဒါမျိုးတွေ ကာကွယ်နိုင်ဖို့ ဒီသုတေသနကို လုပ်ကြတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒီ ဗီဇကြောင့် ဗီဇတွေဟာ Oxidative stress ကြောင့်ဖြစ်ပေါ်လာတဲ့ ကင်ဆာလို (Cancer)၊ ဇရာလို(Ageing) ၊ ဆီးချိုလို (Diabetes)၊ ပါကင်ဆန် (Parkinson) တို့လို ရောဂါတွေ ကနေ DNA ကို ကာကွယ်ပေးထားနိုင်လိမ့်မယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ဒီ ဗီဇ ကို ဆူပါမင်း ဗီဇ များလားဆိုပြီး စောင့်ကြည့်နေကြတာဖြစ်ပါတယ်။
တရုတ်ကြီးက Super Soldier မွေးထုတ်ဖို့လုပ်တာ ဒီ project တခုတည်းတင် မဟုတ်ပါဘူး။ အခြား အပင်ပန်းခံနိုင်ရည်ရှိတဲ့ ဗီဇ ထည့်သွင်းတာမျိုး၊ မြင့်မားတဲ့ ကုန်းမြင့်ဒေသမှာ သွေးတွင်း အောက်ဆီဂျင် သယ်ဆောင်နှုန်းကောင်းအောင် လုပ်ဆောင်တာမျိုး၊ ဒဏ်ရာ ရခဲ့ရင် အနာအမြန်ဆုံး ပြန်ကျက်စေအောင် လုပ်တာမျိုး တွေကို ဇီဝနည်းပညာ အသုံးချပြီး လုပ်ဆောင်နိုင်အောင် ကြိုးပမ်းနေတာတွေလည်း ရှိပါတယ်။
No comments:
Post a Comment