Friday, April 17, 2026

(လွတ်မြောက်ခြင်းလမ်း၊ ဝိမုတ္တိမဂ်)

 

၁၉၅၇ မှာ အင်္ဂလိပ်ရဟန်း'ဉာဏမောဠိ' Ñāṇamoli ဟာ ဝိသုဒ္ဓိမဂ်ကို the path of purification 'စင်ကြယ်စေသောလမ်း'အမည်နဲ့ ဒုတိယမူအဖြစ်ထပ်ပြီး အင်္ဂလိပ်ဘာသာပြန်တယ်။
တခုတည်းရှိတဲ့ (ဦးဖေမောင်တင်မူ)ဟာ အဲ့ဒီအချိန်မှာ ရှာမရတော့လို့ သူ့ဘာသာကျင့်ကြံဖို့ ဘာသာပြန်ရတာဖြစ်တယ်လို့ အမှာစာမှာဆိုတယ်။
အကြံတူရင် နောက်လူသာတယ်ဆိုတဲ့ စကားအတိုင်း ဉာဏမောဠိရဲ့ဘာသာပြန်မူက ပိုပြီးစုံလင်လာတယ်။
ဦးဖေမောင်တင် ပြန်တုန်းကမပါခဲ့တဲ့ ရှင်ဗုဒ္ဓဃောသအကြောင်း အသေးစိတ်ထည့်ရေးထားသလို၊ 'ဝိမုတ္တိမဂ်'နဲ့ တူရတဲ့အကြောင်းကိုလည်း ရှင်းပြထားတယ်။
'လွတ်မြောက်ခြင်းလမ်း' ဝိမုတ္တိမဂ်နဲ့
'စင်ကြယ်ခြင်းလမ်း'ဝိသုဒ္ဓိမဂ် ဆင်တူဖြစ်နေရတဲ့အကြောင်းကို ကျမ်းအဖွင့်မှာ အခုလို ရှင်းပြခဲ့တယ်။
[ ဗုဒ္ဓဃောသမထေရ် ကိုးကားခဲ့သည်ဟု ဖော်ပြထားသော ဆင်ဟာလီကျမ်းများအပြင်၊ ပါဠိဘာသာ လက်စွဲကျမ်းတခုလည်း ရှိခဲ့သည်။
ထိုပါဠိကျမ်းမှာ ယခုမရှိတော့ဘဲ၊ ၆ ရာစုက တရုတ်ဘာသာပြန်လက်ရာသာ ကျန်ရှိတော့သည်။ မထေရ်ကိုယ်တိုင် ထိုကျမ်းအကြောင်း ဖော်ပြခြင်း မရှိသော်လည်း အဋ္ဌကထာဆရာ ဓမ္မပါလမထေရ်က ထိုကျမ်းကိုအမည်နှင့်တကွ ညွှန်းခဲ့သည်။
ဝိသုဒ္ဓိမဂ်တွင် စရိုက်အမျိုးအစားခွဲသည့် နည်းလမ်းတစ်ခုကို မမှန်ကန်ဟုဆိုကာ ဗုဒ္ဓဃောသအရှင်က ပယ်ချခဲ့သည်။ ဓမ္မပါလက ထိုပယ်ချခံအယူအဆဟာ ဝိမုတ္တိမဂ္ဂကျမ်းမှလာသည်ဟု ဆိုသည်။
ထိုအယူအဆကို တရုတ်ဘာသာပြန်ကျမ်းတွင် အမှန်တကယ် တွေ့ရပါသည်။ နောက်ထပ် ပယ်ထားသည့် အခြားအချက်များကိုလည်း ဝိမုတ္တိမဂ္ဂတွင် တွေ့ရပြန်သည်။
ယင်းတို့အနက်မှတချို့မှာ အဘယဂိရိနှင့် ဆက်စပ်သည်ဟု ဓမ္မပါလက သတ်မှတ်သည်။ သို့ရာတွင် ဝိမုတ္တိမဂ္ဂမှာ မဟာယာနနှင့် ဆိုင်သော အကြောင်းအရာ မပါဘဲ၊ ထေရဝါဒ နယ်ပယ်အတွင်း၌သာ ရှိပါသည်။
ဤကျမ်းသည် ဝိသုဒ္ဓိမဂ်ထက် များစွာကျဉ်းပြီး ချုံ့ထားသည်။ သီလ၊ သမာဓိ၊ ပညာ သုံးပိုင်း ခွဲထားသော်လည်း၊ ဝိသုဒ္ဓိမဂ်လို ဝိသုဒ္ဓိခုနစ်ပါးကို ဖော်ပြခြင်းမရှိပါ။
ပညာပိုင်းတွင် များစွာကျဉ်း၍၊ ဝတ္ထုဇာတ်ကြောင်းများ လုံးဝမပါပါ။ နှစ်ကျမ်းစလုံး ရင်းမြစ်တူမှ အကြောင်းအရာများကို ရယူထားသော်လည်း၊ တင်ပြပုံကွဲပြားခြားနားသည်။
အပ္ပမညာ လေးပါးနှင့် အရူပဈာန် လေးပါးတို့ကို မတူညီသော နည်းလမ်းဖြင့် ဖော်ပြထားသည်။ ဓုတင်ဆယ်သုံးပါးကို ဖော်ပြပုံမှာလည်း လုံးဝခြားနားသည်။ ထို့ပြင် ရှင်ဗုဒ္ဓဃောသ၏ အဓိကကျသော အဘိဓမ္မာဖွင့်ဆိုချက်များ ဝိမုတ္တိမဂ်၌ လုံးဝမပါဝင်ပါ။
ဝိမုတ္တိမဂ်သည် အဋ္ဌကထာကျမ်းမျိုးမဟုတ်ဘဲ၊ လက်တွေ့ကျင့်သုံးရန် လမ်းညွှန်သည့် ကျမ်းမျိုးဖြစ်သည်။
ကျမ်းပြုစုသူမှာ 'ဥပတိဿ'ဟု ဆိုကြသည်။ သို့သော် အမည်တူရုံမျှဖြင့် ဝိနယပရိဝါရ၌ ဖော်ပြသော ရဟန္တာဥပတိဿဟု ယူဆရန် မလုံလောက်ပါ။ ထိုကျမ်းကို ဝိသုဒ္ဓိမဂ်မပေါ်မီက အိန္ဒိယနိုင်ငံ၌ရေးသည်ဟု ယူဆကြသည်။
ထို့အတူ မဟာဝိဟာရကျောင်းတိုက်၏ လက်ရာတခု ဖြစ်နိုင်သည်ဟုလည်း ‌ဆိုကြပါသည်။ သို့သော် ဤအဆိုကိုလက်ခံရန် အထောက်အထားများ လိုအပ်သည်။
ထိုကျမ်းတွင် အဘယဂိရိကလက်ခံသော အချက်တချို့ ပါသည်ဆိုခြင်းမှာ ထိုကျမ်းနှင့်ထိုကျောင်း ဆက်နွယ်မှုရှိသည်ဟု ဆိုလိုခြင်း မဟုတ်ပါ။ ကျောင်းတိုက်နှစ်ခုလုံး ရင်းမြစ်တူညီနေခြင်းသာ ဖြစ်နိုင်သည်။ ]
ဒါဟာ အရှင်ဉာဏမောဠိရဲ့ ၁၉၅၇ ဖေါ်ပြချက်ဖြစ်တယ်။ သူ့အဆိုအရ ရှင်ဗုဒ္ဓဃောသဟာ ဝိမုတ္တိမဂ်ကို ကျမ်းကိုးအဖြစ်သုံးခဲ့ပြီး၊ တူတာတွေယူ၊ မတူတာတွေ ပယ်ချခဲ့တယ်လို့ ယူဆရတယ်။
၁၉၁၉ မှာ ထွက်ပေါ်လာတဲ့ ပါမောက္ခနာဂါအိရဲ့ ကျမ်းနှစ်ခုတူနေတဲ့ ထောက်ပြမှုဟာ ပညာရှင်လောကကို အကြီးအကျယ် လှုပ်ခတ်စေခဲ့တယ်။
အေဒီ ၁ ရာစုမှာ ဥပတိဿမထေရ် ရေးခဲ့တယ်ဆိုတဲ့ ဝိမုတ္တိမဂ်မူရင်းဟာ ပါဠိမူမရှိတော့လို့ တိုက်ဆိုင်စစ်ဆေးခွင့် မရတော့ဘူး။
သံဃပါလ ဘာသာပြန်တဲ့ တရုတ်မူပဲရှိတာကြောင့် လေ့လာချင်ရင် တရုတ်မူကို ဘာသာပြန်မှရလိမ့်မယ်။ အဲ့လိုမှ မဟုတ်ရင် နာဂအိပြောသမျှ ယုံဖို့ပဲရှိတယ်။ ပညာရှင်တွေဟာ ဒီတိုင်းတော့ ထိုင်မနေခဲ့ကြဘူး။
၁၉၃၆ မှာ ဂျပန်ရဟန်း အီဟရ၊ သီရိလင်္ကာရဟန်း သောမနဲ့ ခေမိန္ဒ Ehara, Soma, Kheminda တို့က တရုတ်မူကနေ ၄ လနဲ့အပြီး ဘာသာပြန်ခဲ့ကြတယ်။ လိုအပ်ချက်တွေရှိသေးလို့ စာအုပ်မထုတ်သေးဘဲ မိတ္တူ ၅၀ ပွားပြီး ပညာရှင်တွေကို ဝေငှခဲ့တယ်။
၁၉၃၇ မှာ ပါမောက္ခ'ဗာပက်' Vapat ရဲ့ "ဝိမုတ္တိမဂ်နဲ့ ဝိသုဒ္ဓိမဂ် နှိုင်းယှဉ်လေ့လာချက် စာတမ်း"ထွက်လာတယ်။
ပါမောက္ခနာဂါအိက ဝိမုတ္တိမဂ်ကျမ်းရှင်ဟာ သီဟိုဠ်ဝိနည်းဓိုရ်ရဟန်းဖြစ်တယ်လို့ ပြောခဲ့ပေမဲ့ ပါမောက္ခဗာပက်က ဥပတိဿဟာ အိန္ဒိယရဟန်းဖြစ်ကြောင်း အချက်အလက်တွေနဲ့ ထောက်ပြခဲ့တယ်။
၁၉၆၁ မှာ ရဟန်းသုံးပါးရဲ့ 'လွတ်မြောက်ခြင်းလမ်း၊ အရဟန္တဥပတိဿ၏ ဝိမုတ္တိမဂ်' The Path of Freedom- Vimuttimagga of the Arahant Upatissa စာအုပ်ထွက်လာတယ်။
၂၀၂၁ မှာ နယ်သာလန်ရဟန်း 'ဉာဏသုစိတ္တ'ရဲ့ ခေတ်အမှီဆုံးမူဖြစ်တဲ့ The Path to Freedom Vimuttimagga ထပ်ထွက်လာတယ်။ သူ့မူက အရှင်းလင်းဆုံးလို့ ပြောကြတယ်။
မြန်မာပြည်မှာ အရှင်ကေလာသ (ဓမ္မစရိယ) က သီဟိုဠ်ကနေ ပါဠိမူကူးယူလာတယ်။ ဒါပေမဲ့ စာအုပ်တော့ ထွက်မလာခဲ့ဘူး။
၂၀၀၈မှာ သာသနာ့တက္ကသိုလ် ဒုပါချုပ် ဘဒ္ဒန္တကုမာရရဲ့ 'ဝိမုတ္တိမဂ္ဂပါဠိ'နဲ့ 'နိဿယ'စာအုပ်ထွက်လာတယ်။
၂၀၁၆မှာ တက္ကသိုလ်သျှင်သီရိရဲ့ 'ဝိမုတ္တိမဂ္ဂ' မြန်မာပြန် ထပ်ထွက်လာတယ်။
(လေ့လာချင်သူတွေ ဒေါင်းဖို့ link ပေးပါ့မယ်။)
သုံးသပ်ချက်တွေအရ ကျမ်းနှစ်ကျမ်းဟာ မာတိကာစဉ်တွေကအစ တူနေတယ်လို့ဆိုတယ်။ ဝိမုတ္တိမဂ်ကို ဝိသုဒ္ဓိမဂ်ရဲ့ မူရင်းကျမ်းအဖြစ် သုံးသပ်ကြတယ်။
အကြောင်းအရာပိုင်းမှာ တူတာတွေရှိသလို၊ ကွဲလွဲတာတွေလည်း ရှိတယ်။
ဝိသုဒ္ဓိမဂ်က ကမ္မဋ္ဌာန်း ၄၀ ပြထားပေမဲ့ ဝိမုတ္တိမှာ ၃၈ ပဲပြတယ်။
'လွတ်မြောက်ခြင်းလမ်း' ဝိမုတ္တိမဂ်ဟာ အကျဉ်းချုပ်ရေးထားတဲ့စာအုပ်ပါးလေးဖြစ်ပြီး သီအိုရီထက် လက်တွေ့ကို ပိုဦးစားပေးတယ်။
'စင်ကြယ်ခြင်းလမ်း' ဝိသုဒ္ဓိမဂ်ကတော့ သီအိုရီပိုင်းကို စနစ်တကျ အနုစိတ်ရှင်းထားတဲ့ အဋ္ဌကထာဆန်ဆန် ကျမ်းကြီးဖြစ်တယ်။ စနစ်ကျဖို့ ပိုဦးစား‌ပေးတယ်။
ဝိမုတ္တိဟာ ကျင့်ကြံဖို့အဓိက ရေးထားတာဖြစ်လို့ လက်တွေ့ဆန်တယ်။ ပိုရိုးရှင်းတယ်။ ဝိသုဒ္ဓိက နည်းနည်းရှုပ်ထွေးတယ်လို့ ပြောကြတာတွေ ရှိတယ်။
ဒီနေရာမှာ စဉ်းစားစရာ ရှိတယ်။
ရေကူးနည်းစာအုပ် နှစ်အုပ်ရှိတယ် ဆိုပါစို့။
တအုပ်က လူတွေဘာကြောင့် ရေကူးတတ်သင့်သလဲ ရှင်းပြပြီး၊ ရေတွေကို ရေချို၊ရေငန် pH level မတူတာတွေ သရုပ်ခွဲပြတယ်။ ကမ္ဘာပေါ်မှာ ရှိသမျှ ရေကူးနည်း ဖားကူး၊လိပ်ပြာကူး အကုန်ဝေဖန်သုံးသပ်ပြတယ်။
နောက်တအုပ်ကတော့ အဲ့ဒါတွေ မပါဘူး။ ရေထဲဆင်းတဲ့အခါ ခြေ၊လက် ဘယ်လိုလှုပ်ရမလဲ။ ဒါပဲပါတယ်။
အဲ့ဒီနှစ်အုပ် ဘယ်ဟာ ပိုအလုပ်ဖြစ်မလဲဆိုတော့ အိပ်ရာထဲထိုင်ဖတ်နေသူအတွက် နှစ်အုပ်စလုံး အလုပ်မဖြစ်ဘူး။
ရေကူးတတ်ချင်ရင် တကယ် ရေထဲဆင်းမှ ရမှာပါ။
ရေထဲရောက်တဲ့အခါ စာအုပ်ထဲကသီအိုရီတွေကို အားကိုးလို့မရတဲ့ အခြေအနေမျိုးလဲကြုံရနိုင်တယ်။
ကြုံတုန်း ဖတ်ဖူးတာလေးတစ်ခု သတိရမိတယ်။
လယ်တီဆရာတော်ကြီးဟာ သမထကျင့်ရင်း အဖြူရောင်နိမိတ်ကြီး တစ်ခုရခဲ့ဖူးတယ်။
နိမိတ်ဟာ ကျယ်ပြန့်လွန်းလို့ ငြိမ်အောင်မထိန်းနိုင်ဘူး။ လှုပ်ရှားနေဟန်တူတယ်။
"စာမှာပါတာက နိမိတ်ဟာ တည်ငြိမ်နေရမယ်လို့ဆိုတယ်။ အခုနိမိတ်က မငြိမ်ဘူး။ စာနဲ့မညီဘူး။ နိမိတ်လိမ်ကြိးဖြစ်လိမ့်မယ်"
ဆရာတော်ကြီးက အဲ့လို တွေးလိုက်တယ်။
ဒါနဲ့ နိမိတ်ကို ပြန်ဖျက်ဆီးခဲ့တယ်။ ဒီတိုင်းဖျက်မရလို့ မီးခွက်တွေထွန်း၊ မျက်လုံးဆီအလင်းတွေပေးပြီး ဖျက်ခဲ့ရတယ်။
နောက်မှ မှားမှန်းသိပြီး နောင်တရတယ်။
"အဲ့တုန်းက ဆက်ကျင့်ရင် အပ္ပနာအဆင့်ရောက်မှာကွ" လို့ တပည့်တွေကိုပြောကြောင်း ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ စာအုပ်မှာ ဖတ်ရဖူးတယ်။ အလွန်နစ်နာတယ်လို့ တွေးမိတယ်။
စာမှာဖော်ပြချက်တွေဟာ သီအိုရီအရ ပြောကြတာပါ။ တကယ့်လက်တွေ့ မြေပြင်မှာ စာအတိုင်းတသမတ်တည်း ယူလို့မရတာတွေရှိတယ်။ ချွင်းချက်တွေ ရှိနိုင်ပါတယ်။
ကမ္မဋ္ဌာန်းဆရာတပါးက နိမိတ်ဟာ နှာသီးဖျားတဝိုက်မှာ ပေါ်ရမယ်။ တခြားနေရာပေါ်ရင် မှားတယ်။ မရှုနဲ့လို့ ပြောဖူးတယ်။
လူတယောက်ဟာ ထူးထူးခြားခြား နဖူးမှာ နိမိတ်ပေါ်လာတယ်။ နေရာလည်း ရွှေ့လို့ရတယ်လို့ ဆိုတယ်။
နိမိတ်ဟာ မီးခိုးရောင် ညိုညစ်ညစ်နဲ့ စပေါ်မယ်။ ပြီးရင် ဖြူပြီး ကြည်လင်လာမယ်။ ဒါမှမှန်တယ်လို့ ပြောကြတယ်။
ရိပ်သာတခုမှာ အမျိုးသမီး‌တဦး ရက်ကြာပေမဲ့ ဘာနိမိတ်မှမပေါ်ခဲ့ဘူး။ တရက် မျက်လုံးကို ဓါတ်မီးနဲ့ထိုးလိုက်သလို လင်းခနဲဖြစ်ပြီး နိမိတ်ပေါ်လာတယ်။
အပေါ်ကအချက်တွေအရဆို သူရဲ့နိမိတ်‌ပေါ်ပုံက စာနဲ့မညီဘူး။ ဒါပေမဲ့ သူရခဲ့တဲ့နိမိတ်ဟာ ပြန်မပျောက်တော့ဘူးလို့ ရေးထားတာ ဖတ်ဖူးတယ်။
ဝိပဿနာရှုတဲ့အခါ ဉာဏ်စဉ် ၁၀ပါး၊ ရှင်သာရိပုတ္တရာနည်းအရ ၁၆ ပါးရှိတယ်။
အားထုတ်သူဟာ ဖြစ်ပျက်မြင်ပြီးတဲ့အခါ၊ အဖြစ်ကိုလွှတ်ပြီး အပျက်ကိုချည်းရှုမြင်တဲ့ ဘင်္ဂဉာဏ်ရောက်ရင်၊ ဃနအတုံးအခဲတွေပြိုပြီး အမှုန်တွေပဲ မြင်တယ်လို့ဆိုတယ်။
ဘင်္ဂနောက်မှာ ဘယ၊ အာဒီနဝ၊ နိဗ္ဗိဒါ၊ မုစ္စိတုကမျတာ၊ အများကြီးကျန်သေးတော့၊ တော်တော်အားထုတ်ရအုံးမယ်လို့ ထင်ခဲ့ဖူးတယ်။
ဒီပါးမားရဲ့ မဂ်ကျပုံကိုဖတ်ကြည့်တော့ သူ့ဘေးကအရာတွေ အားလုံးပြိုကွဲပြီး အမှုန်တွေဖြစ်သွားတယ်။ နောက် သိပ်မကြာဘူး။ မဂ်ကျသွားတယ်လို့ ဆိုတယ်။
အားလုံးဟာ တရားတထိုင်ထဲမှာ ဖြစ်ပျက်သွားတာပါ။
ဘင်္ဂဉာဏ်မှာ ဃနပြိုပြီး မကြာခင်မဂ်ကျတယ်ဆိုတော့ ကြားထဲက ဉာဏ်စဉ်တွေက အဆင့်ကျော်သွားတာလား တွေးစရာဖြစ်လာတယ်။
တကယ်က ဉာဏ်စဉ်တွေပေါင်းပြီး တက်သွားတာ။
အပျက်မြင်ပြီး ကြောက်တာ။ အပြစ်မြင်တာ။ ငြီးငွေ့တာ။ ဖယ်ရှားချင်တာ၊ အားလုံးဟာ တချိန်တည်း ဖြစ်သွားကြတာ ဖြစ်မယ်။
စာမှာ သီအိုရီအရ အသေးစိတ်ထားလို့ မလိုအပ်ဘဲ အဆင့်တွေများနေတာပါ။
ထေရဝါဒမှာ ကိန်းဂဏန်းတွေကို မြှောက်တာ၊ပွားတာ အတော်လုပ်ပါတယ်။ အဋ္ဌကထာဆရာတွေက အရေအတွက်များမှ လူရှိန်မယ်။ ပိုခန့်ညားမယ်လို့ ထင်ခဲ့ဟန်တူတယ်။
တဏှာအစစ် တစ်ရာ့ရှစ် ဆိုတာမျိုးပေါ့။
တကယ်က ကာမတဏှာ၊ ဘဝတဏှာ၊ ဝိဘဝတဏှာ သုံးမျိုးထဲ ရှိတာပါ။
ဒါပေမဲ့ အာရုံခြောက်ပါးနဲ့‌မြှောက်၊ အစ္ဇျတ္တ၊ဗဟိဒ္ဓ နဲ့မြှောက်၊ ကာလသုံးပါးနဲ့ထပ်မြှောက်တဲ့အခါ ၁၀၈ ဖြစ်သွားတယ်။ ၃ မျိုးထဲမှတ်ရင် ပိုလွယ်ပေမဲ့ ၁၀၈ ဆိုတော့ မြှောက်နည်းတွေပါ လိုက်မှတ်ရတယ်။
ကျင့်စဉ်တွေမှာလည်း ဒီလိုပဲ။
ရိုးရိုးပြောရင် လူတိုင်းနားလည်နိုင်ပေမဲ့ ပညာရပ်စကားတွေသုံးပြီ သီအိုရီဆန်လွန်းတဲ့အခါ သာမန်လူတွေအတွက် အခက်အခဲဖြစ်ကုန်တယ်။
ဒီပါးမာဟာ အိန္ဒိယပြန်ရောက်တော့ အိမ်နီးနားချင်း အမျိုးသမီးတွေကို တရားပြပေးတာ အားလုံးနီးပါး သောတာပန်ဖြစ်ကုန်တယ်။
ဘာကြောင့် ဒီလောက် လွယ်ကူမြန်ဆန်ရသလဲ တွေးကြည့်တော့၊ ရှင်းရှင်းလေးပါ။
သူက စကားလုံးအခက်တွေ မသုံးဘူး။
သူကိုယ်တိုင် အဘိဓမ္မာနဲ့၊ ပဋိစ္စသမုပ္ပါဒ် နားမလည်တော့ သူသိတဲ့အတိုင်း ရိုးရိုးရှင်းရှင်း‌လေး သင်ပေးလိုက်လို့ တရားရကုန်တာဖြစ်မယ်။
ဝိသုဒ္ဓိမဂ်ဟာ သီအိုရီဘက်ကို ဦးစားပေးလွန်းပြီး၊ စနစ်ကျအောင် အနုစိတ်လွန်းတော့ ဝိမုတ္တိမဂ်နဲ့ယှဉ်ရင် ပိုရှုပ်ထွေးသယောင် ဖြစ်နေတယ်။
ဒါပေမဲ့ ဒီပါးမားဟာ ဝိသုဒ္ဓိမဂ်နဲ့ အဘိဉာည်တွေရပြီး အနာဂါမ်ဖြစ်သွားခဲ့တာပါ။
ဒါကြောင့် ဒီကျမ်းဟာ ကျင့်မရတဲ့ကျမ်းတော့ မဟုတ်ပါဘူး။ ကိုယ်တွေက ပညာနည်းလို့ လိုက်မမှီသေးတာဖြစ်လိမ့်မယ်။
ဝိသုဒ္ဓိမဂ်ပြုစုသူ ရှင်မဟာဗုဒ္ဓဃောသဟာ အဋ္ဌကထာတွေပြုစုပြီး သီဟိုဠ်ကနေ ပျောက်ကွယ်သွားတယ်။
ဇမ္ဗူဒိပ်ပြန်မယ်ပြောသွားပေမဲ့ တကယ်ပဲ အိန္ဒိယပြန်သွားသလား။ တခြားတနေရာ ရောက်သွားသလား။ ဘယ်သူမှ မသိကြဘူး။
သူဟာ အိန္ဒိယမပြန်ဘဲ မြန်မာပြည် ရောက်လာတယ်ဆိုရင် မဖြစ်နိုင်ဘူးလို့ ပြောရမယ်။
ဒါပေမဲ့ မြန်မာပြည် ရောက်လာတယ်ဆိုတဲ့ ပြောဆိုမှု‌တွေ ရှိခဲ့တယ်။
ပိုထူးဆန်းတာက သူဟာ မဇ္ဈိမဒေသကမဟုတ်ဘဲ မြန်မာပြည်ဖွား သထုံနယ်က မထေရ်တပါးဖြစ်တယ်ဆိုတဲ့ အချက်ပါ။
ဒါနဲ့ပတ်သက်ပြီး ၂၀၁၁ မှာ စာတမ်းတစောင် ထွက်လာဖူးတယ်။ ရှင်မဟာဗုဒ္ဓဃောသကို ရှာဖွေခြင်း ဆိုတဲ့ စာတမ်းပါ။
နေနော်
၁၅.၀၄.၂၆
Ref :

No comments:

Post a Comment