Friday, April 17, 2026

ကမ္ဘာမြေကို အဓိကခြိမ်းခြောက်နေတဲ့ အာကာသထဲက အန္တရာယ်

 

ဖေဖော်ဝါရီ ၁၅ ရက် ၂၀၁၃ ခုနှစ် ရုရှားနိုင်ငံ Chelyabinsk ဒေသ ကောင်းကင်ယံမှာ Eiffel ထက်အလေးချိန်များတဲ့ ဂြိုဟ်သိမ်တစ်ခု ကမ္ဘာ့လေထုထဲ ကို ဝင်ရောက်လာပြီး မြေပြင်အထက် ကီလိုမီတာ ၃၀ ခန့် မြေပြင်ကို မကျရောက်မှီမှာပဲ ပေါက်ကွဲခဲ့ပါတယ်။ ထိုပေါက်ကွဲမှုဟာ စက္ကန့်ပိုင်းလောက် နေ ထက်တောင် လင်းထိန်သွားခဲ့ပြီး မြေပြင်အထက် အလွန်မြင့်တဲ့နေရာမှာ ဖြစ်သွားတာကြောင့် မြေပြင်ပေါ်ကလူတွေဟာ ပေါက်ကွဲမှုဖြစ်ပြီး စက္ကန့် ၉၀ လောက်ထိ ဘာသံမှမကြားရပဲ ငြိမ်သက်နေခဲ့ပါတယ်။ ဒီအတွက်ကြောင့် ပဲ မြေပြင်ပေါ်မှာ ထိခိုက်မှုတွေ ပိုမိုဖြစ်ပွားစေခဲ့တာပါ။ အလင်းတန်းကို စောင့်ကြည့်နေတဲ့ သူတွေ ၊ အထူးသဖြင့် အဆောက်အဦးထဲမှာ ရှိပြီး မှန်တံခါးတွေ ပြတင်းပေါက်တွေ ကို ကပ်ပြီး ကြည့်တဲ့သူတွေ အားလုံး စက္ကန့် ၉၀ နောက်မှာတော့ အဆိုပါပေါက်ကွဲမှု ရဲ့ ပြင်းအားလှိုင်း (Shock Wave) ဟာ အဆောက်အဦး တွေ အထူးသဖြင့် မှန်နဲ့လုပ်ထားတဲ့ အရာတွေ အားလုံးကို ကွဲထွက်စေခဲ့တာကြောင့် မျက်နှာတွေ မျက်လုံးတွေမှာ ဒဏ်ရာတွေ ရစေခဲ့ပါတယ်။ ဒီဖြစ်စဉ်မှာ အသက်သေဆုံးသူမရှိခဲ့ပေမယ့် ထောင်နဲ့ချီတဲ့ အဆောက်အဦးတွေ ပျက်စီးခဲ့ပြီး လူ ၁၅၀၀ လောက် ဒဏ်ရာ ရခဲ့ပါတယ်။
သိပ္ပံပညာရှင်တွေ အတွက် မျက်နှာပျက်စရာ ပိုဖြစ်ခဲ့စေတာကတော့ အဆိုပါ Chelyabinsk ဖြစ်စဉ် ဖြစ်သွားတဲ့ရက်မှာပဲ ဂြိုဟ်သိမ် တစ်ခု ကမ္ဘာအနား ကနေ ကပ်ဖြတ်သန်းသွားမယ်လို့ တွက်ချက်ထားတာရှိပါတယ်။ ဒါပေမယ့် ဒါဟာ သီးခြား ဂြိုဟ်သိမ်တစ်ခုဖြစ်ပြီး Chelyabinsk ဖြစ်စဉ်ဖြစ်ပြီး ၁၆ နာရီအကြာမှာ Duende လို့အမည်ပေးထားတဲ့ ဂြိုဟ်သိမ်တစ်ခု ကမ္ဘာ့ မျက်နှာပြင် ရဲ့ အပေါ် ကီလိုမီတာ ၂၇၀၀၀ ခန့်ကနေ ဖြတ်သန်းသွားပါတယ်။ ဒီအကွာအဝေးဟာ ကျွန်တော်တို့ လွှတ်တင်ထားတဲ့ ဂြိုဟ်တု အများစု ထက်တောင် ပိုနီးကပ်တဲ့ အကွာအဝေးပါ။ ဒါဆို ဘာဖြစ်လို့ တရက်ထဲက ဖြစ်စဉ် ၂ ခုမှာ တခုကို ကြိုတင်ထောက်လှမ်းနိုင်ပြီး နောက် တစ်ခုကို လုံး၀ မသိရှိခဲ့တာလဲ လို့ မေးခွန်းထုတ်စရာ ရှိလာပါတယ်။
တကယ်က ဒီလို ဂြိုဟ်သိမ်တွေ ကမ္ဘာနားက ဖြတ်သန်းတာမျိုး က အမြဲဖြစ်နေတာပါ။ ကျွန်တော်တို့ ရဲ့ လက်ရှိ နည်းပညာ တွေ က ဂြိုဟ်သိမ်တွေ ကမ္ဘာကို မတိုက်မိခင် ကြိုတင်ထောက်လှမ်းနိုင်ဖို့ မလုံလောက်သေးပါဘူး။ ၁၉၈၈ ခုနှစ်နောက် ပိုင်းမှာ တစ်မီတာ ထက်ကြီးတဲ့ ဂြိုဟ်သိမ် ၁၂၀၀ ခန့် ကမ္ဘာကိုဝင်တိုက်မိခဲ့ပြီး အဆိုပါ ၁၂၀၀ ထဲကမှ ၅ ခုကို သာ မတိုက်မိခင် တရက်အလိုမှာ ကြိုသိနိုင်ခဲ့ပါတယ်။ တိုးတက်လာတဲ့ နည်းပညာတွေ မြေပြင် အခြေစိုက်အဝေးကြည့်မှန်ပြောင်းကြီးတွေ နဲ့ အာကာသထဲမှာ လွှတ်တင်ထားတဲ့ မှန်ပြောင်းတွေ ရှိနေတာတောင်မှ ကမ္ဘာကိုဝင်တိုက်နိုင်တဲ့ ဂြိုဟ်သိမ်တွေ ကို ထောက်လှမ်းနိုင်ဖို့အတွက် ဘာလို့ခက်ခဲနေရတာလဲလို့ မေးခွန်းထုတ်လာကြပါတယ်။ Chelyabinsk ထက် ပိုကြီးတဲ့ ဂြိုဟ်သိမ် တစ်ခု ကမ္ဘာကို တိုက်မိပြီး လူသားမျိုးနွယ်အပါအဝင် သက်ရှိတွေအားလုံး မျိုးတုန်းသွားအောင် ဖြစ်ဖို့ အခွင့်အရေး ရော ဘယ်လောက် ရာခိုင်နှုန်းများများ ရှိနေလဲ ဆိုတာ နဲ့ ကျွန်တော်တို့ရော အဆိုပါ ဂြိုဟ်သိမ် ကို လာနေတာကို ကြိုတင်သိရှိခဲ့ရင် မတိုက်မိအောင် ဘာတွေလုပ်နိုင်မလဲဆိုတာတွေကို ဒီ ဆောင်းပါးထဲမှာ ဖော်ပြပေးသွားပါမယ်။
ဂြိုဟ်သိမ် ဆိုတာဘာလဲ ?
ဂြိုဟ်သိမ်တွေ ဆိုတာ ကျွန်တော်တို့နေအဖွဲ့အစည်း စတင်ဖြစ်ပေါ်စဉ်ကတည်းက ကျန်ရစ်ခဲ့တဲ့ ကျောက်တုံးကျောက်ခဲ အကြွင်းအကျန်တွေဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၄.၅ ဘီလီယံ လောက်တုန်းက ကျွန်တော်တို့ နေဖြစ်ပေါ်ပြီးနောက် ကျန်ရစ်ခဲ့တဲ့ အကြွင်းအကျန် ကျောက်တုံးနဲ့ ဖုန်မှုန့်တွေဟာ ဆွဲငင်အားကြောင့် တစ်ခုနဲ့တစ်ခုတိုက်မိပူးကပ်ရာကနေ ကျောက်သား ဂြိုဟ်အလောင်းအလျာ (Protoplanets) လေးတွေ ဖြစ်လာကြပါတယ်။ အဆိုပါ ဂြိုဟ်လောင်းတွေပေါ်က ပိုလေးလံတဲ့ သတ္တုတွေဖြစ်တဲ့ သံ(Iron) ၊ နီကယ်(Nickel) နဲ့ Iridium(အီရီဒီယမ်) ကဲ့သို့ တွေ ဒြပ်စင်တွေ က အတွင်းပိုင်း ကိုကျဆင်းသွားပြီး မျက်နှာပြင်ပေါ်မှာတော့ ပိုမိုအလေးချိန်နည်းပါးတဲ့ ဆီလီကိတ်(Silicate) ပါဝင်တဲ့ ဒြပ်ထုတွေပဲ ကျန်ရစ်ခဲ့ပါတယ်။ အဆိုပါ ဂြိုဟ်လောင်းတွေ ထဲမှ တချို့ဟာ ကျွန်တော်တို့ ယနေ့မြင်ရတဲ့ ဂြိုဟ်တွေ ဖြစ်လာကြပြီး အခြား ဂြိုဟ်လောင်းတွေ အမြောက်အမြားကတော့ အချင်းချင်းထပ်မံတိုက်မိကြတာကြောင့် အစိတ်စိတ်အမွှာမွှာပျက်စီးသွားကြပါတယ်။ ဒီအစိတ်အပိုင်းလေးတွေ က နေ ကို လှည့်ပတ်နေကြရင်း အချင်းချင်း တိုက်မိကာ ပိုမိုသေးငယ်တဲ့ အစိတ်အပိုင်းလေးတွေ ဖြစ်လာကြပါတယ်။
ဒီ အစိတ်အပိုင်းတွေ ကနေ ဂြိုဟ်သိမ်ဆိုပြီး ဖြစ်လာကြတာပါ။ ဒါကြောင့် ပဲ အချို့ ဂြိုဟ်သိမ်တွေ ဟာ ကျောက်တုံးတွေ အများအပြားစုထားတဲ့ ဂြိုဟ်သိမ်မျိုး ဖြစ်နေပြီး တချို့ ဂြိုဟ်သိမ်တွေကတော့ ဂြိုဟ်လောင်းတွေ ရဲ့ အလည်အူတိုင်တွေကနေ ဖြစ်ပေါ်လာတဲ့ သတ္တုတုံးဂြိုဟ်သိမ်တွေ ဖြစ်နေတာပါ။ ဒါကြောင့် ကျွန်တော်တို့ ကမ္ဘာပေါ်မှာ တွေ့ရတဲ့ သံသတ္တုအများစုပါဝင်တဲ့ ဥက္ကာခဲတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄.၅ ဘီလီယံလောက်တုန်း က ဂြိုဟ်လောင်းတစ်ခု ရဲ့ အူတိုင်ကနေ ကွဲထွက်လာတာဖြစ်နိုင်ပါတယ်။
ဂြိုဟ်သိမ် အများစုကို အင်္ဂါဂြိုဟ် (Mars) နဲ့ ကြာသပတေးဂြိုဟ် (Jupiter) ကြားက "ဂြိုဟ်သိမ်ပတ်လမ်း" (Asteroid Belt) ထဲမှာ တွေ့ရတတ်ပါတယ်။ အချို့သော ဂြိုဟ်သိမ်တွေကတော့ ကမ္ဘာနဲ့ ပိုမိုနီးကပ်တဲ့နေရာမှာ ရှိနေတတ်ကြပါတယ်။ ဒီ ဂြိုဟ်သိမ်မျိုးကိုတော့ Near Earth Object(NEOs) တွေလို့ ခေါ်ပါတယ်။ ဒီ ဂြိုဟ်သိမ်တွေ က ကျွန်တော်တို့အတွက် စိတ်ဝင်စရာကောင်းပြီး သူတို့ ရဲ့ အန္တရာယ်ကလဲကြီးမားပါတယ်။ ထင်ရှားတဲ့ နက္ခတ္တရူပဗေဒပညာရှင် စတီဖင်ဟော့ကင်း က ဒီဂြိုဟ်သိမ်ဝင်တိုက်မှုဟာ ကမ္ဘာပေါ်မှာရှိတဲ့ သက်ရှိလောက အတွက်အကြီးဆုံးအန္တရာယ်လို့ ဆိုခဲ့ပါတယ်။ ဒါပေမယ့် ဒီဂြိုဟ်သိမ်တွေကို အာကာသထဲမှာ ရှာဖွေရတာဟာလွယ်ကူတဲ့အလုပ်တစ်ခုတော့မဟုတ်နေပါဘူး။
လက်ရှိတွေ့ရှိထားတဲ့ ဂြိုဟ်သိမ်အများစုကို မြေပြင်အခြေစိုက်အဝေးကြည့်မှန်ပြောင်းကြီးတွေ နဲ့ရှာတွေ့ခဲ့တာပါ။ ဒီလိုရှာတွေ့အောင်ကလဲ ပညာရှင်တွေအနေနဲ့ အသေအချာကိုကြည့်ဖို့လိုအပ်ပါတယ်။ ဂြိုဟ်သိမ်တွေ က ဂြိုဟ်တွေ လ တွေနဲ့ ယှဉ်ရင်အရွယ်အစားသေးငယ်ကြလို့ပါ။ တမီတာ အရွယ်ကနေ ကီလိုမီတာ အနည်းငယ် အရွယ်အစားထိ အမျိုးမျိုး ရှိကြပါတယ်။ ကျယ်ပြောလွန်းလှတဲ့ အာကာသထဲမှာ ဒီအရွယ်အစားရှိတဲ့ ကျောက်တုံးတွေ ဟာ သိသာထင်ရှားနေမှာမဟုတ်ပါဘူး။ ဒါပေမယ့် ဒီဂြိုဟ်သိမ်တွေထဲ က ကြီးပါတယ်လို့မပြောနိုင်တဲ့ ဂြိုဟ်သိမ်တစ်ခုကတောင် ကမ္ဘာကို တိုက်မိခဲ့ရင် အပျက်အစီးကကြီးမားပါတယ်။ Chelyabinsk ဂြိုဟ်သိမ် ဆိုရင် အရွယ်အစားအားဖြင့် အချင်း မီတာ ၂၀ လောက် သာရှိတာပါ။ ပြောရရင် ဘတ်စ်ကား ၂ စီးစာအရွယ်လောက်ပါ။
ဒါ့အပြင် ဂြိုဟ်သိမ်တွေ ရဲ့ မျက်နှာပြင်က မညီညာပဲ မည်းမှောင်နေတာ များပါတယ်။ ဂြိုဟ်သိမ်အများစု က သူတို့ရဲ့မျက်နှာပြင်ပေါ်ကျရောက်တဲ့ အလင်းရောင်ရဲ့ ၁၅ ရာခိုင်နှုန်းလောက်သာ အလင်းပြန်နိုင်ကြပါတယ်။ ဒီအတွက်ကြောင့် ကျွန်တော်တို့ အနေနဲ့ သူတို့တွေကို ရှာဖွေမြင်တွေ့နိုင်ဖို့ အကောင်းဆုံးအချိန် က သူတို့ ရဲ့ မျက်နှာပြင် နေရောင်ခြည်အပြည့်အ၀ ကျရောက်နေတဲ့ အချိန်မှာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ ကျွန်တော်တို့ ရှာဖွေတွေ့ရှိထားသမျှ ဂြိုဟ်သိမ်တွေအားလုံးရဲ့ ၈၅ ရာခိုင်နှုန်း က ကမ္ဘာကနေကြည့်ရင် နေအလင်းရောင်ရဲ့ ဆန့်ကျင်ဖက်ကောင်းကင် ရဲ့ ၄၅ ဒီဂရီလောက်မှာ ရှာတွေ့ထားတာပါ။ ဒီဖြစ်စဉ်ကိုတော့ Opposition Effect လို့ခေါ်ပြီး ဒီအတွက်ကြောင့် ကျွန်တော်တို့ ရှာဖို့ခက်ခဲတဲ့ ကောင်းကင် ကျန်တဲ့နေရာတွေ မှာ မတွေ့ရှိသေးတဲ့ ဂြိုဟ်သိမ်တွေ အမြောက်အမြားရှိနေဦးမှာပါ။ ကမ္ဘာကနေကြည့်ရင် နေရှိရာအရပ် မှာရှိနေမယ့် ဂြိုဟ်သိမ်တွေကတော့ ကျွန်တော်တို့ လုံး၀ရှာတွေ့မှာမဟုတ်ပါဘူး။ Chelyabinsk ဖြစ်စဉ်က ဒီလို ဂြိုဟ်သိမ်ကြောင့် ဖြစ်ခဲ့တာပါ။
ယနေ့ချိန်ထိ ကျွန်တော်တို့အနေနဲ့ ဂြိုဟ်သိမ်ပေါင်း တစ်သန်းကျော် ရှာဖွေတွေ့ရှိ မှတ်တမ်းတင်ထားပါတယ်။ ဒီဂြိုဟ်သိမ်တွေထဲက အများစု က "ဂြိုဟ်သိမ်ပတ်လမ်း" (Asteroid Belt) ထဲမှာရှိကြပါတယ်။ ကမ္ဘာနားမှာရှိတဲ့ ဂြိုဟ်သိမ် (NEOs) တွေကတော့ ၂၄၀၀၀ ကျော် ရှိပါတယ်။ ကျွန်တော်တို့အနေ နဲ့ ဒီ ၂၄၀၀၀ ကို တော့ အမြဲစောင့်ကြည့်နေရမှာပါ။ ဘာလို့လဲဆိုတော့ ဂြိုဟ်သိမ်တစ်ခုကို ရှာတွေ့ခဲ့ရင်တောင် ဒီဂြိုဟ်သိမ်က ကမ္ဘာကို တိုက်မယ့်ဂြိုဟ်သိမ်လားဆိုတာ သိနိုင်ဖို့အလွန်ခက်ခဲပါတယ်။ ဂြိုဟ်သိမ်တစ်ခု ရဲ့ လမ်းကြောင်းကိုတွက်ချက်ချင်တယ်ဆိုရင် ရှာတွေ့တဲ့ အချိန် ရက်အနည်းငယ်လောက် စောင့်ကြည့်တာနဲ့ မလုံလောက်ပါဘူး။ နှစ်နဲ့ချီပြီး စောင့်ကြည့်မှသာ သူ့လမ်းကြောင်း ကို တွက်ချက်နိုင်ဖို့ ဒေတာအချက်အလက်ရရှိပါတယ်။ ဒါတောင်မှ အနာဂတ်မှာ ဒီဂြိုဟ်သိမ် ဘယ်လမ်းကြောင်းကနေ သွားမလဲဆိုတာ ပြောဖို့အတွက် အချိန်ကာလ အကန့်အသက်ရှိနေပြန်ပါသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဂြိုဟ်သိမ်တွေက နေတစ်ခု ထဲကို လှည့်ပတ်နေတာမဟုတ်လို့ပါ။ နေကို လှည့်ပတ်နေတဲ့ ပတ်လမ်းထဲမှာပဲ ဒီဂြိုဟ်သိမ်ပေါ်ကို အခြား နေအဖွဲ့အစည်းထဲမှာရှိတဲ့ ဂြိုဟ်တွေ ရဲ့ ဆွဲငင်အားသက်ရောက်မှု ရှိလာနိုင်လို့ပါ။ ဒီဆွဲငင်အားတွေ ကြောင့်ပဲ ဂြိုဟ်သိမ်ရဲ့ ပတ်လမ်းက တဖြည်းဖြည်း ပြောင်းလဲလာနိုင်ပါတယ်။ ဒီဖြစ်စဉ်ကိုတော့ Dynamic Chaos လို့ခေါ်ပါတယ်။ နှစ်နဲ့ချီစောင့်ကြည့်ထားတဲ့ ဂြိုဟ်သိမ်တစ်ခု ရဲ့ ပတ်လမ်းကြောင်းကို တောင် နောက် နှစ် ၁၀၀ လောက်အထိပဲ စိတ်ချလက်ချ တွက်ချက်လို့ရပါတယ်။
ပုံ ၄ မှာပြထားတဲ့ ချိုင့်ဝှမ်းက အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ်မှာရှိတဲ့ Barringer Crater ဖြစ်ပါတယ်။ အမေရိကန်လူမျိုး သတ္တုတွင်း အင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ Daniel Barringer ကို အစွဲပြုပြီး အမည်ပေးထားတာပါ။ Barringer က ဒီချိုင့်ဝှမ်းဟာ သံသတ္တုနဲ့အဓိကဖွဲ့စည်းထားတဲ့ ဂြိုဟ်သိမ်တစ်ခု တိုက်မိတာကြောင့် ဒီချိုင့်ဝှမ်းဖြစ်ပေါ်လာတာဆိုပြီး စတင်အဆိုပြုခဲ့သူပါ။ ၁၉၅၀ လောက်ထိ ဒီချိုင့်ဝှမ်းကို မီးတောင်လှုပ်ရှားမှုကြောင့် ဖြစ်ပေါ်လာတာလို့ ယူဆခဲ့ကြပါတယ်။ Berringer ဟာ ၁၉၀၃ ခုနှစ်မှာ အစိုးရဆီကနေ မိုင်းတူးခွင့်ရယူပြီး ဒီချိုင့်ဝှမ်းထဲမှာ စတင် သတ္တုတူးဖော်ရေးလုပ်ငန်းစတင်ခဲ့ပါတယ်။ Berringer က ဒီချိုင့်ဝှမ်းထဲမှာ ရှိတဲ့ သံသတ္တုရဲ့ တန်ဖိုးက ၁၉၀၃ ခုနှစ် ရဲ့ ဒေါ်လာ တဘီလီယံ (ယနေ့ခေတ် ၃၈ ဘီလီယံ) ခန့်တန်ကြေးရှိမယ်လို့ ခန့်မှန်းခဲ့ပါတယ်။ Berringer က ဒီချိုင့်ဝှမ်းမှာ ၂၇ နှစ်ကြာအောင် နည်းမျိုးစုံနဲ့ အနက်ပေ ၁၂၀၀ ပေလောက်ထိ တူးခဲ့ပေမယ့် ဘာသတ္တုမှ မတွေ့ခဲ့ပါဘူး။ သူမသိခဲ့ ထိုခေတ်ကမသိကြတာကတော့ တစက္ကန့်ကို ကီလိုမီတာ ၂၀ ၃၀ လောက် အရှိန်နှုန်းနဲ့ ကျလာတဲ့ ဂြိုဟ်သိမ် က မြေကြီးထဲမှာ ထိုးဝင်နေမှာမဟုတ်ပဲ မြေကြီးနဲ့ တိုက်မိမိချင်းကို အငွေ့ပြန်သွားစေလောက်တဲ့ထိ ပြင်းထန်တဲ့ ပေါက်ကွဲမှုဖြစ်ပေါ်စေတာပါ။ မီတာ ၅၀ လောက်ရှိတဲ့ ဒီ ဂြိုဟ်သိမ်တိုက်မိရာက ထွက်ပေါ်လာတဲ့ ပေါက်ကွဲမှုပမာဏဟာ ဟီရိုရှီးမား မှာပေါက်ကွဲခဲ့တဲ့ နျူကလီးယားဗုံး အလုံး ၆၀၀ လောက်ပြင်းအားရှိပါတယ်။
ဒိုင်နိုဆောတွေ မျိုးတုန်းသွားစေတဲ့ ဖြစ်စဉ် ရဲ့ အဓိက တရားခံလို့ ပညာရှင်တွေ သတ်မှတ်ထားတဲ့ The Chicxulub Event လို့ခေါ်တဲ့ ဖြစ်စဉ်မှာတော့ အချင်း ၁၀ ကီလိုမီတာ ခန့်ရှိတဲ့ ဂြိုဟ်သိမ်ဝင်တိုက်ခဲ့တာပါ။ ဝင်တိုက်ခဲ့တဲ့နေရာကတော့ ယနေ့ခေတ် မက္ကဆီကို နိုင်ငံကမ်းလွန်ရှိ Yucatan ကျွန်းစွယ်နေရာမှာ ဖြစ်ပါတယ်။ ထိုနေရာ ကို ကောင်းကင် ကလေ့လာမယ်ဆိုရင် ရေအောက် တဝက်လောက် ရောက်နေတဲ့ ချိုင့်ဝှမ်းကြီး ကိုတွေ့ရမှာပါ။ ဒီတိုက်မိမှုကြောင့် ဒိုင်နိုဆောမျိုးနွယ်တွေအပါအဝင် ကမ္ဘာပေါ်ရှိ သက်ရှိ ၇၀ ရာခိုင်နှုန်းလောက် မျိုးတုန်းပျောက်ကွယ်ခဲ့ရပါတယ်။ ဒီအဖြစ်ဆိုးကြီးကနေ အကျိုးအမြတ်ရခဲ့တာကတော့ ကျွန်တော်တို့ လူအပါအဝင် နို့တိုက်သတ္တဝါတွေ ရဲ့ ဘိုးဘေးတွေဖြစ်တဲ့ ရှေးဦး နို့တိုက်သတ္တဝါမျိုးနွယ်တွေပါ။ အရင် က ဒိုင်နိုဆော နဲ့ အခြား သတ္တဝါအကြီးတွေ ကြောင့် မြေတွင်းအောင်း သတ္တဝါအနေနဲ့ နေခဲ့ရတဲ့ နို့တိုက်သတ္တဝါမျိုးနွယ်တွေဟာ သူတို့ကို အမဲလိုက်မယ့် အကောင်ကြီးမျိုးနွယ်တွေ မရှိတဲ့နောက်ပိုင်းမှာ တွင်းအောင်းနေရာကနေ မြေပြင်ပေါ်ကို ပေါ်ထွက်လာခဲ့ကြပါတယ်။
The Chicxulub Event လိုမျိုး ဂြိုဟ်သိမ်အရွယ်အစား သို့ ပိုကြီးမားတဲ့ ဂြိုဟ်သိမ်တွေ ဟာ နှစ်သန်း ၁၀၀ လောက်မှာ တကြိမ် ကမ္ဘာကိုဝင်တိုက်မိနိုင်တယ်လို့ တွက်ချက်ထားတဲ့ အချက်အလက်တွေအရ ခန့်မှန်းထားကြပါတယ်။ ဒါကြောင့် ကျွန်တော်တို့ သက်တမ်းမှာတော့ အဆိုပါ ဂြိုဟ်သိမ် မျိုးဝင်တိုက်ဖို့ မဖြစ်နိုင်သလောက်ပါပဲ။ ဒါ့အပြင် လက်ရှိရှာတွေ့ထားတဲ့ ဂြိုဟ်သိမ်စာရင်းအရ လဲ အဆိုပါ အရွယ်အစားဂြိုဟ်သိမ် ကျွန်တော်တို့ ကမ္ဘာနားမှာ ပတ်နေတာမရှိပါဘူး။ ဒါပေမယ့် လက်ရှိ ၁ ကီလိုမီတာ အရွယ်လောက် ရှိတဲ့ ဂြိုဟ်သိမ်တွေကတော့ တိုက်နိုင်ခြေရှိနေပါတယ်။ လက်ရှိတွေ့ရှိထားချက်တွေအရ ၁၀ ကီလိုမီတာ ဂြိုဟ်သိမ်တခုတွေ့တိုင်း ၁ ကီလိုမီတာ ဂြိုဟ်သိမ် တစ်ထောင်ခန့် တွေ့ထားပါတယ်။ ဒီ တကီလိုမီတာ အရွယ် ဂြိုဟ်သိမ်တွေ က လဲ ကမ္ဘာပျက်တဲ့ထိ မဖြစ်စေနိုင်ပေမယ့် နိုင်ငံတခု အလုံးစုံပျက်စီးသွားစေနိုင်ပါတယ်။
လက်ရှိမှာ အဆိုပါ တစ်ကီလိုမီတာ အရွယ်အစား ဂြိုဟ်သိမ်တွေ ရဲ့ ၉၀ ရာခိုင်နှုန်းလောက် ရှာတွေ့ထားပြီးပါပြီ။ နောက် နှစ် ၂၀ လောက် အတွင်းမှာ သူတို့ရဲ့ ပတ်လမ်းတွေကိုလည်း တွက်ချက်ထားနိုင်ပြီးပါပြီ။ ကမ္ဘာနဲ့တိုက်နိုင်မယ့်အန္တရာယ်ရှိတာမတွေ့ထားသေးပါဘူး။ နောက်ထပ် အန္တရာယ်ကတော့ ဒီလောက်မကြီးပေမယ့် မီတာ ၅၀၀-၈၀၀ လောက်ရှိပြီး ဝင်တိုက်ရင် မြို့တစ်မြို့ ပျက်စီးသွားစေနိုင်တဲ့ ဂြိုဟ်သိမ်မျိုးတွေပါ။ ဒါတွေက အန္တရာယ်အကြီးဆုံးလို့တောင်ပြောနိုင်ပြီး မီတာ ၅၀၀ အရွယ်အစားရှိတဲ့ ဂြိုဟ်သိမ်တွေက အရေအတွက်ပိုမိုများတဲ့အပြင် သေးငယ်တာကြောင့် ရှာဖွေထောက်လှမ်းဖို့ ပိုခက်ခဲတာကြောင့်ပါ။
ဒါဆို တကယ်လို့ ဂြိုဟ်သိမ် တစ်ခု ကမ္ဘာဆီဦးတည်လာနေရင်ရော ဘယ်လိုကာကွယ်ကြမလဲ ?
တည့်တည့်ပြောရရင်တော့ အဖြေမရှိသေးပါဘူး။ ဒီဂြိုဟ်သိမ်တွေကို ကျွန်တော်တို့ ကာကွယ်ဖို့နည်းလမ်း သေချာမရှိသေးပါဘူး။ အများစုကတော့ နျူကလီးယားဗုံးနဲ့ ဖေါက်ခွဲပစ်ဖို့ စဉ်းစားကြပါတယ်။ 1998 ခုနှစ်ထွက် Armageddon ရုပ်ရှင်ထဲကလို ဂြိုဟ်သိမ်ဆီကို အာကာသယာဉ်လွှတ်ပြီး နျူကလီးယားဗုံး တပ်ဆင်ဖေါက်ခွဲတာမျိုးလုပ်ဖို့ပါ။ ဒီအကြံက တကယ်တမ်းမှာအလုပ်မဖြစ်ပါဘူး။ ဒါ့အပြင် Gravity Tractor (ဆွဲငင်အားသုံးခြင်း) နည်းလမ်း နဲ့ အာကာသယာဉ်တစ်စင်းကို ဂြိုဟ်သိမ်အနီးတွင် ပျံသန်းစေပြီး ဆွဲငင်အားဖြင့် ၎င်း၏လမ်းကြောင်းကို တဖြည်းဖြည်း ဆွဲယူပြောင်းလဲအောင် လုပ်လို့ရနိုင်ပါတယ်။ ဒီနည်းလမ်းကလဲ သီအိုရီအဆင့်မှာပဲ ရှိပါသေးတယ်။
နောက်တစ်ခု က ဂြိုဟ်သိမ်ဆီကို ဒုံးပျံတစ်ခု စေလွှတ်ပြီး တဖြည်းဖြည်းချင်းစီ သူ့မူလပတ်လမ်းကြောင်းကနေ သွေဖယ်သွားအောင် တွန်းထုတ်ဖို့ပါ။ လက်ရှိမှာတော့ DART လို့ခေါ်ပြီး အာကာသထဲက ဂြိုဟ်သိမ်တစ်ခုကို အာကာသယာဉ်နဲ့ တိုက်မိစေပြီး ၎င်းရဲ့ သွားလာနေတဲ့ ပတ်လမ်း (Orbit) ကို ပြောင်းလဲပစ်နိုင်ခြင်း ရှိ၊ မရှိ စမ်းသပ်ဖို့ ဖြစ်ပါတယ်။ ဒါကို "Kinetic Impactor" နည်းလမ်းလို့ ခေါ်ပါတယ်။ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလမှာ DART အာကာသယာဉ်ကို လွှတ်တင်ခဲ့ပါတယ်။ Didymos လို့ခေါ်တဲ့ ဂြိုဟ်သိမ်ကြီးကို ပတ်နေတဲ့ Dimorphos ဆိုတဲ့ ဂြိုဟ်သိမ်ငယ်လေးကို ပစ်မှတ်ထားခဲ့တာပါ။ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့မှာ DART ယာဉ်ဟာ တစ်နာရီကို မိုင်ပေါင်း ၁၄,၀၀၀ (၂၂,၅၀၀ ကီလိုမီတာ) အရှိန်နဲ့ Dimorphos ဂြိုဟ်သိမ်ကို ဝင်တိုက်ခဲ့ပါတယ်။ အဆိုပါ တိုက်မိမှုကြောင့် Dimorphos ရဲ့ ပတ်လမ်းကြာချိန်ဟာ ၃၂ မိနစ်ခန့် တိုတောင်းသွားခဲ့ပါတယ်။ DART အာကာသယာဉ် စမ်းသပ်မှုကြောင့် သီအိုရီအရသာမက လက်တွေ့မှာလည်း ဂြိုဟ်သိမ်လမ်းကြောင်းကို ပြောင်းလဲနိုင်ကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။ ဒါပေမယ့် လည်း ၁၀ ကီလိုမီတာ လောက်ရှိတဲ့ ဂြိုဟ်သိမ် ကိုတော့ အဆိုပါ နည်းလမ်းနဲ့ လမ်းကြောင်းပြောင်းအောင် လုပ်နိုင်ဖို့ မဖြစ်နိုင်သလောက်ပါ။ ဒါအပြင် လမ်းကြောင်းပြောင်းတာ သက်ရောက်မှုရှိအောင် လည်း ဂြိုဟ်သိမ် ကို အဝေးကြီး မှာရှိစဉ်ကတည်းက ရှာတွေ့ထားဖို့လိုပြီး အားလုံးအဆင်သင့်ဖြစ်နေမှရမှာပါ။ လက်ရှိမှာတော့ အဆိုပါ အဆင့်ရောက်အောင် အများကြီးလိုပါသေးတယ်။
ဒါဆို ကျွန်တော်တို့ ဘာလုပ်နိုင်မလဲ ။ ပြောရရင် လုပ်နိုင်တာကို အရင်လုပ်ကြဖို့လိုပါတယ်။ အဆိုပါ အန္တရာယ်ဖြစ်စေနိုင်မယ့် ဂြိုဟ်သိမ်တွေ ကို စောစော ရှာတွေ့နိုင်အောင် ကြိုးစားဖို့လိုပါတယ်။ ရှာနိုင်ဖို့ တယ်လီစကုတ်တွေ ထပ်ဆောက်ဖို့လိုပါတယ်။ အာကာသထဲကိုလည်း ထပ်မံလွှတ်တင်ထားဖို့လိုပါမယ်။ ဒါ့အပြင် DART လိုမျိုး မစ်ရှင်တွေ ကို တကယ်ဖြစ်လာရင် အဆင်သင့်ဖြစ်နေအောင် ပြင်ဆင်ထားဖို့လိုပါတယ်။ ဒိုင်နိုဆောတွေ မျိုးတုန်းခဲ့ရတာက ကျွန်တော်တို့လိုမျိုး အသိဉာဏ်မရှိခဲ့လို့ ဖြစ်ပေမယ့် လူသားမျိုးနွယ်မျိုးမတုန်းအောင် လုပ်ဆောင်ဖို့ ကျွန်တော်တို့ မှာ လုံလောက်တဲ့ ဉာဏ်စွမ်းနဲ့ နည်းပညာ အဆင့်အတန်းတစ်ခု ရှိနေပြီဖြစ်ပါတယ်။ အကယ်၍ တစ်နေ့မှာ အန္တရာယ်ရှိတဲ့ ဥက္ကာခဲတစ်ခု ကမ္ဘာဆီ ဦးတည်လာခဲ့ရင် ကျွန်တော်တို့မှာ အဆင်သင့်ဖြစ်နေအောင် ပြင်ဆင်ဆောင်ရွယ်ထားရမှာဖြစ်ပါတယ်။

No comments:

Post a Comment