Thursday, April 2, 2026

စာဖတ်ခြင်းဟာလူကို ထုံထိုင်း စေနိုင်သလား

 

🧠☠️ စာဖတ်ခြင်းဟာလူကို ထုံထိုင်း စေနိုင်သလား⁉️

စာဖတ်နေရင်ပဲ ပညာရှိဖြစ်ပြီလို့ ထင်မနေပါနဲ့ အသိဉာဏ် အလုပ်သမား ထက် မပိုဘူးဆိုတဲ့အမှောင်ဒဿန🧠🤡

📖The Futility of Reading
စာဖတ်ခြင်းရဲ့ အမှောင်ဒဿန

ငယ်ငယ်ကတည်းက ကျွန်တော်တို့ကို လူကြီးတွေရော ကျောင်းကဆရာတွေကပါ အမြဲပြောလေ့ရှိတဲ့ စကားတစ်ခွန်းရှိပါတယ်။စာများများဖတ်ပါ၊ စာအုပ်စာပေ လူ့မိတ်ဆွေ ဆိုတာမျိုးပေါ့။

လူ့အဖွဲ့အစည်းမှာလည်း စာဖတ်တဲ့သူဆိုရင် ပညာတတ်ပြီးတွေးခေါ်နိုင်စွမ်းရှိသူအနေနဲ့အထင်ကြီးလေးစားလေ့ ရှိကြပါတယ်။

ဒါပေမဲ့ တကယ်ပဲ စာဖတ်တာဟာ အမြဲတမ်း အကျိုးရှိနေတာလား။စာအုပ်တွေဆိုတာ ကျွန်တော်တို့ဘဝကို တကယ်ပဲ ကယ်တင်ပေးနိုင်တာလားပေါ့။

ဒီနေရာမှာ ကျွန်တော်တို့တွေ ပုံမှန်တွေးနေကျဘောင်ထဲကနေ ခွဲထွက်ပြီး နည်းနည်းလေး ခပ်မှောင်မှောင် ခပ်ရိုင်းရိုင်း တွေးကြည့်ရအောင်ဗျာ။

အဲဒါကတော့ The Futility of Readingလို့ခေါ်တဲ့ စာဖတ်ခြင်းရဲ့အချည်းနှီးဖြစ်မှု ဆိုတဲ့အမှောင်ဒဿနအကြောင်းပါ။ စာဖတ်ခြင်းရဲ့ အမှောင်ဒဿနတွေကလဲကြောက်ဖို့ကောင်းပါတယ်။

☠️သူများဦးနှောက်ကို ငှားပြီး တွေးနေခြင်း

နာမည်ကျော် ဂျာမန်ဒဿနပညာရှင် Arthur Schopenhauer က သူ့ရဲ့ On Reading and Books ဆိုတဲ့ အက်ဆေးမှာ စာဖတ်ခြင်းကို ရက်ရက်စက်စက် ဝေဖန်ထားဖူးပါတယ်။

စာဖတ်တယ်ဆိုတာ ကိုယ့်ဦးနှောက်နဲ့ကိုယ် မတွေးဘဲ သူများဦးနှောက်နဲ့ လိုက်တွေးနေတာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဝေဖန်စဉ်းစားမှုနဲ့ ဖတ်မယ်ဆိုရင် အဲဒီအတွေးတွေက ကိုယ့်ဦးနှောက်ကို ပိုပြီး ထက်မြက်စေနိုင်ပါတယ်။

စဉ်းစားကြည့်ဗျာ။ ကျွန်တော်တို့ စာအုပ်တစ်အုပ်ဖတ်တဲ့အခါ စာရေးဆရာ ချပေးထားတဲ့ လမ်းကြောင်းအတိုင်း ကျွန်တော်တို့ရဲ့ အတွေးတွေက လိုက်မျောသွားရပါတယ်။

အဲဒီလို လိုက်မျောရင်း စာတွေ အလွန်အကျွံ ဖတ်လာတဲ့အခါ ကိုယ်တိုင် သီးခြားလွတ်လပ်စွာ တွေးခေါ်နိုင်စွမ်း တွေ တုံးအသွားတတ်ပါတယ်။

စာဖတ်လွန်းတဲ့သူတွေဟာ အရာရာကို စာအုပ်ထဲက အမြင်တွေနဲ့ပဲ တိုင်းထွာတတ်လာပြီး တကယ့် လက်တွေ့ဘဝကနေ ရတဲ့ ကိုယ်ပိုင်အသိဉာဏ် တွေ ပျောက်ဆုံးသွားတတ်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

☠️The Forgetting Curve
မေ့ပျောက်ခြင်းဆိုတဲ့ သံသရာ

ပြီးခဲ့တဲ့လက ဖတ်ခဲ့တဲ့ စာအုပ်ထဲက အကြောင်းအရာတွေကို အခု ဘယ်လောက် မှတ်မိသေးလဲဗျ။ လွန်ခဲ့တဲ့ တစ်နှစ်က ဖတ်ခဲ့တဲ့ စာအုပ်တွေရောပေါ့။ သေချာပါတယ်၊ ရာခိုင်နှုန်း ၉၀ လောက်က ခေါင်းထဲမှာ မရှိတော့ပါဘူး။

ဒါဟာ လူတွေရဲ့ ပျင်းရိမှုကြောင့်ပဲတော့မဟုတ်ပါဘူးဗျ။သိပ္ပံနည်းကျ အချက်တွေရှိပါတယ်။ဂျာမန်စိတ်ပညာရှင် Hermann Ebbinghaus ရှာဖွေတွေ့ရှိခဲ့တဲ့ The Forgetting Curve မေ့လျော့ခြင်း မျဉ်းကွေး သဘောတရားတခုရှိပါတယ်။

သူ့ရဲ့ လေ့လာချက်အရ လူတွေဟာ အချက်အလက်တစ်ခုကို သိပြီးတာနဲ့ မိနစ်ပိုင်းအတွင်းမှာတင် စတင်မေ့လျော့ကြပြီး (၂၄) နာရီအတွင်းမှာ သိခဲ့သမျှရဲ့ ၇၀% ကျော်ကို မေ့သွားတတ်ကြပါတယ်။

ကျွန်တော်တို့တွေ အချိန်တွေပေး၊ မျက်စိညောင်းခံ၊ ပိုက်ဆံတွေ အကုန်ခံပြီး စာအုပ်တွေ ဝယ်ဖတ်ကြတယ် ပြီးတော့ Ebbinghaus ပြောသလိုပဲ အကုန်ပြန်မေ့သွားကြပါတယ်။

ဒါဆိုရင် ဘာလို့ အဲဒီလောက် အပင်ပန်းခံ ဖတ်နေဦးမှာလဲ ဆိုတဲ့ မေးခွန်း ထွက်လာနိုင်ပါတယ်။ ဒါပေမယ့် မေ့သွားခြင်းဟာ အရာအားလုံးကို ပျောက်ဆုံးသွားခြင်းမဟုတ်ဘဲ ဦးနှောက်က အရေးကြီးတာတွေကိုသာ စိစစ်ထားနိုင်တဲ့ လုပ်ငန်းစဉ်တစ်ခုလည်း ဖြစ်ပါတယ်။

ဒီဒဿနရှုထောင့်ကနေ ကြည့်ရင် စာဖတ်တယ်ဆိုတာ ရေစစ်နဲ့ ရေခပ်နေသလိုပဲ အရာအားလုံးက အချိန်တန်ရင် ပြန်ယိုထွက်သွားမယ့် အချည်းနှီးအလုပ်တစ်ခုလို့ မြင်လာနိုင်ပါတယ်။ အခိုက်အတန့်လေးတစ်ခု စိတ်ကျေနပ်မှုရဖို့ လောက်ပဲ ဖတ်နေကြတာမျိုးပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

☠️Reading as Escapism
လက်တွေ့ဘဝကနေ ထွက်ပြေးခြင်း

လူတွေက စာဖတ်နေရင် သူတို့ကိုယ်သူတို့ အလုပ်တစ်ခုခု လုပ်နေတယ်၊ အသိပညာတွေ ရှာမှီးနေတယ်လို့ ထင်တတ်ကြတယ်ပါ့။ တကယ်တော့ စာဖတ်တာဟာလည်း ရုပ်ရှင်ကြည့်တာ၊ ဂိမ်းဆော့တာတွေလိုပဲ လက်တွေ့ဘဝရဲ့ ပြဿနာတွေကနေ ထွက်ပြေးချင်လို့ သုံးတဲ့ ထွက်ပေါက်တစ်ခု သက်သက်သာ ဖြစ်နေတတ်ပါတယ်။

ဒါပေမယ့် positive အမြင်အရ ပြန်လည်ရင်ဆိုင်နိုင်ဖို့ အားပြန်သွင်းတဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။

ဘဝမှာ တကယ် အလုပ်လုပ်ရမှာ၊ ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းရမှာကို ကြောက်တဲ့အခါ၊ လူတွေဟာ စာအုပ်တွေထဲမှာ ပုန်းအောင်းနေတတ်ကြပါတယ်။

"ငါ စာဖတ်နေတာပဲ၊ ငါ တိုးတက်နေတာပေါ့" ဆိုတဲ့ လှည့်စားမှုနဲ့ ကိုယ့်ကိုယ်ကိုယ် သက်သာရာရအောင် လုပ်နေတာပါ။

တကယ့်လက်တွေ့ဘဝမှာ ဘာမှ အကောင်အထည်ဖော် မလုပ်ဆောင်ဘူးဆိုရင် အဲဒီစာဖတ်ခြင်းဟာ ဘာအဓိပ္ပာယ်မှ မရှိတော့ပါဘူး။

~~~~~~~~~~~~~~~~~~~~~~~~~~~

☠️Existential Nihilism
ဘာဖတ်ဖတ် အဆုံးသတ်က အတူတူပဲ

ကမ္ဘာပေါ်မှာ စာအုပ်ပေါင်း သန်းနဲ့ချီ ရှိပါတယ်။ တစ်သက်လုံး အချိန်ပြည့်ထိုင်ဖတ်နေရင်တောင် ကိုယ် ဖတ်ချင်တဲ့ စာအုပ်တွေကို ကုန်အောင် ဖတ်နိုင်မှာ မဟုတ်ပါဘူး။ အဲဒီလောက် မကုန်နိုင်မခန်းနိုင်တဲ့အချက်အလက်တွေ ကြားမှာ သိလိုက်ရတဲ့ အသိပညာဆိုတာ သမုဒ္ဒရာထဲက ရေတစ်စက်လောက်ပဲ ရှိပါတယ်။

ပိုဆိုးတာက ဘယ်လောက်ပဲ စာတွေဖတ်ဖတ်၊ ဘယ်လောက်ပဲ ပညာတတ်ကြီး ဖြစ်နေပါစေ နောက်ဆုံးမှာ အားလုံးလိုပဲ သေဆုံးသွားရမှာပါပဲ။

သေသွားတဲ့အခါ အဲဒီ အသိဉာဏ်တွေ ဒဿနတွေ တစ်ခုမှ ပါသွားမှာ မဟုတ်ပါဘူး။ လောကကြီးရဲ့ ကြီးမားကျယ်ပြန့်တဲ့ ဇာတ်ခုံပေါ်မှာ ခင်ဗျား ဘာစာအုပ်တွေ ဖတ်ခဲ့ဖူးလဲဆိုတာက စကြဝဠာကြီးအတွက် ဘာမှ အရေးမပါတဲ့ ကိစ္စတစ်ခုသာ ဖြစ်ပါတယ်။

သမ္မာကျမ်းစာ ဒေသနာကျမ်း ၁၂:၁၂ မှာတောင် “စာအုပ်များကို အဆုံးမရှိဘဲ ပြုစုတတ်ကြ၏။ များစွာသော စာသင်ခြင်းအမှုသည် ကိုယ်ခန္ဓာကို ပင်ပန်းစေတတ်၏" လို့ ဆိုထားတာ ရှိပါတယ်။

ဒီကျမ်းပိုဒ်ကို ရေးသားခဲ့သူလို့ ယူဆရတဲ့ King Solomon ဟာ ကမ္ဘာပေါ်မှာ အသိဉာဏ်အကြွယ်ဝဆုံး ပုဂ္ဂိုလ်တစ်ဦးလို့ ကျော်ကြားသူပါ။

သူကိုယ်တိုင်က အသိပညာတွေ အများကြီး ရှာဖွေစုဆောင်းပြီးတဲ့နောက်မှာ ဒီစကားကို ပြောခဲ့တာမို့ ပိုပြီး အနှစ်သာရရှိပါတယ်။

စာဖတ်ခြင်းရဲ့ အချည်းနှီးဖြစ်မှုကို ခေတ်သစ်ဒဿနပညာရှင်တွေတင်မကဘဲ လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီကတည်းက ရှေးဟောင်းကျမ်းစာတွေမှာပါ သတိပေးခဲ့တယ်ဆိုတာ သက်သေပြလိုက်တာပါ။

"ကိုယ်ခန္ဓာကို ပင်ပန်းစေတတ်၏" ဆိုတဲ့အချက်က အခုခေတ်မှာဆိုရင် မျက်စိညောင်းတာ၊ ဇက်ကြောတက်တာကအစ ဦးနှောက်ပင်ပန်းတာ အထိ အကျုံးဝင်နေပါတယ်။

အသိပညာတွေ ဘယ်လောက်ပဲ ရှာရှာအဆုံးမရှိတဲ့အတွက် လူဟာ ပြည့်စုံသွားတယ်လို့ မရှိဘဲ ပင်ပန်းရုံပဲ ရှိတယ်ဆိုတဲ့ Nihilistic အမြင်ကို ပံ့ပိုးပေးပါတယ်။

The Futility of Reading ဆိုတဲ့ ဒဿနက စာလုံးဝ မဖတ်နဲ့ လို့ တားမြစ်နေတာ မဟုတ်ပါဘူး။ စာဖတ်ခြင်းကို အလွန်အကျွံ အထွတ်အမြတ် မတင်ဖို့ သတိပေးနေတာပါ။

စာဖတ်ရုံသက်သက်နဲ့ လူတစ်ယောက်ဟာ အလိုအလျောက် တော်လာတာ မြင့်မြတ်လာတာ မဟုတ်ပါဘူး။

စာအုပ်တွေထဲမှာချည်းပဲ ခေါင်းနစ်မနေဘဲ ကိုယ်ပိုင်ဦးနှောက်နဲ့ စဉ်းစားတတ်ဖို့ လက်တွေ့ဘဝထဲမှာ ကိုယ်တိုင် ဝင်ရောက်လှုပ်ရှား အသက်ရှင်ဖို့ လိုတယ်ဆိုတာကို ဒီအမှောင်ဒဿနကနေတစ်ဆင့် ပြန်လည် ဆင်ခြင်ကြည့်နိုင်ပါတယ်။

စာအုပ်ဆိုတာ အသုံးချဖို့ ကိရိယာသက်သက်သာ ဖြစ်ပြီးကျွန်တော်တို့ဘဝရဲ့ အရှင်သခင်တွေ မဟုတ်ဘူး ဆိုတာကို လက်ခံထားဖို့ လိုအပ်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

☠️The Illusion of Wisdom
ပညာရှိယောင်ဆောင်မှုနှင့်အတုယောင်အသိဉာဏ်

စာအုပ်ထဲက စကားလုံးတွေ၊ ဒဿနတွေကို အလွတ်ကျက်မှတ်ထားနိုင်ရုံနဲ့ ပညာရှိဖြစ်ပြီလို့ ထင်ယောင်ထင်မှား ဖြစ်တတ်ကြပါတယ်။

တကယ့် လက်တွေ့ဘဝ အတွေ့အကြုံ မရှိဘဲ စာအုပ်ထဲက အသိပညာ သက်သက်နဲ့ လောကကြီးကို နားလည်ပြီလို့ ယူဆတာဟာ အင်မတန် အန္တရာယ်များပါတယ်။

စာဖတ်လွန်းသူတချို့ဟာ သူများရေးထားတဲ့ အဆိုအမိန့်တွေကို ကြက်တူရွေးလို ပြန်ရွတ်ပြနိုင်ပေမယ့် တကယ့်လက်တွေ့ ပြဿနာကြုံလာတဲ့အခါ ဖြေရှင်းနိုင်စွမ်း မရှိကြပါဘူး။ ဒါဟာ စာဖတ်ခြင်းက ပေးလိုက်တဲ့ အတုအယောင် အသိဉာဏ်ပါပဲ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

☠️Confirmation Bias
မိမိအမြင်ကိုသာ အတည်ပြုရန် ဖတ်ခြင်း

လူတွေဟာ များသောအားဖြင့် သူတို့ယုံကြည်လက်ခံထားတဲ့ အယူအဆတွေ နဲ့ သူတို့ ကြိုက်နှစ်သက်တဲ့ နိုင်ငံရေး၊ ဘာသာရေး၊ အတွေးအခေါ်တွေနဲ့ ကိုက်ညီတဲ့ စာအုပ်တွေကိုပဲ ရွေးဖတ်လေ့ရှိကြပါတယ်။

အဲဒီအခါ စာဖတ်တယ်ဆိုတာ မျက်စိပွင့်လင်းလာဖို့၊ အမြင်ကျယ်လာဖို့ မဟုတ်တော့ဘဲ ကိုယ်တွေးတာ မှန်တယ်ဆိုပြီး ကိုယ့်အစွဲကို ကိုယ်ပိုပြီး ခိုင်မာအောင် လုပ်နေတဲ့ လုပ်ရပ်သက်သက်သာ ဖြစ်သွားပါတယ်။ ဒါဆိုရင် ဒီလိုစာဖတ်ခြင်းဟာ ဘာအသစ်မှ တိုးမလာတဲ့အတွက် အချည်းနှီးပါပဲ။

ဒါကို ကျော်လွှားဖို့ ကိုယ်မယုံကြည်တဲ့ အမြင်တွေကို တမင်ရွေးဖတ်ခြင်းက ပိုမို အကျိုးရှိပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

☠️The Action Paralysis
Self-Help စာအုပ်တွေရဲ့ ထောင်ချောက်

ဘဝမှာ အောင်မြင်အောင် ဘယ်လိုလုပ်မလဲ ဆိုတဲ့ စာအုပ်မျိုးတွေ ထပ်တလဲလဲ ဖတ်နေပေမယ့် လက်တွေ့မှာ ဘာမှ ထလုပ်တာမျိုး မရှိတဲ့ အခြေအနေမျိုးပါ။

ရေကူးနည်း စာအုပ်ပေါင်း ရာချီဖတ်ထားပေမယ့် ရေထဲမဆင်းရင် ရေနစ်မှာပါပဲ။ စာဖတ်တာကိုပဲ အလုပ်တစ်ခုလို သဘောထားပြီး လက်တွေ့ အကောင်အထည်ဖော်ဖို့ ကို မေ့နေတဲ့အခါ အဲဒီ စာဖတ်ခြင်းဟာ သင့်ကို ရှေ့ရောက်အောင် တွန်းပို့မပေးတဲ့အပြင် အချိန်ကုန်လူပန်းသာ ဖြစ်စေပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

☠️Intellectual Snobbery
အထက်တန်းစားဆန်မှုအဖြစ် အသုံးချခြင်း

တချို့လူတွေအတွက် စာဖတ်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ်တခြားသူတွေထက်သာလွန်တယ်၊ ပိုပြီး ပညာတတ်တယ်ဆိုတာကိုပြသချင်တဲ့ မာန
သက်သက် ဖြစ်နေတတ်ပါတယ်။

ခက်ခဲနက်နဲတဲ့ စာအုပ်တွေ နာမည်ကြီး ဂန္ထဝင်စာအုပ်တွေ နဲ့ ဒဿနကျမ်းကြီတွေ ကို ဖတ်ပြခြင်းအားဖြင့် လူ့အဖွဲ့အစည်းမှာ နေရာတစ်ခုရဖို့အထင်ကြီးခံရဖို့ လုပ်ဆောင်နေတာမျိုးပါ။

တကယ့် အတွေးအခေါ် ရင့်ကျက်မှုအတွက် မဟုတ်ဘဲ ဟန်ဆောင်မှုသက်သက် ဖြစ်နေတဲ့အခါ စာဖတ်ခြင်းရဲ့ တကယ့်ရည်ရွယ်ချက်ဟာ ပျောက်ဆုံးသွားပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

☠️Information Obesity
သတင်းအချက်အလက် အဆိပ်သင့်ခြင်း

ကျွန်တော်တို့ ခန္ဓာကိုယ်က အစာတွေ အလွန်အကျွံစားရင် အဝလွန်သလိုပဲ ဦးနှောက်ကလည်း အချက်အလက်တွေ အလွန်အကျွံ လက်ခံမိရင် အသိဉာဏ် အဝလွန်ခြင်း ဖြစ်တတ်ပါတယ်။

စာအုပ်တွေ အများကြီး ဖတ်လွန်းတဲ့အခါ ခေါင်းထဲမှာ အယူအဆတွေ၊ သီအိုရီတွေ ရှုပ်ထွေးကုန်ပြီး ဘယ်ဟာက အမှန်လဲ၊ ဘာကို ဆုံးဖြတ်ရမလဲ မသိတော့တဲ့ Analysis Paralysis ဆိုတဲ့ စဉ်းစားလွန်းလို့ ဘာမှမလုပ်နိုင်တော့တဲ့ရောဂါဖြစ်လာတတ်ပါတယ်။

အဲဒီအခါ စာဖတ်ခြင်းဟာ လမ်းပြတာ မဟုတ်တော့ဘဲ လူကို ပိုပြီး တွေဝေစေတဲ့ အဆိပ်အတောက် ဖြစ်လာပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

☠️The Disconnection from Reality
စာအုပ်ထဲကလောကနှင့် လက်တွေ့လောက ကွာဟမှု

စာရေးဆရာအများစုဟာ သူတို့ရဲ့ စိတ်ကူးယဉ်ကမ္ဘာ သူတို့ရဲ့ သီးသန့်အမြင်နဲ့ စာရေးကြတာပါ။ စာအုပ်တွေထဲမှာ အရာရာဟာ အစီအစဉ်တကျ ရှိနေတတ်တယ်တွေ အကြောင်းရင်းရှိရင် အကျိုးရှိတယ်၊ တရားမျှတမှု တွေ ရှိတတ်တယ်။

ဒါပေမဲ့ တကယ့်လက်တွေ့လောကကြီးက အင်မတန် ရှုပ်ထွေးပြီး မတရားမှုတွေ၊ အစီအစဉ်မရှိတဲ့ တိုက်ဆိုင်မှုတွေနဲ့ ပြည့်နှက်နေတာပါ။

စာအုပ်တွေထဲမှာပဲ အချိန်ကုန်နေတဲ့သူဟာ လောကကြီးကို စာအုပ်ထဲကအတိုင်း ဖြစ်ရမယ်လို့ မျှော်လင့်မိတဲ့အခါ တကယ့်လက်တွေ့နဲ့ တိုးမိပြီး စိတ်ဓာတ်ကျတာတွေ နဲ့ လူ့ဘောင်ကို စိတ်ပျက်တာတွေ ပိုဖြစ်လာနိုင်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

☠️Loss of One’s Own Voice
ကိုယ်ပိုင်အသံ ပျောက်ဆုံးခြင်း

ဒါက တော်တော်ကြောက်ဖို့ကောင်းပါတယ်။ တခြားသူတွေရဲ့ အတွေးအခေါ်တွေကိုပဲ တစ်ချိန်လုံး ဖတ်နေ၊ နားထောင်နေရင် ကိုယ့်ရဲ့ ပင်ကိုယ်အတွေးအခေါ်က တဖြည်းဖြည်း တိုးဝင်ပျောက်ကွယ်သွားတတ်ပါတယ်။

ကိုယ်တိုင် တစ်ခုခု ရေးချင်ပြောချင်ရင်တောင်ဒါကတော့ ဘယ်စာရေးဆရာ ပြောဖူးတဲ့ စကားပဲ…
ဒါကတော့ ဘယ်ဒဿနနဲ့ တူနေတယ်…. ဆိုတဲ့ ပုံစံခွက်တွေထဲက ရုန်းမထွက်နိုင်တော့ပါဘူး။

စာဖတ်ခြင်းက ကျွန်တော်ကို ပညာတတ်ဖြစ်စေတာထက် သူများအတွေးတွေကို ပြန်လည် ထုတ်လွှင့်ပေးတဲ့ စက်ရုပ်တစ်ရုပ်အဖြစ် ပြောင်းလဲပစ်လိုက်တာမျိုးပါ။

ဒီအချက်တွေအားလုံးကို ခြုံငုံကြည့်ရင် စာဖတ်ခြင်းရဲ့ အချည်းနှီးဖြစ်မှုဆိုတာ ဦးတည်ချက်မရှိဘဲ ဖတ်နေခြင်း ကို ဆိုလိုတာပါ။

စာအုပ်တစ်အုပ်ကို ဖတ်ပြီးရင် အဲဒီထဲက အချက်တစ်ချက်ကိုတောင် လက်တွေ့မသုံးနိုင်ဘူး ကိုယ့်ဘဝအတွက် အပြောင်းအလဲ မဖြစ်ဘူးဆိုရင် အဲဒီစာဖတ်ခြင်းဟာ စာလုံးတွေကို ကြည့်နေတဲ့ အချိန်ဖြုန်းမှုသက်သက်ပါပဲ။စာဖတ်ရုံနဲ့ လူတော်တစ်ယောက် ဖြစ်မလာစေပါဘူး။

⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️

The Futility of Reading ဆိုတဲ့ စာဖတ်ခြင်းရဲ့အမှောင်ဒဿနဟာ ဒီနေ့ခေတ်မှ ပေါ်လာတာမဟုတ်ဘဲ ရှေးဟောင်းဂရိခေတ်ကတည်းက ပညာရှိကြီးတွေကြားမှာ အငြင်းပွားခဲ့ကြတဲ့ သမိုင်းကြောင်း အစဉ်အလာရှိခဲ့ပါတယ်ဗျ။

ဒီအယူအဆရဲ့ အစောဆုံး သမိုင်းကြောင်းကို လိုက်ရင် ဂရိပညာရှိကြီး ဆိုကရေးတီး ဆီကို ရောက်ပါတယ်။ ထူးဆန်းတာက ဆိုကရေးတီးဟာ စာတစ်လုံးမှ ချမရေးခဲ့ပါဘူး။ သူက စာအုပ် ဆိုတာကို အယုံအကြည်မရှိသူပါ။

သူ့ရဲ့အယူအဆ အရ စာဖတ်ခြင်းဟာ လူတွေကို အသိဉာဏ်ရှိယောင်ဆောင်ခြင်းကို ပေးတယ်လို့ သူက မြင်ပါတယ်။

စာအုပ်ကို မေးခွန်းထုတ်ရင် စာအုပ်က ပြန်မဖြေနိုင်ပါဘူး။ ဒါကြောင့် စာဖတ်တာဟာ စစ်မှန်တဲ့ အသိပညာ မဟုတ်ဘဲ လူကို ပျင်းရိစေတယ်၊ မှတ်ဉာဏ်ကို တုံးအစေတယ်လို့ သူက ဝေဖန်ခဲ့ပါတယ်။ ဒါဟာ စာဖတ်ခြင်းအပေါ် ပထမဆုံးသော အမှောင်အမြင် ပါပဲ။

၁၉ ရာစုမှာတော့ ဂျာမန်ဒဿနပညာရှင် ရှိုပင်ဟောင်ဝါ က ဒီအယူအဆကို အရှိန်အဟုန်မြှင့်ပေးခဲ့ပါတယ်။ သူက စာဖတ်ခြင်းကို ကိုယ့်အတွေးကို သူများခြေရာနောက် လိုက်ခိုင်းခြင်း လို့ သတ်မှတ်ခဲ့သူပါ။
သူ့ခေတ်က စာအုပ်တွေ အများကြီး ထွက်လာတဲ့အပေါ် သူက စိတ်ပျက်ခဲ့ပါတယ်။

သူ့ရဲ့ ဒဿန အမြင်အရ စာဖတ်လွန်းတဲ့သူဟာ စာအုပ်ပိုးကောင် သက်သက်ဖြစ်သွားပြီး လက်တွေ့လောကနဲ့ ကင်းကွာသွားနိုင်ပါတယ်။ကိုယ်ပိုင်ဖန်တီးနိုင်စွမ်း သေဆုံးသွားတယ်လို့ သူက အပြင်းအထန် ရေးသားခဲ့ပါတယ်။သူ့ရဲ့ဒီအယူအဆက စာဖတ်ခြင်းအမှောင်ဒဿန ရဲ့ Modern အခြေခံအုတ်မြစ် ဖြစ်လာပါတယ်။

၂၀ ရာစုမှာတော့ စာဖတ်ခြင်းရဲ့ အမှောင်ဒဿနကို
အဓိပ္ပာယ်မဲ့ခြင်းနဲ့ ပေါင်းစပ်လိုက်ကြပါတယ်။
လောကကြီးမှာ ဘာမှ အဓိပ္ပာယ်မရှိဘူးလို့ ယူဆတဲ့ Nihilists တွေက စာဖတ်တာဟာ သေခြင်းတရားကို မေ့ထားဖို့ ကြိုးစားတဲ့ အချိန်ဖြုန်းမှု လို့ မြင်လာကြပါတယ်။

ပညာတွေ ဘယ်လောက်ပဲ စုဆောင်းပါစေ နောက်ဆုံးမှာ အားလုံးက မြေကြီးထဲ ရောက်သွားမှာပဲဆိုတဲ့ အသိက စာဖတ်ခြင်းရဲ့ တန်ဖိုးကို သုည အထိ ဆွဲချလိုက်တာပါ။

ဒီကနေ့ ၂၁ ရာစုမှာတော့ ဒီဒဿနဟာ Information Junk အဖြစ် သမိုင်းကွေ့သစ်ကို ရောက်လာပါတယ်။

အရင်က စာအုပ်တစ်အုပ်ဟာ တန်ဖိုးရှိခဲ့ပေမယ့် အခုခေတ်မှာ စာတွေ၊ အချက်အလက်တွေက ဖတ်မနိုင်အောင် များပြားလာပါတယ်။

ဒါကြောင့် စာဖတ်ခြင်းဟာ အသိဉာဏ်ကို မတိုးစေတော့ဘဲ လူကို ပိုပြီး ရှုပ်ထွေးစေတယ် ဆိုတဲ့ အမြင်က ပိုမို ခိုင်မာလာပါတယ်။

စာဖတ်တာဟာ အသိပညာရှာတာထက် စိတ်ကျေနပ်မှု ရှာတာသက်သက် ဖြစ်လာတယ်လို့ သမိုင်းပညာရှင်တွေက သုံးသပ်လာကြပါတယ်။

💠💠💠💠💠💠💠💠💠💠💠💠💠💠💠

📖စာဖတ်ခြင်းရဲ့ အလင်းဒဿန
The Transformative Power of Reading

The Futility of Reading ဆိုတဲ့ စာဖတ်ခြင်းရဲ့အမှောင်ဒဿန ဟာစာဖတ်သူတွေကိုတော်တော်လေး ကိုင်လှုပ်နိုင်စွမ်းရှိပေမယ့်တစ်ဖက်မှာလည်း ဒီအယူအဆကို ပြန်လည်ချေပထားတဲ့ အလင်းဘက်ခြမ်းက ဒဿနတွေ အခိုင်အမာ ရှိနေပါတယ်ဗျ။

🌅စာဖတ်ခြင်းသည် သူများဦးနှောက်ကို ငှားခြင်းမဟုတ်အတိုင်ပင်ခံ ထားခြင်းဖြစ်သည် ဆိုတဲ့အယူအဆပါ။

ဂျာမန်ဒဿနပညာရှင် Arthur Schopenhauer က စာဖတ်တာကို သူများနောက်လိုက်တာလို့ ပြောခဲ့ပေမယ့်ပြန်ချေပသူတွေကတော့ စာဖတ်တာဟာ ကမ္ဘာကျော် ပညာရှိကြီးတွေကို ကိုယ့်ရဲ့ အတိုင်ပင်ခံအဖွဲ့ အဖြစ် ခန့်ထားတာနဲ့ တူတယ်လို့ ဆိုကြပါတယ်။

ကိုယ်တိုင် လောကကြီးကို နားလည်အောင် ကြိုးစားရင် နှစ်ပေါင်း ၇၀၊ ၈၀ အတွင်းမှာ အတွေ့အကြုံ အနည်းငယ်ပဲ ရနိုင်ပါတယ်။

စာဖတ်ခြင်းကနေတစ်ဆင့် တခြားသူတွေရဲ့ နှစ်ပေါင်းထောင်ချီတဲ့ အတွေ့အကြုံတွေကို ဖြတ်လမ်းနည်းနဲ့ ရယူနိုင်တာမို့ ဒါဟာ အချိန်ကုန်သက်သာစေတဲ့ အမြော်အမြင်ရှိတဲ့ လုပ်ရပ် ဖြစ်တယ်လို့ ချေပကြပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~

🌅The Mental Gym

စာဖတ်ခြင်းသည် မှတ်ဉာဏ်အတွက်မဟုတ် ဦးနှောက်စွမ်းရည်အတွက်ဖြစ်သည်ဆိုတဲ့The Mental Gym အယူအဆ

ဖတ်ပြီးရင် မေ့သွားမှာပဲ ဘာလို့ဖတ်လဲ ဆိုတဲ့အချက်ကို အားကစားသမားတစ်ယောက်နဲ့ နှိုင်းယှဉ်ပြီး ချေပလေ့ရှိပါတယ်။

ကျွန်တော်တို့ Gym သွားပြီး အလေးမတဲ့အခါအဲဒီအလေးတုံးကြီးကို အိမ်ကို သယ်မသွားပါဘူး။ ဒါပေမဲ့ အလေးမခဲ့တဲ့အတွက် ခင်ဗျားရဲ့ ကြွက်သားတွေကတော့ သန်မာကျန်ရစ်ခဲ့ပါတယ်။

စာဖတ်တာလည်း ဒီလိုပါပဲ။ စာအုပ်ထဲက အချက်အလက်တွေကို မမှတ်မိတော့ရင်တောင် အဲဒီစာအုပ်ကို ဖတ်နေစဉ်အတွင်းမှာ ကိုယ့်ရဲ့ ဦးနှောက်က စဉ်းစားတွေးခေါ်မှုပုံစံ တွေ ပြောင်းလဲသွားပြီး ပိုမိုရင့်ကျက် သန်မာလာတာ ဖြစ်ပါတယ်။ ဒါကြောင့် မေ့သွားရင်တောင် စာဖတ်ခြင်းဟာ အချည်းနှီး မဟုတ်ပါဘူး။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

🌅The Cure for Loneliness

စာဖတ်ခြင်းသည် အထီးကျန်ခြင်းကို ကုစားပေးသည် ဆိုတဲ့ The Cure for Loneliness အယူအဆကလဲနာမည်ကြီးပါတယ်။

Nihilism အယူအဆအရ စာဖတ်တာကို အချိန်ဖြုန်းတာလို့ မြင်ပေမယ့် Existentialist တချို့ကတော့ စာဖတ်ခြင်းဟာ လူသားချင်း ချိတ်ဆက်မှုလို့ ပြန်ချေပပါတယ်။

လောကကြီးမှာ ကိုယ်တစ်ယောက်တည်း ခံစားနေရတယ်လို့ ထင်တဲ့ ဝေဒနာတွေကို လွန်ခဲ့တဲ့ နှစ်ပေါင်းရာချီက စာရေးဆရာတစ်ယောက်ကလည်း ခံစားခဲ့ရဖူးတယ်ဆိုတာ သိလိုက်ရတဲ့အခါ ကိုယ်တစ်ယောက်တည်း မဟုတ်ပါလားဆိုတဲ့ နှစ်သိမ့်မှုဟာ ဘယ်အရာနဲ့မှ မလဲနိုင်တဲ့ တန်ဖိုးပါ။

ဒါဟာအချည်းနှီးဖြစ်မှု မဟုတ်ဘဲ လူသားအချင်းချင်း စာနာနားလည်မှု တိုးပွားစေတဲ့ လုပ်ရပ်ဖြစ်ပါတယ်။

ပင်ကိုယ်အတွေးဆိုသည်မှာ အသစ်အဆန်းမဟုတ်၊ ပေါင်းစပ်မှု သာဖြစ်သည်ဆိုတဲ့ အယူအဆကလဲ အလင်းဒဿနပါ။

ကိုယ့်အသံ ပျောက်သွားမယ် ဆိုတဲ့အချက်ကို ချေပတာကတော့ လောကမှာ ဘယ်အရာမှ လုံးဝအသစ်စက်စက် မရှိပါဘူး။

အကောင်းဆုံးသော ကိုယ်ပိုင်အတွေးအခေါ်ဆိုတာ ကောင်းမွန်တဲ့ အတွေးအခေါ်ပေါင်းများစွာကို ဖတ်ရှုပြီး၊ အဲဒါတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပြန်လည်ပေါင်းစပ် ထားတာဖြစ်ပါတယ်။

စာမဖတ်တဲ့သူရဲ့ ကိုယ်ပိုင်အတွေးဆိုတာ ဗဟုသုတ နည်းပါးတဲ့အတွက် အမှားတွေ ပါနိုင်သလိုကျဉ်းမြောင်းတဲ့ ဘောင်ထဲမှာပဲ ပိတ်မိနေတတ်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

🌅Cognitive Immunization

စာဖတ်ခြင်းသည် စိတ်ပိုင်းဆိုင်ရာ လက်နက်တပ်ဆင်ခြင်းဖြစ်သည်ဆိုတဲ့အယူအဆပါ။

အမှောင်ဒဿနအရ စာဖတ်တာဟာ သူများဦးနှောက်နဲ့ လိုက်တွေးတာ လို့ ပြောပေမယ့် တကယ်တော့ စာဖတ်တာဟာ သူများ လှည့်စားတာကို မခံရအောင် ခံစစ်ပြင်တာပါ။

စာမဖတ်တဲ့သူဟာ ဝါဒဖြန့်မှုတွေ ၊ အမှားသတင်းတွေနဲ့ တစ်ဖက်သတ် ဆွဲဆောင်မှုတွေကြားမှာ အလွယ်တကူ မျောပါသွားတတ်ပါတယ်။

စာအုပ်တွေကနေတစ်ဆင့် သမိုင်း၊ နိုင်ငံရေးနဲ့ လူ့သဘာဝတွေကို ဖတ်ထားတဲ့သူဟာ Critical thinking ရှိလာတဲ့အတွက် ဘယ်သူ့စကားကိုမဆို အလွယ်တကူ မယုံတော့ဘဲ ဝေဖန်ပိုင်းခြားနိုင်စွမ်း ရှိလာပါတယ်။

ဆိုရရင် စာဖတ်ခြင်းကအချည်းနှီးမဟုတ်ဘဲ Freedom အတွက် ပြင်ဆင်ခြင်းပါ။

သမိုင်းပညာရှင်တစ်ယောက်ဖြစ်တဲ့ Will Durant က စာဖတ်ခြင်းကို ဒီလို ချေပခဲ့ဖူးပါတယ်။

"စာဖတ်ခြင်းဟာ လူတစ်ယောက်ကို သူ့ရဲ့ သာမန်ဘဝလေးထဲကနေ ဆွဲထုတ်ပြီး တခြားခေတ်၊ တခြားနေရာ၊ တခြားသူတွေရဲ့ ဘဝထဲကို ပို့ဆောင်ပေးတာပါ"တဲ့။

ကျွန်တော်တို့မှာ အသက်တစ်ချောင်းပဲ ရှိပေမယ့် စာဖတ်ခြင်းအားဖြင့် ကျွန်တော်တို့ဟာ ဧကရာဇ်မင်းလည်း ဖြစ်ဖူးမယ်၊ သူတောင်းစားလည်း ဖြစ်ဖူးမယ်၊ သိပ္ပံပညာရှင်လည်း ဖြစ်ဖူးမယ်ပေါ့။

ဒီလို ဘဝပေါင်းစုံကို ကိုယ်တိုင်မကြုံဘဲ သိမြင်ခွင့်ရခြင်း က ကိုယ်ရဲ့ စိတ်နေစိတ်ထားကို ပိုပြီး နက်ရှိုင်းကျယ်ပြန့် စေပါတယ်။ အဲ့ဒီတော့ အချိန်ဖြုန်းတာ မဟုတ်ဘဲ အချိန်ကို မြှောက်လဒ် Multiplier အနေနဲ့ သုံးလိုက်တာပါ။

စာဖတ်ခြင်းရဲ့ အမှောင်ဒဿနအရ စာဖတ်တာ ပင်ပန်းရုံပဲ လို့ ဆိုပေမယ့် လက်တွေ့မှာတော့စာဖတ်ခြင်းဟာ ဦးနှောက်ကို အမြဲတမ်း နိုးကြားနေစေပြီး အယ်လ်ဇိုင်းမား လိုမျိုး မှတ်ဉာဏ်ချို့ယွင်းတဲ့ရောဂါတွေ ဖြစ်နိုင်ခြေကို သိသိသာသာ လျှော့ချပေးပါတယ်။

စာဖတ်နေတဲ့အချိန်မှာ ဦးနှောက်ရဲ့ အစိတ်အပိုင်း တော်တော်များများဟာ အလုပ်လုပ်နေရတာဖြစ်လို့ ဒါဟာ ဦးနှောက်အတွက် အကောင်းဆုံး ဗီတာမင်ပါပဲ။

အိုမင်းလာတဲ့အခါမှာ တခြားသူတွေထက် ပိုပြီး ကြည်လင်တဲ့ အသိဉာဏ်ရှိနေဖို့အတွက် စာဖတ်ခြင်းက ရင်းနှီးမြှုပ်နှံမှု တစ်ခုဖြစ်ပါတယ်။

ဒီနေ့ခေတ်လို TikTok, Facebook တွေနဲ့ အချိန်တိုတိုအတွင်း အာရုံပြောင်းလွယ်နိုင်တဲ့ Short attention span ခေတ်ကြီးမှာ စာအုပ်တစ်အုပ်ကို အစအဆုံး ပြီးမြောက်အောင် ဖတ်နိုင်တာဟာ အာရုံစူးစိုက်မှု လေ့ကျင့်ခန်း Deep Work တစ်ခု ဖြစ်ပါတယ်။

စာဖတ်ခြင်း ရဲ့ အမှောင်ဒဿနက စာဖတ်တာကို အချိန်ဖြုန်းတာလို့ ဆိုပေမယ့် တကယ်တမ်း စာအုပ်ဖတ်တဲ့အခါ ဦးနှောက်ဟာ အပြင်က အနှောင့်အယှက်တွေကို ပိတ်ချပြီး ကိစ္စတစ်ခုတည်းအပေါ်မှာ နက်နက်ရှိုင်းရှိုင်း အာရုံစိုက်ရပါတယ်။

ဒီလို လေ့ကျင့်မှုဟာ လက်တွေ့လုပ်ငန်းခွင်မှာ ပြဿနာတစ်ခုကို စိတ်ရှည်လက်ရှည် ဖြေရှင်းနိုင်စွမ်းကို အလိုအလျောက် တိုးတက်လာစေပါတယ်။ ဒါကြောင့် စာဖတ်ခြင်းဟာ ခေတ်သစ်ရဲ့ အပေါ်ယံဆန်မှု ကို တွန်းလှန်တဲ့ တော်လှန်ရေးတစ်ရပ် လို့တောင် ဆိုနိုင်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

🌅Reading as a Catalyst for Action
လက်တွေ့လောကကို ပြောင်းလဲစေသော မီးပွား

စာဖတ်ခြင်းဟာ လက်တွေ့ဘဝကနေ ထွက်ပြေးတာလို့ အမှောင်ဒဿနက စွပ်စွဲပေမယ့် သမိုင်းကို ပြန်ကြည့်ရင် ကမ္ဘာကြီးကို ပြောင်းလဲခဲ့တဲ့ တော်လှန်ရေးတွေ လှုပ်ရှားမှုတွေဟာ စာအုပ်တွေကနေ စတင်ခဲ့တာ ကြီးပါပဲ။

မာတင်လူသာကင်းနဲ့ ဂန္ဒီ တို့လို ပုဂ္ဂိုလ်တွေဟာ သူတို့အရင်ခေတ်က စာအုပ်တွေကို ဖတ်ပြီးမှ လက်တွေ့လောကကို ပြောင်းလဲဖို့ အင်အားတွေ ရခဲ့ကြတာပါ။

တကယ့် စာဖတ်ခြင်းစစ်စစ် ဟာ လူကို ပျင်းရိ ငြိမ်သက်သွားစေတာ မဟုတ်ဘဲ မတရားမှုတွေကို မြင်တတ်လာစေပြီး လက်တွေ့မှာ တစ်ခုခု ထလုပ်ဖို့တွန်းအားပေးတဲ့ မီးပွား သာ ဖြစ်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

🌅The Great Equalizer
လူတန်းစား ကွာဟမှုကို ဖြိုခွဲပေးသော လက်နက်

စာဖတ်ခြင်းဟာ လောကကြီးမှာ အမျှတဆုံး အခွင့်အရေးတစ်ခု ဖြစ်ပါတယ်။ဆင်းရဲတဲ့ ရွာလေးတစ်ရွာက ကလေးတစ်ယောက် ဖတ်ခွင့်ရတဲ့ အိုင်းစတိုင်းရဲ့ စာအုပ်ဟာ ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး ဖတ်ရတဲ့ အိုင်းစတိုင်းရဲ့ စာအုပ်နဲ့ အတူတူပါပဲ။

ငွေကြေး၊ နောက်ခံ၊ အဆင့်အတန်း ဘယ်လိုပဲ ကွာခြားနေပါစေ၊ စာအုပ်တစ်အုပ်ကို ဖွင့်လိုက်တာနဲ့ လူတိုင်းဟာ အသိပညာကို တန်းတူရယူခွင့် ရှိသွားပါတယ်။ ဒါကြောင့် စာဖတ်ခြင်းဟာ ဘဝကို အောက်ခြေကနေ ဆွဲတင်ပေးနိုင်တဲ့ အကောင်းဆုံး ခြေကုပ်တစ်ခု ဖြစ်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

🌅The Value of Constructive Escapism
ခေတ္တခဏ အနားယူခြင်းရဲ့တန်ဖိုး

အမှောင်ဒဿနအရ စာဖတ်ခြင်းက လက်တွေ့ဘဝကနေ ထွက်ပြေးတာလို့ အဆိုးမြင်ပေမယ့်စိတ်ပညာရှင်တွေကတော့ အပြုသဘောဆောင်တဲ့ ထွက်ပြေးခြင်းလို့ယူဆပါတယ်။

လက်တွေ့ဘဝကြီးက အမြဲတမ်း ကြမ်းတမ်းပြီး ပင်ပန်းစရာကောင်းနေတဲ့အခါလူတွေဟာ စိတ်ထွက်ပေါက် လိုအပ်ပါတယ်။ သိပ္ပံနည်းကျ လေ့လာမှုတွေအရ စာဖတ်ခြင်းဟာ သီချင်းနားထောင်တာ၊ လမ်းလျှောက်တာ၊ လက်ဖက်ရည်သောက်တာတွေထက် စိတ်ဖိစီးမှုကို ၆၈% အထိ ပိုမိုမြန်ဆန်စွာ လျှော့ချပေးနိုင်တယ် လို့ ဆိုပါတယ်။

စာအုပ်ထဲမှာ ခဏသွားပုန်းနေတာဟာ လက်တွေ့ကို ကြောက်လို့ မဟုတ်ဘဲ ဘက်ထရီ ပြန်အားသွင်း နေတာပါ။ အားပြည့်သွားတဲ့အခါ လက်တွေ့လောကရဲ့ ပြဿနာတွေကို ပိုပြီး ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်စွမ်း ရှိလာပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

📚စာဖတ်ခြင်း အမှောင်ဒဿန က စာအုပ်တွေကို ကိုးကွယ်ရာ ဘုရားတစ်ဆူ လို မျက်ကန်းယုံ မလုပ်ဖို့ ကျွန်တော်တို့ကို သတိပေးနေခြင်းပါ။

📚စာဖတ်ခြင်း အလင်းဒဿနတွေကတော့ စာအုပ်တွေဟာဦးနှောက်ကို သွေးပေးမယ့် ကျောက်ပျဉ်သဖွယ် လောကကို ကြည့်မယ့် မှန်ပြောင်းမျိုးပါပဲ။

စာဖတ်ခြင်းနဲ့ စိတ်ဝိညာဉ်ကို ကုစားမယ့် ဆေး အဖြစ် အသုံးချတတ်ရင် စာဖတ်ခြင်းဟာ ဘယ်တော့မှ အချည်းနှီး မဖြစ်ဘူးဆိုတာကို ခိုင်ခိုင်မာမာ သက်သေပြနေပါတယ်။

ဆိုရရင်တော့ The Futility of Reading ဆိုတဲ့ စာဖတ်ခြင်းအမှောင်ဒဿနဟာ ကျွန်တော်တို့ကို စာမဖတ်နဲ့လို့ တားမြစ်နေတာ မဟုတ်ပါဘူး။ စာအုပ်တွေကြားမှာ ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးမသွားဖို့နဲ့ စာဖတ်ခြင်းကို အကာအကွယ်ယူပြီး လက်တွေ့ဘဝကနေ ထွက်မပြေးဖို့ ရိုက်နှိုးလိုက်တဲ့ သတိပေးခေါင်းလောင်းတစ်ခုသာ ဖြစ်ပါတယ်။

တကယ်တော့ စာဖတ်ခြင်းဆိုတာ နှစ်ဖက်သွား ဓားတစ်လက်လိုပါပဲ။အသိဉာဏ်မဲ့စွာ ဖတ်မယ်ဆိုရင်တော့ ရှိုပင်ဟောင်ဝါ ပြောသလို သူများခြေရာနောက် လိုက်နေတဲ့ အသိဉာဏ် အလုပ်သမားဘဝနဲ့တင် အချည်းနှီး ဖြစ်သွားပါလိမ့်မယ်။

ဒါပေမဲ့ ဝေဖန်ပိုင်းခြားတဲ့ စိတ်နဲ့ စနစ်တကျ ဖတ်မယ်ဆိုရင်တော့ စာအုပ်တွေဟာ ကျွန်တော်တို့ရဲ့ ပင်ကိုယ်အတွေးကို သွေးပေးမယ့် ကျောက်ပျဉ်တွေ ဖြစ်လာပါလိမ့်မယ်ဗျ။

လောကကြီးမှာ စာအုပ်ပေါင်း သန်းနဲ့ချီ ရှိနေပေမယ့် ကိုယ့်ကို တကယ် ပြောင်းလဲပစ်နိုင်တာက ကိုယ်ဖတ်ခဲ့တဲ့ စာအုပ်အရေအတွက် မဟုတ်ပါဘူး။

ကိုယ်ဖတ်လိုက်တဲ့ စာသားတစ်ကြောင်းကနေတစ်ဆင့် သာ ကိုယ့် ရဲ့လက်တွေ့လုပ်ရပ်ထဲမှာ ဘယ်လောက်အထိ အသက်ဝင်လာသလဲ ဆိုတာကပဲ အဓိကပါ။

စာအုပ်တွေထဲမှာပဲ နစ်မွန်းမနေပါနဲ့။ စာအုပ်ကို မှန်တစ်ချပ်လို သုံးပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ပါပြီးရင် အဲဒီစာအုပ်ကိုပဲ တံခါးတစ်ချပ်လို ဖွင့်ပြီး လက်တွေ့ကမ္ဘာထဲကို ပိုမိုရင့်ကျက်တဲ့ စိတ်ဓာတ်နဲ့ ရဲရဲဝံ့ဝံ့ လှမ်းထွက်လိုက်ပါဗျ။

စာအုပ်တွေက ကျွန်တော်တို့ကိုယ်စားလမ်းလျှောက်ပေးမှာ မဟုတ်ပါဘူးလမ်းကိုပဲ ပြပေးမှာပါ။ တကယ် လမ်းလျှောက်ရမှာက ကိုယ် ကိုယ်တိုင်ပဲ
ဖြစ်ပါတယ်။

No comments:

Post a Comment