Friday, February 6, 2026

ခေတ်မှီမှီ ကမ္ဘာကြည့် ကြည့်မြင်

 “ ခေတ်မှီမှီ ကမ္ဘာကြည့် ကြည့်မြင်” (Geopolitics )

အပိုင်း (၁)
( ကြည့်ပြီး သ​ဘောကျမိတဲ့ ပ​ရော်ဖက်ဆာ
ကျန်းရဲ့ ဗီဒီယိုကို အနှစ်ချုပ် ဘာသာပြန်
မျှ​ဝေထားတာပါ
ဦး​ဏှောက်​တွေ သွေးဖို့)
သမိုင်းတစ်လျှောက် လူသားမျိုးနွယ်ရဲ့
ဖွံ့ဖြိုးတိုးတက်မှုတွေဟာ
အကျိုးကျေးဇူးတွေ အများကြီးရှိခဲ့တာလည်း
ဟုတ်ပါရဲ့
ဒါပေမယ့် အဲ့အကျိုးတွေနောက်မှာ
ပေးဆပ်ရမယ့် ကြီးမားတဲ့ နောက်ဆက်တွဲ
ပြဿနာ​ တွေ ချန်ရစ်ခဲ့ပါတယ်
လက်ရှိ ကမ္ဘာဟာ အကျဘက်ကို ရောက်
နေပါပြီ
အကျဘက်ကို ရောက်နေတယ် ဆိုတဲ့
လက္ခဏာတွေ ၊ ပြယုဂ်တွေ အများကြီး
နေရာတိုင်းမှာ တွေ့နိုင်ပါတယ်
ယူကရိန်းစစ်ပွဲတွေ၊ အရှေ့အလယ်ပိုင်း
မတည်ငြိမ်မှုတွေ၊ ထိုင်းနိုင်ငံပြည်တွင်းရေး
လှုပ်ခက်မှုတွေ၊ မြန်မာရဲ့ ကြီးမားတဲ့
ပြည်တွင်း ပဋိပက္ခတွေ၊ အခုဆို
ထရမ့်က အခြား နိုင်ငံများစွာရဲ့ လုံခြုံ​ရေး
တွေကို ခြိမ်းခြောက်နေပြီ
🍂သဘာဝ ပက်ဝန်းကျင် ယိုယွင်းမှုတွေ၊
ရာသီဥတုပြောင်းလဲမှုတွေ၊ ရေ အဆိပ်
သင့်မှုတွေ၊ လေထု ညစ်ညမ်းမှုတွေ၊
ကမ္ဘာမြေကြီး ရဲ့ ပင်ပန်းနွမ်းနယ်မှုတွေ…
ဒါတွေက သဘာဝ နဲ့ တင် ဆိုင်တာ မဟုတ်ဘူး
လူသားမျိုးနွယ်ရဲ့ ဆက်ရှင်သန် ရပ်တည်
နိုင်စွမ်းကိုပါ ထိခိုက်စေပါတယ်
🍂အလုပ်လက်မဲ့နှုန်းတွေ တိုးလာပြီ
🍂လူငယ်တွေ အလုပ်လုပ်ချင်စိတ် ၊
စနစ်အပေါ် ယုံကြည်မှု ကျိုးပျက်လာပြီ
🍂ကလေးမွေးနှုန်း ကျဆင်းမှုတွေဟာလည်း
သေးတဲ့ ပြဿနာတွေ မဟုတ်ဘူး
🍂လူနေမှု အဆင့်အတန်းတွေ ကျဆင်းလာပြီ
🍂ငွေဖောင်းပွနှုန်း တိုးလာပြီ
🍂စျေးတွေ ကြီးမြင့်လာပြီ
လုပ်ခ လစာတွေကတော့ အရင်နဲ့
သိပ်မကွာဘူး
🍁စိတ်ဖိစီးမှုတွေ၊ စိတ်ပြဿနာတွေ
အရမ်းများလာကြပြီ
လူတွေဟာ အနာဂါတ်အတွက်မျော်လင့်
ချက်မဲ့ အဆိုးမြင်လာကြပြီ
🍁ပုဂ္ဂလိက နဲ့ အစိုးရဆိုင်ရာ ကြွေးမှီပြဿနာ
ကြောက်စရာကောင်းတဲ့ အဆင့်တွေကို
ရောက်နေပြီ
ကမ္ဘာတစ်ဝန်းက အစိုးရတွေဟာ
ရှာနိုင်တာထက် အဆပေါင်းများစွာ
ပို သုံးစွဲနေကြတယ်
လူမှု အသိုင်းအဝိုင်းတွေမှာ
စည်းလုံးမှု ၊ ယုံကြည်မှု ပျက်ပြားလာပြီ
တစ်ဦးကို တစ်ဦး ကူညီမှုတွေ နည်းပါး
လာပြီ
🍁ရောဂါဘယ ပိုးမွှားတွေ များလာပြီး
လူတွေဟာ အရင်ခေတ်တွေထက်
ကျန်းမာရေး အားနည်းလာတယ်
ဒီ လက္ခဏာတွေ အားလုံးဟာ
ကျနော်တို့ လူသားမျိုးနွယ်နဲ့ ကမ္ဘာကြီး
အကျဘက်ကို ရောက်နေတယ် ဆိုတာ
သိသာ ထင်ရှားစေပါတယ်
🍁အထူးသဖြင့် အနောက်ကမ္ဘာရဲ့ ကျဆင်း
မှုကို နားလည်ချင်ရင် immigration ပြဿနာ
တွေကိုလည်း နားလည်ရမှာ ဖြစ်တယ်
ဒါနဲ့ ပက်သက်ပြီး ဝေဖန်ငြင်းဆန်မှုတွေ
ရှိနိုင်ပေမယ့် အရှိတရား အတိုင်း သုံးသပ်
ရရင်
“မတူညီတဲ့ ယဉ်ကျေးမှုတွေ၊ ဒေသတွေ
ဆီက လူပေါင်းများစွာ ဆက်တိုက် ဝင်ရောက်
နေထိုင်ခြင်းက လူမှု အသိုက်အဝန်း တစ်ခုမှာ
စည်းလုံးမှု ပြိုကွဲလာစေပါတယ်”
ပြီးတော့ ကျန်တဲ့ လူ အားလုံးရဲ့ နေထိုင်မှု
အဆင့်အတန်းကိုလည်း ပိုနိမ့်ပါးသွား
စေတယ်
အခြေခံ လူတန်းစားအတွက် အလုပ်အကိုင်၊
နေအိမ် ရရှိဖို့ ယှဉ်ပြိုင်မှု ပိုပြင်းထန်လာစေပါ
တယ်
Society ကို ပြိုကွဲသွားစေတဲ့ တင်းမာမှု
တွေ ၊ ငြင်းခုန်မှုတွေ အများကြီး ဖြစ်ပေါ်
စေပါတယ်
အမှားအမှန်ထက် ပကတိ အရှိတရားကို
သုံးသပ်ပြခြင်းသာ ဖြစ်တယ်
🍁ကျဆင်းမှုတွေရဲ့ နောက်လက္ခဏာ တစ်ခုက
“ မြင့်မားပြီး လက်လှမ်းမမှီ ဖြစ်လာတဲ့
အိမ်ခြံမြေ စျေးနှုန်းတွေ “ ပါ
တရုတ်၊ အမေရိက ၊ ဥရောပ
နေရာ တိုင်းမှာ
အိမ်ခြံမြေစျေးတွေဟာ လူငယ်တွေ
ဘယ်လိုမှ လက်လှမ်းမမှီနိုင်အောင်
မြင့်မားနေပြီ
လူငယ်တွေက အိမ်မဝယ်နိုင်ရင်
မိသားစုတွေ မထူထောင်ကြတော့
ဘူး
ဒီတော့ လက်မထပ်ဘူး
ကလေးမမွေးကြတော့ဘူး
🍁နောက်ပြဿနာတစ်ခုက
“ ပင်စင် ပြဿနာ” ပါ
အစိုးရတွေက ဒီ ပြဿနာကို
မပြောဖို့ မဆွေးနွေးဖို့ အလွန်အကျုး
ကြိုးစားနေကြတယ်
နောက် ၅ နှစ်ကနေ ၁၀ နှစ် အတွင်း
ဒီ ပင်စင် မပေးနိုင်မယ့်
ကပ်ဘေးသင့်နိုင်ပါတယ်
အစိုးရတွေက အငြိမ်းစားယူတဲ့
လူတွေကို မတည်နိုင်တဲ့ ကတိတွေ
ပေးခဲ့ကြတယ်
သူတို့မှာ ငွေမရှိတော့ဘူး
ဒီကတိတွေ ကျိုးပျက်တဲ့ အခါ
လူမှုနဲ့ နိုင်ငံရေး ဆိုင်ရာ အကြီးအကျယ်
အုံကြွမှုတွေ ကြုံကြရလိမ့်မယ်
ဒါတွေက ကမ္ဘာဟာ ကျဆင်းနေတယ်
လျှင်မြန်စွာ ကျဆင်းနေတယ် ဆိုတာရဲ့
လက္ခဏာတွေ ဖြစ်တယ်
ဒါတွေ ဘာကြောင့် ဖြစ်နေတာပါလဲ
_————————————-
ဒါနဲ့ ပက်သက်ပြီး ညဏ်အလင်းပွင့်
စေမယ့် သီအိုရီ ၃ ခုကို ကျနော်
ပြောပြပါမယ်
(ပုံတွေ တစ်ပုံချင်း ထောက်ကြည့်ပေးပါ)

ပထမ သီအိုရီက ပြင်သစ်စီးပွါးရေး
ပါရဂူ thomas piketty ရဲ့
Capital in the 21st Century ထဲက

“ idea of Financialization”

သူ့ အဆိုအရ

အရင်းရှင်စနစ်ဟာ အဆင့် (၃) ဆင့်ကို
ဖြတ်သန်းရတယ်

ပထမအဆင့်က

“Consumer Capitalism “ လို့ခေါ်တဲ့
“ စားသုံးသူ အရင်းရှင် “ အဆင့်

အဲ့ဒီ အဆင့်မှာ

စက်ရုံတွေက လူတွေ ဝယ်ယူစားသုံးမယ့်
ကုန်ပစ္စည်းတွေ ထုတ်တယ်

ချမ်းသာ တဲ့ လူတွေ တိုးပွါးလာတယ်

ထုတ်ကုန်က society အတွက် လက်တွေ့
ကိုင်တွယ် စားသုံးလို့ ရတဲ့ တန်ဖိုးဖြစ်တယ်

ဒုတိယအဆင့်က

“Financial Capitalism “
ငွေကြေး အရင်းရှင်

ဒီအဆင့်က ရင်းနှီးမြုပ်နှံမှု ဖြစ်တယ်

စက်ရုံတွေ ဆောက်မယ့်အစား
စတော့ စျေးကွက်တွေ ဆောက်ကြတယ်

ငွေကြေးဆိုင်ရာ ကိရိယာတွေ သုံးပြီး
တက်နိုင်သမျှ ငွေထွက်လာအောင်
ညှစ်ထုတ် ကြတယ်

ဒီနေရာမှာ သိရမှာက wealth နဲ့ money
က မတူပါဘူး

ပထမ အဆင့်မှာ တကယ့် ထုတ်ကုန်
တွေ ဝန်ဆောင်မှုတွေ ထုတ်လုပ်ပြီး

လူတွေရဲ့ လူနေမှု အဆင့်အတန်းကို
တကယ် တိုးတက်စေခဲ့တယ်
Wealth Creation ပေါ့

ဒုတိယ အဆင့်မှာတော့ money
ငွေသပ်သပ်ကိုပဲ ထုတ်လုပ်တာပါ

အခု ကျနော်တို့ ရောက်ရှိနေတဲ့
ဆင့်က တတိယ နဲ့ နောက်ဆုံး အဆင့်
ဖြစ်တဲ့

“ Monopoly Capitalism “
“ လက်ဝါးကြီးအုပ် အရင်းရှင်”

ဒီအဆင့်မှာ လက်တစ်ဆုပ်စာ
ကုမ္ပဏီ အနည်းငယ်က အရာအားလုံး
ကို ထိန်းချုပ်ထားတယ်

နည်းပညာ၊ လက်လီ အရောင်း၊ မီဒီယာ
စတဲ့ နိုင်ငံရဲ့ အရေးကြီး ကဏ္ဍတွေမှာ
ထိပ်ဆုံးက အကုန် ချုပ်ကိုင်ထားတာ
တကယ့်ကို လက်တစ်ဆုပ်စာ
ကုမ္မဏီ အနည်းငယ် ပါပဲ

ဘာလို့လဲ ဆိုတော့ လက်ဝါးကြီး အုပ်
ခြင်းက ယှဉ်ပြိုင်ခြင်းထက် အကျိုး
အမြတ် များစွာ သာလွန်လို့ပါပဲ

ဒါက အရင်းရှင်စနစ် ရင့်မှည့်လာတာနဲ့
အမျှ အလိုအလျောက် ဖြစ်လာတတ်တဲ့
အဆင့်တွေပါ

ဒါက ဘာကြောင့် အရေးကြီးလဲ ဆိုတော့

ဒီ ရင့်မှည့် အဆင့်တွေကို ရောက်လာပြီ
ဆိုရင်

လူတွေက တန်ဖိုးရှိ ထုတ်ကုန်တွေ
ထုတ်ဖို့ထက်

ငွေနဲ့ ပက်သက်တဲ့ ခန့်မှန်းတွက်ချက်မှုတွေ၊
ငွေရွှေ့တာတွေ၊ ပါဝါရာထူးတွေကနေ ငွေ
ညှစ်ထုတ်ဖို့ ကြိူးစားတာတွေပဲ လုပ်လာကြလို့ပါ

ဒီအဆင့်တွေမှာ တကယ့် ပြင်ပ လက်တွေ့
စီးပွါးရေး တိုးတက်နှုန်းက 2% ၊

ငွေကြေးစျေးကွက် တိုးတက်နှုန်းက
5% ပါ

ဒါကို သေချာ စဉ်းစားရင်
လက်တွေ့ကျကျ စီးပွါးရေး
လုပ်တာထက် စတော့ စျေးကွက်
က ပို အကျိုးအမြတ် ရသလို ဖြစ်နေတယ်

ဒါက စတော့မားကတ် တိုးတက်မှု
ကို ဖြစ်စေပြီး တစ်ဖက်မှာ

လက်တွေ့ စီးပွါးရေး ကျုံ့မှုကို ဖြစ်စေတယ်

လူတွေ အလုပ်လက်မဲ့ ဖြစ်လာကြတယ်
ကြွေးမှီများလာတယ်

လူတွေ တကယ် အလုပ်မလုပ်ကြတော့ဘူး
လစာတွေ မတိုးကြတော့ဘူး

တစ်ဖက်မှာ ပိုင်ဆိုင်မှုတွေကျ စျေးမြင့်လာ
တယ်

ဒါကပဲ အရင်းရှင် စနစ်ရဲ့ သဘာဝ
လည်ပက်မှု ပုံစံ ဖြစ်တယ် လို့ thomas
က ဆိုတယ်

စနစ်က ရင့်မှည့် ကြီးထွားလာပြီး သူ့က်ိုယ်သူ
ပြန်စားသုံးတဲ့ အဆင့်လို့ ဆိုတယ်

ဒုတိယ သီအိုရီက

သမိုင်းဆရာ Peter Turchin ရဲ့ End Times
စာအုပ်ထဲက

“elite over production “
လို့ခေါ်တဲ့

“ အထက်တန်းလွှာ အလွန်
အကျူး များပြားလာခြင်း” ပါ

Peter က ဆယ်စုနှစ်ပေါင်းများစွာ
သမိုင်းမှာ လူမှု အသိုင်းအဝန်းတွေ
မြင့်တက်လာတာ ၊ ကျဆင်းသွားတာတွေ
ကို လေ့လာခဲ့သူပါ

ရိုမန်အင်ပိုင်ယာ ၊ ပြင်သစ်တော်လှန်ရေး၊
ဗြိတိသျှပြည်တွင်းစစ် စတာတွေ ၊ အခြား
ကမ္ဘာ့သမိုင်းမှာ အထင်ကရ အချိန်ကာလ၊
ပြောင်းလဲမှု လှိုင်းတွေက်ို လေ့လာခဲ့တယ်

သူတွေ့ရှိတာက ဘာလဲ ဆိုတော့
လူ့အသိုင်းအဝိုင်းတွေက အထက်တန်း
လွှာ တွေ များပြားလွန်းလာတဲ့အခါ
ကျဆင်းပြိုလဲလေ့ ရှိပါသတဲ့

ဆိုလိုတာ အင်မတန် ပါဝါ ရှိတဲ့
လူများစွာဟာ

အကန့်အသက်နဲ့သာရှိတဲ့ ရာထူး လုပ်ပိုင်ခွင့်
အာဏာ တွေအတွက် ပြိုင်ဆိုင် တိုက်ခိုက်မှု
ကြီးထွားလာခြင်းပါ

ဒါက်ို နားလည်ဖို့ “ကြွက် စိတ်ကူးယဉ်
နိုင်ငံတော် “ ဆိုတဲ့ စမ်းသပ်မှုအကြောင်း
ပြောပြဖို့ လိုတယ်

အမေရိကန် သိပ္ပံပညာရှင် john b
Calhoun ရဲ့ “Universe 25” စမ်းသပ်မှု
မှာ

ကြွက်တွေ အတွက် အစာရေစာ ၊
လုံခြုံမှု ၊ ပေါကြွယ်ဝမှုတွေ နဲ့ ပြည့်စုံတဲ့
နေရာတစ်ခုကို ဖန်တီး လိုက်တယ်

ဘာမှ ကြွက်တွေ အတွက် လိုလေသေးမရှိ
တဲ့ နိဗ္ဗာန်ဘုံပေါ့

၁၀ ကောင်ကနေ ၅၀/၁၀၀ ထိ မျိုးပွါး
လာတယ် ၊ အကောင်ရေ ၄၀၀/၅၀၀ အထိ
အဆင်ပြေနေတုန်းပဲ

ဒါပေမယ့် နောက်ပိုင်းမှာ
ကြွက်တွေဟာ အချင်းချင်း
ရန်လိုလာကြတယ် ၊ သတ်ဖြတ်
ကုန်ကြတယ် တဲ့

ဒီ စမ်းသပ်မှုကို အကြိမ်ကြိမ်
ပုံစံ အမျိုးမျိုးနဲ့ နှစ် ၂၀ ကြာအောင်
စမ်းသပ်ခဲ့ပေမယ့် ဒီရလဒ်ပဲ ထွက်
ခဲ့ပါတယ်

ဘာကြောင့်ဆိုတာ ဘယ်သူမှ
အဖြေမထုတ်နိုင်ကြပါဘူး

John ရဲ့ သီအိုရီကတော့ ဒီလိုပါ

ဒီထဲက ကြွက်တွေက အစာ ၊ ရေ ၊
နေစရာ အတွက် ယှဉ်ပြိုင်စရာ
မလိုဘူး

သူတို့ဟာ “status “ လို့ ခေါ်တဲ့
“အဆင့်အတန်း “ အတွက် ယှဉ်ပြိုင်
တိုက်ခိုက်ကြတာပါ

ပိတ်လှောင်ပြီး ထွက်ပေါက်ကင်းတဲ့
Society တစ်ခုမှာ

သူတို့ဟာ ဒီ အဆင့်အတန်းအတွက်
စဉ်ဆက်မပြတ် ယှဉ်ပြိုင်ကြရင်း
တိုက်ခိုက် သတ်ဖြတ်ကြတဲ့ အထိ ဖြစ်ကုန်
တာပါ

သဘာဝထဲမှာ ဆိုရင်တော့ ရှုံးရင်
ပွဲထဲက ထွက်၊ အခြားနေရာသစ်မှာ
ဘဝသစ်စ လို့ ရနိုင်ပေမယ့် ပိတ်ထားတဲ့
နေရာမှာတော့ ယှဉ်ပြိုင်မှု ပိုပြင်းထန်
တတ်ပါတယ်

ဒါကြောင့် ပါဝါ ရှိတဲ့ မိသားစုတွေက
နေမွေးဖွားလာတဲ့ သားသမီးတွေဟာ
အချင်းချင်း ပါဝါ ရဖို့ ပြိုင်ဆိုင်နေကြ
တယ်

မိသားစု မျိုးဆက်တွေ အရမ်း များပြားလာတဲ့အခါ
သူတို့အတွက် လုံလောက်တဲ့ နေရာတွေ ၊
ရာထူးတွေ၊ လုပ်ပိုင်ခွင့်တွေ မရှိကြဘူး

ဒါက society မှာ ကြီးမားပြင်းထန်တဲ့
ပဍိပက္ခတွေကို ဖြစ်ပေါ်စေတယ်

Peter ရဲ့ တွေ့ရှိချက်အရ
အထက်တန်းလွှာ အင်မတန် များပြား
လာခြင်းဟာ စစ်ပွဲတွေ ဒါမှမဟုတ်
တော်လှန်ရေးတွေကို ဖြစ်ပေါ်စေတယ်

တတိယ သီအိုရီကတော့

ဂျာမန် သမိုင်းနဲ့ အတွေးအခေါ်ပညာရှင်
Oswald Spengler ရဲ့

“ လူ့ယဉ်ကျေးမှု အသက် စက်ဝန်း “
“ Civilisation Life Cycle”
သီအိုရီ ဖြစ်တယ်

သူ့အဆိုအရ

လူမှု အသိုက်အဝန်းတွေ ယဉ်ကျေးမှု
တွေဟာ ရှင်သန်နေတဲ့ သက်ရှိ ဇီဝရုပ်တွေ
ဖြစ်တယ်

လူတစ်ယောက် မွေးဖွား၊ ရင့်ကျက်၊
အိုမင်း ၊ သေဆုံး ဆိုတဲ့ အတိုင်း

လူ့ယဉ်ကျေးမှု အသိုက်အဝန်းတွေက
ဒီအဆင့်တွေကို ဖြတ်သန်းရသတဲ့

Civilisation ရဲ့ အစပိုင်းမှာ
ရွာလေးတစ်ရွာ ဆိုကြပါစို့

နောက်ပြီး မြို့ငယ် ( town)

နောက်ပြီး မြို့ကြီး ( city )

နောက် မြို့ကြီး ပြကြီး ( mega city)

ဒီ mega city အဆင့်ကို ရောက်ရင်
Civilisation တွေ စတင်သေဆုံး
လာကြတယ်

ဘာကြောင့်လဲ ရှင်းပြပါမယ်

ကျေးရွာလေးတွေမှာ လူတွေဟာ
အလုပ်ကြိုးစားကြတယ်

မကြိုးစားလို့လည်း မရဘူး
ငတ်ပြတ်ကုန်မှာပေါ့

စည်းလုံးကြတယ် ၊

တစ်ယောက်ကို တစ်ယောက် ဂရုစိုက်ကြတယ်

ပြဿနာတွေကို အတူတူ ဖြေရှင်းကြတယ်၊

ကလေးတွေ အများကြီး မွေးကြတယ်

စိတ်ကူးယဉ် တည်ဆောက်မှု ၊ ထိတွေ့
ကိုင်တွယ်လို့ မရတဲ့ တန်ဖိုးတွေ မရှိဘူး

အကုန်လုံး လက်တွေ့ကျကျပဲ

ကလေးတွေ ဆိုတာ စိုက်ပျိုးရေး
အတွက် အခမဲ့ အလုပ်သမား
တွေပဲလေ

ဒါက ကျေးရွာတွေရဲ့ အလုပ်လုပ်ပုံ
အကြမ်းဖျင်း

အဲ့ကနေ mega city အဆင့်ရောက်လာရင်

ထိတွေ့ကိုင်တွယ်လို့ မရတဲ့ မမြင်ရတဲ့
စိတ်ကူးယဉ်တည်ဆောက်မှုတွေ
အလွှာအထပ်လိုက်ဖြစ်လာတယ်

လက်တွေ့မဆန်တော့ဘူး

ကျေးရွာမှာ ကိုယ် စားနေတဲ့ ဆန်ရေစပါး
အစားအစာ ဘယ်က လာလဲ သိတယ်
ဘယ်လို လုပ်ရလဲ သိတယ်

မြို့ပြမှာက အဲ့လိုမဟုတ်ဘူး

ကိုယ် တိုက်ရိုက် ထိတွေ့ နားလည်လို့
မရတဲ့ စနစ်ရဲ့ အလုပ်လုပ်ပုံ များပြား
ရှုပ်ထွေးလာတယ်

တစိမ်းတွေ သန်းနဲ့ချီ အတူတကွ
နေထိုင်ကြရတယ် ၊

ယုံကြည်မှု မရှိရင်တောင် ငွေအတွက်
တစ်ယောက်နဲ့ တစ်ယောက် အတူ အလုပ်လုပ်
ကြ၊ ဝန်ဆာင်မှု ပေးကြ၊ ပိုပြီး တစ်သီးပုဂ္ဂလ
ဆန်လာကြတယ်

ကြွေးမှီတင်ရှိမှု များပြားလာတယ်

လူတွေက ကိုယ့်ဆန္ဒ အတ္တ ပျော်ရွှင်မှုကို
ရှေ့တန်းတင်လာကြတယ်

ကိုယ့် လုပ်ငန်းတွေ အတွက် စျေးကြီးတဲ့
ကလေးတွေ မွေးမယ့် အစား

ပြည်ပ လုပ်သားတွေ တင်သွင်းကြတယ်

ဒီလိုနဲ့ မျိူးပွါးနှုန်းကျလာတယ်

ဒီလိုနဲ့ လူ့အဖွဲ့အစည်းတွေက သေဆုံး
လာကြတယ် တဲ့

ဒါနဲ့ပက်သက်ပြီး ဘာမှ လုပ်လို့မရပဲ
သဘာဝ ဖြစ်စဉ် တစ်ခုသာ ဖြစ်တယ်
လို့ oswald က ဆိုပါတယ်

ဒီမှာ တစ်ယောက်ယောက်က မေးမယ်

တကယ်လို့ ပြင်ပ အန္တရာယ် တစ်ခုခုက
ဒီ အသိုက်အဝန်းကို ခြိမ်းခြောက်လာရင်
ရော

ဒီ အသိုက်အဝန်းက စည်းစည်း
လုံးလုံး နဲ့ ပြန်စေးကပ်သွားပြီး လူ့အဖွဲ့
အစည်း ပြန် ရှင်သန်နိုင်မလား ပေါ့

ဒီ mega city အဆင့်ကို ရောက်သွားရင်
လူတွေက လက်တွေ့ကျကျ မနေထိုင်ကြတော့
ဘူး၊ သီးခြားစီ ဖြစ်လာကြတာမို့ ပြင်ပ
အန္တရာယ် ကြုံလည်း အရေးမပါတော့ဘူး

၁ ၊ ကိုယ့်အရေးကိုယ်သာ
စိတ်ဝင်စားတာမို့ အန္တရာယ်ကို
သတိပြုမိဖို့ ခက်တယ်

၂၊ အတူတကွ တွန်းလှန်ဖို့ တစ်ဦးကို
တစ်ဦး ယုံကြည်မှု မရှိတော့ဘူး

အဖွဲ့ထဲက အချို့တွေက ပြင်ပ ရန်သူ
တွေနဲ့တောင် ပူးပေါင်းပြီး ကိုယ့်အဖွဲ့
ကိုယ် တိုက်ခိုက်တာမျိုး လုပ်နိုင်ခြေ
ရှိတယ်

ဒါက ရင့်မှည့်အဆင့် ရောက်လာတဲ့
Civilisation တွေရဲ့ ထုံးစံ ဖြစ်တယ်

အချင်းချင်း ဖြစ်တဲ့ ပြဿနာတွေက
ပြင်းထန်လွန်းလို့ အတွင်း ပြိုင်ဖက်
တွေကို အလဲထိုးဖို့ ပြင်ပ ရန်သူနဲ့
ပူးပေါင်း ကြလေ့ ရှိပါတယ်

သမိုင်းမှာ အကြိမ်ကြိမ် ဖြစ်ခဲ့ပြီး
ဖြစ်တယ်

“ခေတ်မှီမှီ ကမ္ဘာကြည့် ကြည့်မြင် အပိုင်း(၂)
“အ​နောက်ကမ္ဘာ ပြိုလဲခြင်း “ နဲ့
“ အနာဂါတ် ဟောကိန်းများ”
ဒီသီအိုရီတွေက တဆင့် လက်ရှိ ကမ္ဘာကြီးကို
နားလည်ဖို့ ကြိးစားမှာ ဖြစ်တယ်
လက်တွေ့ ဖြစ်ရပ် ချိတ်ဆက်မှုတွေက
သီအိုရီတွေထက်တော့ အများကြီး
ရှုပ်ထွေးပါတယ်
ဒါပေမယ့် ကျနော်တို့ ကို အတိုင်းအတာ
တစ်ခု အထိတော့ သီအိုရီတွေက ကူညီ
နားလည်စေနိုင်ပါတယ်
Society အားလုံး ကိုယ်စီ ရဲ့ ဗဟိုမှာ
အင်မတန် ပါဝါ ရှိတဲ့ မိသားစုတွေက
ချုပ်ကိုင်ထားကြတာ ဖြစ်တယ်
တိုင်းပြည် စတင်ထူထောင် စဉ်က
ပါဝင်ခဲ့တဲ့ မိသားစုရဲ့အစဉ်အဆက်
မျိုးရိုး မျိုးဆက်တွေ လိုမျိုးပေါ့
သူတို့က အဦးဆုံး ဒီ ပါဝါ တည်ဆောက်
ပုံတွေရဲ့ ဇစ်မြစ် အခြေခံတွေပါ
၁၀ စု ဖြစ်ချင်ဖြစ်မယ် ၁၀၀ ဖြစ်ချင်ဖြစ်မယ်
အချို့ နိုင်ငံ​တွေမှာ ၂၀၀ လောက်လည်း
ရှိ​နေနိုင်ပါတယ်
ဒါပေမယ့် ပျမ်းမျှ အများစုက
အရာရာကို ချုပ်ကိုင်ထားတဲ့ မိသားစု
၁၀၀ ဝန်းကျင်လောက် ရှိပါတယ်
ဒီ မိသားစုတွေက တိုက်ရိုက် ချုပ်ကိုင်
ချယ်လှယ်တာတော့ မဟုတ်ဘူး
စနစ်ရဲ့ မဏ္ဍိုင် ၃ တိုင် နဲ့ သွယ်ဝိုက်
ထိန်းချုပ်တာ ဖြစ်တယ်
💵ပထမ တိုင်က “ finance ( ငွေကြေး) “
ဗဟိုဘဏ် စနစ်
သူတို့ စိတ်ကြိုက် ငွေကြေး ထုတ်လုပ်
ရိုက်နှိပ်ခွင့် ရှိတယ်
ဘယ်သူ့လက်ထဲ ငွေစီးဆင်းရမလဲ
ဆုံးဖြတ်တယ်
—————
⛪️ ဒုတိယ တိုင်က
“ religion ဘာသာရေး “
ဘာသာရေး လို့ ပြောတဲ့အခါ
ဘုရားကျောင်းတွေ ကိုချည်း
ဆိုလိုတာ မဟုတ်ဘူး
လူထု ယုံကြည်တဲ့ အရာ တစ်ခုခု
အိုင်ဒီယာတွေ စုပေါင်းထားတဲ့
စနစ်တစ်ခုခု
အဲ့ကနေ တစ်ဆင့် လူတွေက
ကမ္ဘာကြီးကို ကြည့်မြင် နားလည်
ကြတယ်
သမိုင်း အစောပိုင်းကာလ တောက်လျှောက်
ကတော့ မိရိုးဖလာ ဘာသာရေး
ဖြစ်ခဲ့ကြပေမယ့်
နောက်ပိုင်းတော့ “ သိပ္ပံနဲ့ နည်းပညာ” က
ဘာသာရေး အသစ်တွေ ဖြစ်လာပါတယ်
———————
🏛️တတိယ တိုင် က
“ intelligence ဒေတာ စုစည်းမှု”
စပိုင်တွေ၊ secret services တွေ၊
သတင်းအချက်အလက် ရယူနိုင်
စွမ်း ၊ သတင်းအချက်အလက်ကို
စိတ်ကြိုက် ပုံစံပြင် အယုံသွင်း
နိုင်ခြင်း တွေပါ
ပါဝါ ရှိတဲ့ မိသားစုတိုင်း က ဒီ
လှို့ဝှက်သတင်းတွေပေါ် မူတည်ပြီး
သူတို့ ပါဝါကို ထိန်းသိမ်း တည်တံ့
စေပါတယ်
ဒီတိုင် (၃) တိုင်ကနေ ထိပ်သီးတွေက
တိုင်းပြည်တစ်ပြည်ကို အရာရာ
ထိန်းချုပ်ပါတယ်
ကျောင်းတွေ ၊ စစ်တပ်တွေ၊ အစိုးရ
ယန္တရား၊ မီဒီယာ၊ ယဉ်ကျေးမှု၊ ရာဇဝတ်
မှု၊ မာဖီးယားဂိုဏ်းတွေ ကိုတောင်မှ ပေါ့
ဒီ တည်ဆောက်ပုံကို နားလည်ဖို့
ကော်ပိုရေးရှင်း တစ်ခုနဲ့ ဥပမာ
ပေးချင်ပါတယ်
ထိပ်ဆုံးမှာ ပိုင်ရှင်တွေ ရှိတယ်
ဘယ်လမ်းစဉ်နဲ့ ဘယ်ကို သွားရမလဲ
သူတို့ ဆုံးဖြတ်တယ်
အကျိုးအမြတ်တွေ ရယူတယ်
အလယ်မှာ မန်နေဂျာတွေ ရှိတယ်
အောက်ဆုံးမှာ အလုပ်သမားတွေ ရှိတယ်
👨‍🏫အလုပ်သမားတွေက သာမန်လူထု
ဖြစ်ပြီး လက်တွေ့ အလုပ်လုပ်ရသူ
တွေ ဖြစ်တယ် ။
ကော်ပိုရေးရှင်းရဲ့ ထုတ်လုပ်မှု အင်ဂျင်
ဖြစ်ပြီး ကြွယ်ဝချမ်းသာမှု ဖန်တီးပေးသူ
တွေ ဖြစ်ကြတယ်
👨‍✈️မန်နေဂျာတွေကတော့ ကော်ပိုရေးရှင်း
ကိုလည်း မပိုင်သလို လက်တွေ့ မြေပြင်
မှာလည်း အလုပ်မလုပ်ကြပါဘူး
ပိုင်ရှင်ရဲ့ ဆန္ဒအတိုင်း ပေါ်လစီ
တွေ ဆွဲပေး ၊ အကောင်အထည်ဖော်
ပေးတယ်၊ အလုပ်သမားတွေကို
ကြီးကြပ်တယ်၊ စနစ်တွေကို မွမ်းမံ
တယ်
တကယ့် လက်တွေ့ကမ္ဘာက ပိုရှုပ်ထွေး
တယ်နော်
ဒါက ရိုးရှင်းတဲ့ ဥပမာ သေးသေးလေးပါ
Society တစ်ခု တိုးတက်နေရင်
ထိပ်သီးမိသားစုတွေက ဒီ မန်နေဂျာတွေကို
လုပ်ပိုင်ခွင့်ပေးထားတယ်၊ လူတွေကို
ငြင်းခုန်ခွင့် ၊ ဝေဖန် ခွင့် ပေးတယ်
ဒါက ဒီမိုကရေစီ စနစ်ပေါ့
မန်နေဂျာတွေက အလုပ်သမားတွေရဲ့
ရပိုင်ခွင့် အခွင့်အရေး တွေကို ကူညီ
တိုးတက်စေတယ်
လူ့အဖွဲ့အစည်းဟာ ပွင့်လင်းတယ်၊
လုပ်သလောက် အကျိုးခံစားခွင့် ရှိ
တယ်၊ ချမ်းသာ ကြွယ်ဝခွင့် ရှိတယ်
စနစ်က မျှတမှု ရှိတယ်
ဒါပေမယ့် အချိန်ကြာလာလို့
ကုန်ထုတ်စွမ်းအား အတိုးတက်ဆုံး
ကာလ ကျော်ပြီးတဲ့အခါ
ဒီ ထိပ်စီးမိိသားစုတွေရဲ့ မျိုးဆက် တွေ
အချင်းချင်းပြိုင်ဆိုင််မှု များပြားလွန်း
လာတဲ့အခါ
တကယ့် ကြပ်တည်းမှု ကပ်ဘေး
ဆိုက်လာတယ်
ကော်ပိုရေးရှင်းတွေက အရင်လို
အကျိုး အမြတ် မများတော့ဘူး
စတင် ဆုံးရှုံးလာတယ်
စနစ်ထဲက ထုတ်သုံးတာ များပြီး
ပြန်မဖြည့်ပေးနိုင်တော့ဘူး
ဒီလို ကြပ်တည်ကာလမှာ မန်နေဂျာ
တွေက အလုပ်သမားတွေဘက်က
ရပ်တည်လိမ့်မယ်လို့ ထင်ရင်
မှားသွားလိမ့်မယ်
လက်တွေ့မှာ မန်နေဂျာတွေက
လုပ်ငန်း ကြပ်တည်းတာနဲ့အမျှ
အောက်ခြေ အလုပ်သမားတွေ
အပေါ် ပိုပြီး အနိုင်ကျင့် ဗိုလ်ကျ
လာကြတယ် ၊
ခေါင်းပုံဖြတ် အကျိုး အမြတ် ပို
ရယူလာကြတယ်
လိမ်လည််မှု တွေ ပိုလုပ်လာကြတယ်
အထက်ကို စိတ်ကျေနပ်စေဖို့ပါ
ဘာလို့လဲ ဆိုတော့ ကြပ်တည်းလာတာ
နဲ့ အမျှ
သူ့ရဲ့ ရာထူး လုပ်ပိုင်ခွင့် အာဏာ
တည်မြဲမှု အတွက် သူ ပိုစိုးရိမ်လာပြီး
တကယ်တန်း မြေပြင် လုပ်အားကို
မပေးနိုင်ပဲ သူ ပြန်ပေးနိုင်တဲ့ value
က နည်းနည်းလေးမို့ သူ့အတွက်သူ
စိုးရိမ်လို့ အောက်ကို ပိုဖိတာပါ
အောက်ခြေကို ပိုပြီး မျက်ခြေမပြတ်
စောင့်ကြည့် ထိန်းချုပ်လာတယ်
အလုပ်သမားတွေက ပိုပို အလုပ်ကြိုးစား
လာရင်း ပိုပို ကြပ်တည်း လာကြတယ်
ရှိရှိသမျှ အကျိုး အမြတ်တွေက
ထိပ်သီးတွေဆီကိုပဲ ပိုပို စီးဆင်းလာ
တယ်
ဒီ ပြဿနာက ကြာလေ ပိုဆိုးလေ
ဖြစ်မှာပါ
အထက်တန်းလွှာ မိသားစုတွေက
သီးခြား အဖွဲ့တွေ ကွဲထွက်ပြီး
သီးသန့် ကိုယ်ပိုင် မဟာမိတ်တွေ
ထူထောင်ကြတယ်
သူ့ထက်ငါ ထိပ်ဆုံး ကို တက်နိုင်ဖို့
ပြိုင်ဆိုင်မှု ပိုပြင်းထန်လာတယ်
အဲ့ကနေ ပြည်တွင်းစစ် သို့မဟုတ်
တော်လှန်ရေး တွေ ဖြစ်လာတာပါ
ကျဆင်းကာလ ရောက်ရင်
ဟန်ဆောင်မှု မျက်နှာဖုံးတွေ
ကွာကျလာလေ့ရှိတယ်
ရှင်သန်ရပ်တည်ဖို့ တစ်ဦးကို
တစ်ဦး သတ်ဖို့ ဝန်မလေးတော့ဘူး
အရင်းအမြစ် အခွင့်အရေးတွေ အတွက်
ယှဉ်ပြိုင်တိုက်ခိုက်မှု ပြင်းထန်လာတယ်
ဝေဖန်မှုတွေကို လက်မခံတော့ဘူး
လူ့အဖွဲ့အစည်းက စည်းမျဉ်းတွေနဲ့
ပို တင်းကြပ်ချုပ်နှောင်လာတယ် ။
ဗြူရိုကရေစီက ပိုဆိုးလာတယ်။
အတွင်းရေးတွေကို ထုတ်ဖော်တဲ့သူ
တွေ နှုတ်ပိတ်ခံရတယ်
မီဒီယာ လွတ်လပ်ခွင့်တွေ တင်းကြပ်
လာတယ်
( အတက် - ဒီမိုက​ရေစီ / လွတ်လပ်မှု)
(အကျ - ဗြူရိုက​ရေစီ )
( ပြိုလဲ ကာလ - အာဏာရှင်)
ဒီ မိုဒယ် အတိုင်း နားလည်မှုသာ
မှန်ကန်ခဲ့မယ် ဆိုရင်
အနောက်ကမ္ဘာဟာ နောက် (၅) (၁၀) နှစ်
(၂၀) နှစ် အတွင်းမှာ…..
1. ဒီမိုကရေစီနဲ့ လွပ်လပ်မှု ကျဆင်းလာလိမ့်မယ်
2. စီးပွါးရေး ပြိုလဲမှု
3. အစုအပြုံလိုက် ပြည်ပလုပ်သားတင်သွင်းမှု
4. ပြည်တွင်း ပဍိပက္ခ
5. အဓိပ္ပာယ်မဲ့ ပြည်ပ စစ်ပွဲတွေ
ဒါတွေအားလုံး တစ်ခုနဲ့ တစ်ခု ဆက်စပ်ပြီး
တစ်ဆင့်ပြီး တစ်ဆင့် ဖြစ်ပေါ်လာကြ
လိမ့်မယ်
———-
(အသေးစိတ် ဆက်စပ်မှုကို မူရင်း video မှာ
ရှင်းပြထားပေမယ့် ဒီမှာ စာရှည်မှာစိုးလို့
အတိုချုပ်ပဲ ဖော်ပြပါရစေ)
———
ဒီ ခန့်မှန်းချက်တွေ မမှန်ခဲ့ဘူးဆိုရင်တော့
ကျနော်တို့ရဲ့ နားလည်မှု မိုဒယ်ကို
ပြန်သုံးသပ်ပြုပြင်ရမှာ ဖြစ်တယ်
မှန်ခဲ့ရင်တော့ မိုဒယ် မှန်တယ်လို့
ယူဆရမှာပါ
(ပရော်ဖက်ဆာ ကျန်းရဲ့ ဗီဒီယိုကို
တက်နိုင်သမျှ ချုံ့ပြီး ဘာသာပြန်ထား
တာပါ )

No comments:

Post a Comment