Memoir 65
ဒီလိုလူတွေနဲ့(၆၅)....
ကျွန်တော်က ခပ်တုံးတုံးပညာရှင်ဖြစ်ကြောင်း အရင်အပတ်က ရေးခဲ့ပါတယ်။
အိုင်းစတိုင်းတို့၊ ဖာရာဒေးတို့ နယူတန်တို့ကို အားကျခဲ့တယ်။ နောက်တော့ လက်ရှိမြန်မာပြည်ကနေ ကမ္ဘာ့ သိပ္ပံပညာရှင် ၁၀၀ ထဲပါတဲ့ စောဝေလ တို့လို၊ ပညာတော်တဲ့ ဒေါက်တာကျော်တင့်တို့ကိုလည်း အားကျပါတယ်။
ဒါပေမဲ့ ကျွန်တော်ကြိုးစားပါတယ်။ ကျွန်တော်သဘောအကျဆုံးက စတီဗင်ကိုဗေးရေးတဲ့ (Seven Habits for Highly Effective People) ပါပဲ။
ထိရောက်အောင်မြင်သူတွေအတွက်အလေ့အကျင့် ၇ခု ပါပဲ။
အခွင့်သာမှ ဒီ ၇ ချက်လုံးကို ပြောပါမယ်။ ဒီ၇ ချက်လုံးပြောလိုက်ရင် စိတ်ဝင်စားမှုနည်းသွားပါမယ်။ ပြီးတော့ထိရောက်မှုလည်း ရှိမှာမဟုတ်ဘူး။
ဒီတော့ ပထမဆုံး အချက်ဖြစ်တဲ့ Be Proactive ဆိုတဲ့ အချက်တစ်ချက်တည်းကိုပဲပြောပါမယ်။
အဲဒါကတော့ “ဘယ်လိုပဲ အခက်အခဲတွေ့တွေ့၊ ဘယ်လိုပဲ ကျဉ်းထဲကျပ်ထဲရောက်ရောက် လုပ်လို့ရတာကို လုပ်တာ” ကို ပြောတာပါပဲ။
၂၀၀၈ ခုနှစ်က ကျွန်တော်တို့ဆီမှာ နာဂစ်မုန်တိုင်း ဝင်တယ်။
ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနဲ့ မွန်ပြည်နယ်တို့မှာ သက်ရောက်မှုတွေရှိတယ်။ လူ တစ်သိန်းကျော် သေဆုံးတယ်။
အပျက်အစီးက ငွေကြေး ဒေါ်လာ ဘီလျံချီတဲ့ပမာဏနဲ့ နှိုင်းပြတယ်။
ဒီလို မုန်တိုင်းဒဏ်ကို ခံရတဲ့အခါ လူသားချင်းစာနာတဲ့ အကူအညီတွေရောက်လာပါတယ်။
သင်ဟာ အဲဒီလိုမုန်တိုင်းဒဏ်ခံလိုက်ရတဲ့အခါ (လူငယ်လူရွယ်တစ်ယောက်သာဆိုရင် )မိမိတတ်နိုင်တာလေးတွေကို အခက်အခဲတွေ့နေတဲ့ လူတွေကိုသွားရောက် ကူညီမှာလား။ ဒါမှမဟုတ် မိမိအခက်အခဲတွေကြောင့် မုန်တိုင်းကို အပြစ်တင်ပြီး အကူအညီလာတာ ကိုပဲ စောင့်မလား။ သို့မဟုတ် ကိုယ်လုပ်နိုင်တာကိုပဲ လုပ်မလား။
နာဂစ်မုန်တိုင်းကို မမီလိုက်သူတွေကတော့ ကိုဗစ်ကို မီကြမှာပါ။
ကိုဗစ်မှာ ကိုယ်လုပ်နိုင်တာကို လုပ်ပေးသူတွေ အများကြီးကို တွေ့မှာပါ။
သူတို့ကို ပရဟိတတွေလို့ ခေါ်တယ်၊ Volunteers တွေလို့လည်း ခေါ်ကြတယ်။
ကိုယ်ဖိရင်ဖိအကူအညီပေးပြီးအသက်စွန့်သွားတဲ့သူတောင် ရှိတယ်။
ကိုယ်တတ်နိုင်တာလေးကိုကိုယ်လုပ်တာပဲလေ။
ဒီလိုစိတ်ဓာတ်တွေကို ကျောင်းတွေရုံးတွေမှာ မွေးဖို့လိုတယ်။
အဖြစ်အပျက်လေးတစ်ခုကို တင်ပြချင်တယ်။
၁၉၅၇ ခုနှစ်မှာ ရုရှတွေဟာ စပွန်းနစ်(Sputnick)ဂြိုဟ်တုကို ကမ္ဘာပတ်လမ်းကြောင်းထဲကို စတင် လွှတ်တင်ခဲ့တယ်။ ဒီ ဂြိုဟ်တုဟာ အမေရိကန်နိုင်ငံပေါ်ဖြတ်သွားတိုင်း တီ တီ တီ တီ ဆိုတဲ့ ရေဒီယို အချက်ပြသံတွေပေးသွားတယ်။
၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်ကြီးပြီးသွားကတည်းက ရုရှနဲ့ အမေရိကန်တို့ဟာ စစ်လက်နက်ပစ္စည်းတွေနဲ့ သူတို့ရဲ့အင်အားတွေကို ပြိုင်နေကြတယ်။ ဒါကိုစစ်အေးတိုက်ပွဲလို့ ခေါ်တယ်။ ရုရှဂြိုဟ်တု စပွန်းနစ်ကို အာကာသထဲ လွှတ်တင်တာဟာ အမေရိကန်တွေအတွက် တံတွေးနားရွတ်ဆွတ်သလိုရန်စခံရတာမျိုးလို့ ခံစားရတယ်။
ဒီအခါ အမေရိကန်တွေဟာ မခံမရပ်နိုင်ဖြစ်ကြပြီး အစိုးရကို တစ်စုံတစ်ခုလုပ်ပေးဖို့ တောင်းဆိုကြတယ်။ အထူးသဖြင့်ကောလိပ်တွေ တက္ကသိုလ်တွေက ကျောင်းသားတွေ ဆန္ဒပြလာတာမျိုး ရှိခဲ့တယ်။
အဲဒီအချိန်က အမေရိကန်သမ္မတဟာ ဂျွန်အက်ဖ်ကနေဒီဖြစ်တယ်။ ကနေဒီဟာ သူ့လူတွေ ဆန္ဒပြတာကို စိတ်မပျက်သွားဘူး။ သူ လမ်းကြောင်းတည့်ပေးတယ်။
“လူငယ်လူရွယ်တွေဟာ အစိုးရက၊တိုင်းပြည်က တို့ကို ဘာလုပ်ပေးမယ် ဆိုတာကို စောင့်ဆိုင်းမနေကြပါနဲ့။ တို့က အစိုးရအတွက် အထူးသဖြင့်နိုင်ငံအတွက် ဘာလုပ်ပေးရမလဲဆိုတာကိုစိတ်ကူးကြပါ” လို့ ပြောခဲ့ပါတယ်။
ဒီမိန့်ခွန်းဟာ အင်မတန်ထိရောက်တဲ့မိန့်ခွန်းပါ။
ဒါဟာ Proactive ဖြစ်စေတဲ့ မိန့်ခွန်းပါ။
သူများခိုင်းတဲ့အခါမှ လုပ်တာက ကျွန်စိတ်ဓာတ်ပဲ၊ ကိုယ်တိုင်ဆုံးဖြတ် လုပ်ကိုင်တတ်တာမှ သခင်စိတ်ဓာတ်ဖြစ်ပါတယ်။
တကယ်တော့ ဒီလိုလုပ်ဖို့ဟာ နိုင်ငံရဲ့ပေါ်လစီပေါ်မှာလည်း မူတည်နေပါသေးတယ်။
ဒါပေမဲ့ဆရာရယ် ကျွန်တော်တို့ဆီက ဝန်ထမ်းတွေက လစာအင်မတန် နည်းတယ်။ ဒီတော့ သူတို့ရတဲ့ လစာအတိုင်းအတာလောက်ပဲ သူတို့လုပ်ကြ တာပေါ့ ဆိုပြီး ဆင်ခြေပေးတယ်။
နိုင်ငံတကာမှာတော့ လုပ်ခလစာများသလောက် အလုပ်ကို “ပြဲ”နေအောင် လုပ်ကြရတယ်။ ဗိုလ်ချုပ်အောင်ဆန်းက ဒီလိုပြောခ့တာပဲ။ လွတ်လပ်ရေးကြိုး ပမ်းမှုမိန့်ခွန်းတွေထဲမှာ “လွတ်လပ်ရေးရရင် ပဒေသာပင် ပေါက်လာမှာမဟုတ်ဘူး။ ပြဲနေအောင် လုပ်ရမယ်၊ ကွဲနေအောင် လုပ်ရမယ်” လို့ပြောခဲ့တယ်။
“သူများ ခြေတစ်လှမ်းလှမ်းရင် ကိုယ်ဆယ်လှမ်းလှမ်းနိုင်မှ တော်ရုံကျမယ်”ဆိုပြီး ပြောခဲ့ပါတယ်။
ဒါပေမဲ့ ကျွန်တော်တို့ဟာ အဲဒီလိုမလုပ်ခဲ့ဘူး။
ဦးနုပြောတဲ့ လူတစ်ကိုယ်၊ တိုက်တစ်လုံး၊ ကားတစ်စီးဝင်ငွေ ရှစ်ရာဆိုတဲ့ ဘဝကို မရောက်ခဲ့ပါဘူး၊ ( ထိုအချိန်က ရွှေဈေးဟာ တစ်ကျပ်သား၂၀၀ကျပ် အောက်သာရှိလို့ ခုခေတ်ဈေးနဲ့ဆိုရင် ဝင်ငွေရှစ်ရာဟာ ရွှေလေးကျပ်သား သိန်း၁၆၀ ကျော်ဖြစ်လို့ ဒေါ်လာလေးထောင်လောက်နဲ့ ညီနေပါတယ်။
သို့သော်ကျွန်တော်တို့ရဲ့ အနိမ့်ဆုံးဝန်ထမ်းတစ်နေ့ဝင်ငွေဟာ ၂ ဒေါ်လာ အောက် (တစ်လ ဒေါ်လာ ၆၀ အောက်)မှာသာ ရှိတာကို တွေ့ရပေမယ်။
ဒီတော့ လူတွေရဲ့ သိက္ခာဆိုတာ “ငွေ” လို့သတ်မှတ်ခံရလာတာဖြစ်ပြီး ဝင်ငွေ များများရှိတဲ့သူဟာ လူရာဝင်လာကြတယ်။ ဒီလိုဝင်ငွေကို ဘယ်လိုရရပေါ့။
ဒီတော့ ရိုးသားကြိုးစားတဲ့သူတွေဟာ “ငပေါ”ကြီးတွေ ဖြစ်လာကြတယ်။
လစာပြင်ပ ဝင်ငွေ (Outside)ဟာ အရေးပါတဲ့အခန်းကဏ္ဍမှာ ရောက်လာ ပါတော့တယ်။ လာဘ်ပေးလာဘ်ယူတွေဟာ အစိုးရဌာန -ရုံးတိုင်းမှာ ရှိလာကြတယ်။
လာဘ်မပေးလို့ မဖြစ်အောင် ခွင်တွေ ချထားတယ်။
ကိစ္စတစ်ခုကို ဒီအတိုင်းမပြီးနိုင်တော့ဘူး။
“ရေလောင်း”ရတယ်ဆိုတဲ့စကား ပေါ်လာတယ်။
ဒီတော့ ရုံးဝန်ထမ်းတွေရဲ့ လုပ်ရည်ကိုင်ရည် (Efficiency) ကျလာတော့တယ်။ တစ်ဖက်ကလည်း မလုပ်မရှုပ်မပြုတ်ဆိုပြီး စကားတွေ ထွက်လာတယ်။
ဗုဒ္ဓသာရှိရင် ကိသာဂေါတမီကို တရားပြဖို့ “လာဘ်မစားတဲ့ရုံးများရှိရင် အဲဒီရုံးက စာရွက်တစ်ရွက်သာ ယူခဲ့၊ သင့်ကလေးပြန်ရှင်အောင် ကုပေးမယ်”လို့ ပြောလေမလားပဲ။
တကယ်တမ်း ဒီကိစ္စကိုဘယ်သူမှ မေးခွန်းမထုတ်ရဲဘူး။ မေးခွန်းထုတ်သူ တရားလိုဟာ တရားခံ ဖြစ်သွားနိုင်တယ်။
ဒီစရိုက်ဆိုးကြီးဟာ တိုင်းပြည်ကို အောက်ဆုံးရောက်အောင် ဆွဲချပစ် လိုက်တဲ့အချက်တွေထဲက အရေးအပါဆုံးအချက်တစ်ခု ဖြစ်တယ်။
တက်ကျမ်းတွေထဲမှာ ပါတယ်။ ဒီနေ့ပြီးရမယ့်အလုပ်ကို နက်ဖြန်မှ မလုပ်ပါနဲ့တယ်။
လုပ်ရင် ဘာဖြစ်လဲ။
သင် ညံ့သွားမှာပေါ့။
ညံ့ရင် ဘာဖြစ်လဲ။
ညံ့ရင် ဆင်းရဲမှာပေါ့။
“မဟုတ်တာ အဲဒီအလုပ်ကို ခုချက်ချင်းပြီးအောင်လုပ်လိုက်တယ်ဆိုရင် ပိုက်ဆံမရဘူးလေ။ တစ်ခုတော့ရှိတယ်၊ အမြန်ကြေးပေးနိုင်ရင် …”
ဒီတော့ ဒီလုပ်လုပ်ရင်းကနေ ကျွန်တော်တို့ ညံ့သွားတယ်။ ကျွန်တော် တို့ ဆင်းရဲသွားကြတယ်။
(ဆက်ရန်)

No comments:
Post a Comment