Friday, May 31, 2024

PRF Support

 လူဆိုတာ တစ်ယောက်နဲ့တစ်ယောက်မတူပါ။ လက်ဝဲ၊ လက်ယာ၊ ဘာသာအယူဝါဒ ကွဲပြားကြပါတယ်။ ဒါတွေဟာ ကမ္ဘာတည်သရွေ့ ငြင်းခုံမှု ရှိကြမှာပါ။ ထိုအရာတွေဟာ လက်နက်ကိုင်တပ်များရဲ့ပြင်ပမှာ ငြင်းခုံလို့ရပေမယ့် လက်နက်ကိုင်ပြီး ငြင်းခုံရင် အင်မတန် အန္တရာယ်ကြီးပါတယ်။ လက်နက်ကိုင်တပ်ဖွဲ့ဟာ နိုင်ငံရေးသမား

အမိန့်မဟုတ်ဘဲ ရွေးကောက်ခံ နိုင်ငံရေးသမားအမိန့်ကိုသာ နာခံဖို့ အင်မတန်အရေးကြီးပါတယ်။ လူအများစုပြောတာက မအလပြုတ်ဖို့အရေးကြီးတယ်ဆိုတာပါ။ ၁၉၄၈ မတိုင်ခင်ကလဲ လွတ်လပ်ရေးရဖို့ အရေးကြီးတယ်ဆိုပြီး ပြောခဲ့ကြတာ မမေ့ပါနဲ့။

ယခုအချို့အဖွဲ့များဟာ PDF တွေကို ကွန်မြူနစ်ဝါဒသင်ဖို့ လုပ်နေတာ တွေ့နေရပါတယ်။ PDF တွေကို သင်ရမှာက တပ်ခွဲမှူး၊ တပ်ရင်းမှူး၊ ဗျူဟာမှူးသင်တန်းတွေ၊ စစ်ပွဲမှာ လူ့အခွင့်အရေး ဘယ်လိုလိုက်နာရမယ်ဆိုတာတွေနဲ့ ရွေးကောက်ခံ အရပ်သားအမိန့်ကို ဘယ်လို နာခံရမယ်ဆိုတာတွေပါ။

ယခုအမေရိကန်မှာ ထရမ့်ကို ဒီမိုကရက်ပါတီက ရှေ့နေချုပ်တွေက သူတို့ပြည်နယ်တွေ၊ ခရိုင်တွေမှာ တရားစွဲပါတယ်။ သူတို့က ပါတီအခြေပြုလို့ ထရမ့်ကိုစွဲတဲ့အမှုမှာ မပါနဲ့ဆိုရင် သူတို့က ငြင်းပါတယ်။ ယခုနယူးယောက်က တရားသူကြီး Juan Manuel Merchan ကလဲ ဒီမိုကရတ်ကို ငွေလှူသူ၊ သူ့သမီးက ဒီမိုကရတ်တွေအတွက် ရန်ပုံငွေ ရှာပေးသူပါ။ သူ့ကို ရီပတ်ပလီကန်ပါတီက အမတ်တွေက ထရမ့်အမှုမှာ တရားသူကြီးမလုပ်ဖို့ပြောပေမယ့် သူကဆက်လုပ်ခဲ့ပါတယ်။ ယခုလဲ တရားသူကြီးချုပ်ရုံး တရားသူကြီး Alito ကို သူ့မိန်းမက အလံပြောင်းပြန်ထောင်တာဟာ ထရမ့်ထောက်ခံတာနဲ့တူလို့ သူ့ကို ထရမ့်အမှုမှာ မပါဖို့ ဒီမိုကရက်အမတ်တွေက ဝိုင်းပြောပေမယ့် သူက ငြင်းခဲ့ပါတယ်။ သတင်းသမားတွေက မိမိတို့ ထောက်ခံတဲ့ပါတီအပေါ်မူတည်ပြီး လော်ပါတယ်။ သတင်းသမားဆိုတာ ဘုရားလို ကြားနေသူမဟုတ်ပါ။ ထိုအမှုတွေထဲမှာ အမေရိကန်စစ်တပ်ထဲကလူများဟာလဲ လူသားတွေမိုလို့ စိတ်ထဲကနေ ဘက်လိုက်နိုင်ပါတယ်။ ဒါပေမယ့် သူတို့က ဝင်မစွက်ပါ။

စာရေးသူတို့ တိုင်းပြည်မှာလဲ မအလက မဲကိစ္စဆိုရင်တောင် သူတို့စွဲထားတဲ့ ခြေဥနဲ့သာ ကြိုက်ကြိုက် မကြိုက်ကြိုက် ဖြေရှင်းခဲ့ရင် ယခုလိုဖြစ်လာစရာ ဒေါ်လာစျေးတက်စရာ မီးပျက်စရာ အကြောင်းမရှိပါ။ ထို့အတူ တည်မြဲပါတီဘက်က နေဝင်းဘက်မလိုက်ခဲ့ရင်လဲ ပြဿနာမရှိနိုင်ပါ။ ထို့အတူ ကွန်မြူနစ်က လက်နက်မကိုင်ဘဲ အာဏာကို ရွေးကောက်ပွဲကသာ ရယူဖို့ ကြိုးစားခဲ့ရင်လဲ နိုင်ငံရေးသမားတွေဟာ အိန္ဒိယမှာလို အားကောင်းနိုင်ပါတယ်။ စာရေးသူပြောလိုတာက PDF/စစ်တပ်တွေအနေနဲ့ မိမိကိုးကွယ်ရာဘာသာ၊ ယဉ်ကျေးမှု၊ ဓလေ့၊ လက်ဝဲ၊ လက်ယာ အယူဝါဒအပေါ်မူတည်ပြီး အမြင်မတူတာရှိနိုင်ပေမယ့် ရွေးကောက်ခံ အရပ်သားရဲ့ အမိန့်ကို နာခံတတ်အောင် ယခုထဲက အလေ့အကျင့် ပြုလုပ်ပေးပါလို့ တောင်းပန်ပါရစေ။ PDF ဟာ NGO/CSO မဟုတ်လို့ သူတို့လို စောက်ချိုးချိုးရင်တော့ သုံးယောက်တစ်ဖွဲ့နဲ့ အဖွဲ့ပေါင်းစုံကွဲပြီး တိုင်းပြည်လဲ ခွေးဖြစ်ပါမယ်။ ၁၉၄၈ မတိုင်ခင်ကအဖြစ်ကို ပြန်မသွားပါနဲ့။ ပြည်သူက PRF ကို ထောက်ပံ့ပြီး အမိန့်နာခံမှုအားကောင်းအောင် လုပ်ဆောင်ပေးပါ။Credit to:

Myat Tun Oo

ထရော်မာများထဲ ရုန်းကန်ခဲ့ရသော နာကျင်နိမ့်ကျ ကျွန်တော့်ဘဝအစ

"ဗြိတိသျှကိုကိုမောင်" ဆိုတာ ရယ်စရာတွေ၊ ဟာသ‌တွေ၊ သရော်စာတွေရေးတတ်တဲ့ အဲဗားခွီနေတဲ့ လူတစ်ယောက်လို့ အတော်များများက သိထားကြတယ်။

ဒါပေမယ့် အဲ့ဒီ ကလောင်တချောင်းဖြစ်လာဖို့ ကျွန်တော်ဟာ နာကျင်ဖွယ် သုညဘ၀ ကို မွေးကတည်းက စခဲ့ရတာပါ။
ဘ၀က တော်တော် နာကျင်ဖို့ကောင်းပါတယ်။
ကျွန်တော် မွေးပြီးစ အချိန်မှာပဲ ကျွန်တော်ဟာ အမေ့ရဲ့ နို့တစ်လုံးကိုသာ စို့ခွင့်ရခဲ့တယ်။
အမေ့မှာ နို့နှစ်လုံးပါပေမယ့် လောကထဲ ဘာမှ မသိနားမလည်သေးတဲ့ ကျွန်တော်ဟာ နို့စို့ချိန်တိုင်း အမေ့ရဲ့ ဘယ်ဘက်နို့ ဒါမှမဟုတ်ရင် ညာဘက်နို့ တစ်ခုကိုသာ စို့ခွင့်ရခဲ့ပါတယ်။
တစ်ပြိုင်နက် နှစ်ဖက်လုံး စို့ခွင့်မရလောက်အောင် ဆင်းရဲခဲ့ရတယ်။
အမေဟာ ကျွန်တော် လေးနှစ်သားမှာ ရက်စက်စွာနဲ့ ကျွန်တော့်ကို နို့ဖြတ်ပစ်ခဲ့တယ်။
ကျွန်တော့် အဖေကတော့ ပျော်လို့။ အေးလေ... သူက ပျော်မှာပေါ့။
နောက်ပိုင်း သိတတ်စ အရွယ် မှ ကျွန်တော်သိလာရတာက ကျွန်တော့် အဖေ ဟာ ကျွန်တော့် အမေရဲ့ ယောက်ျားဆိုတာကို တဖြည်းဖြည်း ရိပ်မိလာတာပဲ။
ကဲ ဘယ်လောက်ဆိုးတဲ့ အဖြစ်လဲဗျာ။ ဒီလို အဖြစ်မျိုး ခင်ဗျားတို့ ကြုံဖူးလား။ ကိုယ့်ကိုမမွေးခင်ကတည်းက ကိုယ့်အမေက လင်ရနေတာလေဗျာ။
ဒီထက်ဆိုးတာက...
အမေ့နို့ မစို့ရတော့တဲ့ ကျွန်တော့်ကို အဖေက အိုဗာတင်းဆိုတာ တွေ ဖျော်ဖျော်ပြီးတိုက်တဲ့အထိ ရက်စက်ခဲ့ပါတယ်။
အမေလား..အိုဗာတင်းဖျော်ဖို့ ရေနွေးတောင် တည်ပေးလိုက်သေး။
ဒီလိုနဲ့ အဖေနဲ့ အမေဟာ ကျွန်တော် လေးနှစ်သားမှာ ကျွန်တော့်ကို အိမ်မှာ မထားနိုင်တော့ဘူးဆိုပြီး မူကြိုဆိုတဲ့‌ေနရာကို ရက်စက်စွာ ပို့ခဲ့ကြတယ်။
ကျွန်တော်ဟာ အိမ်မှာလည်း အနှိမ်ခံရသလို မူကြိုမှာလည်း အနှိမ်ခံရတာပါပဲ။
မူကြိုဆရာမက ကျွန်တော့်ကို "လူငယ်သလောက် ချီးတုံးကြီးတဲ့ဟာလေးတော့" လို့ ပက်ပက်စက်စက်‌
ပြောပြီး ကျွန်တော့် ‌ဖင်ကို ရေတွေနဲ့ လောင်းဆေးပစ်တယ်။
ကျွန်တော့်မှာ ဖင်‌ေခါင်းထဲအထိ အေးတာကို အံကြိတ်ခံရင်း ထရော်မာတွေ ရခဲ့ပေါ့။
ဘ၀ ရဲ့ ကကြီရေ က ဟာ ဒီလို အနှိမ်ခံဘ၀နဲ့ စခဲ့တယ်။
မူလတန်း၊ အလယ်တန်း နဲ့ အထက်တန်းကျောင်းသားဘ၀တွေမှာလည်း ကျွန်တော်ဟာ ကျောင်းမှာ အမြဲတမ်း အဖြူ အစိမ်း ပဲ ၀တ်ခဲ့ရတယ်။
ကျောက်သင်ပုန်းနဲ့ရေးဖို့ဆိုပြီး အမေဟာ ကျောက်တံပဲ ၀ယ်ပေးတယ်။
စာအုပ်နဲ့ စာရေးရတဲ့အခါကျပြန်တော့ အဖေဟာ ကျွန်တော့်ကို စက္ကူနဲ့လုပ်ထားတဲ့ စာအုပ်တွေသာ ၀ယ်ပေးနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ကျွန်တော်ဟာ ပညာရေးအတွက် အဖေ စိတ်မပျက်စေရအောင် အတတ်နိုင်ဆုံး ဘာမှ စောဒကမတတ်ဘဲ ကြိုးစားပန်းစားနဲ့ အဖေ၀ယ်ပေးတဲ့ စာအုပ်ထဲက စက္ကူတွေဖြဲပြီး စက္ကူလေယာဉ်ပျံလုပ်၊လှေလုပ်တမ်း ကစားခဲ့ရပါတယ်။
ဒီလို မျိုး အဖေရုန်းကန်နေရတဲ့ အခြေအ‌နေမျိုးမှာ
အိမ်ထောင်ရှင်မဖြစ်တဲ့ အမေဟာလည်း ကျွန်တော့် ထမင်းဘူး ထဲ ထမင်းရယ် ဟင်းရယ်က လွဲပြီး ဘာမှ မထည့်ပေးနိုင်ခဲ့ဘူး။
မတတ်သာတဲ့အဆုံး
ကျွန့်တော် ဟာ အဖေ ပေးတဲ့ မုန့်ဖိုးကို ယူရပါတော့တယ်။
ဒါလည်း ဒီတိုင်းတော့မရပါဘူး။
ဘ၀ဆိုတာ တခုယူရင် တခုပြန်ပေးရမြဲ မဟုတ်လား။
အဖေက ကျွန်တော့်ကို မုန့်ဖိုးပေးရတဲ့အတွက်ဆိုပြီး နေ့တိုင်း ကျွန်တော့်ကို စက်ဘီးတစ်စီးနဲ့ ကျောင်း မုန့်‌‌
ဈေးတန်း အထိ ရက်ရက်စက်စက် လိုက်ပို့တာကို ခံရပါတော့တယ်။
ဒီလိုနဲ့
ကျောင်းသားတစ်ဦးရဲ့ လွတ်လပ်စွာ ကျောင်းပြေးခွင့်ကို မူလတန်းအရွယ်မှာပဲ ကျွန်တော်ဟာ ဆုံးရှုံးခဲ့ရပြန်ပါတယ်။
အဲ့ဒီလို နာကျင်စရာ အခြေအနေဘ၀နဲ့ လူပျိုပေါက်အရွယ်
အထက်တန်းကျောင်းသားဖြစ်လာပြန်တော့လည်း ထရော်မာတွေ ရခဲ့ပြန်တယ်။
လူတန်းစားအဆင့်အတန်းခွဲခြားလွန်းတဲ့ ကျွန်တော်တို့ ကျောင်းဟာ ကျွန်တော့်နဲ့ ကျွန်တော့်သူငယ်ချင်း
ဘ၀တူကောင်တွေကို မိန်းကလေးအိမ်သာထဲ ဘယ်တော့မှ မ၀င်ရဆိုပြီး ဖိနှိပ်ခဲ့ကြတယ်။
နုံချာလှတဲ့ အနှိမ်ခံဘ၀နဲ့ ကျွန်တော်တို့ဘ၀တူ သူငယ်ချင်းတစ်စုဟာ စိတ်အားငယ်စွာပဲ ကျား အိမ်သာမှာ သေးကော့ပန်းခဲ့ရတယ်။
ပြီးမှ မိန်းကလေးအိမ်သာဘက်က သူငယ်ချင်းမတွေ ထဘီ ဖြန့်၀တ်တာကို ပီဘိညိုးငယ်သော စိတ်ထားဖြူဖြူလေးတွေနဲ့ တက်ချောင်းရင်း ဘ၀ကို နာနာကျင်ကျင် ကျော်ဖြတ်ခဲ့ရပါတယ်။
ကျွန်တော့်ရဲ့ ဟာ နုနယ်ပျိုမြစ်တဲ့ ဆယ်တန်းကျောင်းသားဘ၀မှာပဲ နောက်ထပ် နာကျင်စရာ ထရော်မာတွေ တစ်ခု ထပ်ရခဲ့ပြန်ပါတယ်။
အဖေဟာ ကျွန်တော့်ကို ကိုးတန်းဖြေပြီးခါစမှာပဲ သွေးအေးရက်စက်စွာနဲ့ သုံးလပြတ်ကျူရှင် အပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ကျွန်တော်ဘယ်လောက်နာကျင်ခဲ့မလဲ။
ကျူရှင်မှာလည်း ကျွန်တော်ဟာ စိတ်ဒဏ်ရာတစ်ခု ထပ်ရခဲ့ပြန်ပါတယ်။
ဒါပေမဲ့ အဲ့ဒီ နာကြည်းဖွယ် စိတ်ဒဏ်ရာကနေ ကျွန်တော်ဟာ ငါ တစ်နေ့ ဆရာ၀န် ဖြစ်ရမယ်ဆိုတဲ့ သန္နိဌာန်ချပစ်ခဲ့တယ်။
အဲ့ဒီ စိတ်ဒဏ်ရာကတော့ ဇင်ဖြူသီ ဆိုတဲ့ ကောင်မလေးက စပါတယ်။
ဇင်ဖြူသီ ဟာ လှတယ်။ ချမ်းသာတယ်။
ကျွန်တော်ဟာ သူမ ကိုပေးဖို့ အားတင်းပြီး ရည်းစားစာတစ်စောင် ကျွန်တော်ရေးခဲ့တယ်။
ကျူရှင်ရှေ့မှာ ကျွန်တော် အစောကြီးသွားစောင့်တယ်။
ဇင်ဖြူသီဟာ သူ့အဖေရဲ့ အကောင်းစားစူပါကပ်ကျောက်စိမ်းဆိုင်ကယ်ပေါ်မှာ အနွေးအထည်ခေါင်းစွပ်လေး ၀တ်ပြီး ကျူရှင်ထဲ ၀င်လာတယ်။
သူ့အနားကို ကျွန်တော်ကပ်သွားတယ်။
စာပေးခါနီး သူ့ကို စကားစလိုက်တယ်။
"ဇင်ဖြူသီ ...နင်...နေကောင်းလား"
ဇင်ဖြူသီက ကျွန်တော့်ကို ခပ်တင်းတင်းစိုက်ကြည့်ပြီး
"မကောင်းဘူးဟ၊ တုပ်ကွေးမိနေတာ၊ အခုတောင် ဆရာ၀န်က ဖင် ကို ဆေးနှစ်လုံး ထိုးလွှတ်လိုက်တယ်"
အဲ့ဒီစကားကြားတဲ့အခါ ကျွန်တော့်စိတ်ထဲ သေလောက်အောင်၀မ်းနည်းနာကျင်ခဲ့ရတယ်။
ခင်ဗျားတို့ ခံစားကြည့်လေ။
ကိုယ်က အခုမှ ဦးဦးဖျားဖျား ချစ်ရေးဆိုပြီး မေတ္တာစာပေးမယ့် ကောင်မလေးကို ဟိုဆရာ၀န်ဆိုတဲ့လူက ဖင်လှန် ဆေးထိုး လိုက်တယ်တဲ့။
အဲ့ဒီအဖြစ်အပျက်ပြီးကတည်းက ကျွန်တော်ဟာ ငါတစ်နေ့ ဆရာ၀န် ဖြစ်ရမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။
ဒီထရော်မာဟာ ခွန်အားဖြစ်လာပြီးတဲ့နောက် ကျွန်တော်ဟာ အမြဲတမ်း ကိုယ့်အားကိုယ်ကိုးခဲ့တယ်။
မိဘနှစ်ပါး အလုပ်ရှုပ်မှာစိုးပြီး ခြောက်လပတ်၊ လေးလပတ်စာမေးပွဲ ရီပို့ကဒ်တွေမှာ မိဘတွေကိုယ်စား ကိုယ့်ဟာကိုယ်သာ အနစ်နာခံ လက်မှတ်ထိုးပေးခဲ့ပါတယ်။
စာမေးပွဲကာလမှာလည်း အဖေနဲ့ အမေဟာ ကျွန်တော့်ကို ရက်စက်စွာ စာကျက်ခိုင်းချိန်မှာ ကျွန်တော်ဟာအခန်းငယ်ထဲ အထီးကျန်စွာနဲ့ ခိုးချမယ့် မိုက်ခရိုစာရွက်တွေ ခေါက်ရင်း ကြိုးစားခဲ့ရတယ်။
ဆယ်တန်းအောင်စာရင်းတွေ ထွက်တဲ့ အခါ ကျွန်တော်အောင်ပါတယ်။
ဒါပေမဲ့ ကျွန်တော့်ရဲ့ ဆရာ၀န်လုပ်မယ့် ရည်ရွယ်ချက်ကို အဖေက ရက်စက်စွာဖျက်ဆီးခဲ့ပါတော့တယ်။
မှတ်မိပါသေးတယ်။ အဲ့ဒီနေ့က ကျွန်တော်က ညကျ‌ေတာ့ အဖေနဲ့ အမေ့ကို ကျွန်တော့်ရည်မှန်းချက်ကို ဖွင့်ပြောလိုက်တယ်။
"ကျွန်တော် ဆရာ၀န် လုပ်မယ် အဖေ၊ ဆေးကျောင်းတက်မယ်"
"မင်း ဦးနှောက်မှ ကောင်းသေးရဲ့လားကွာ"
အဖေ့ရဲ့ တုံ့ပြန်မှုပါ။
အမေက ကျွန်တော့်ကို အံဩတကြီး ကြည့်နေပါတယ်။
"ကျွန်တော် ဆရာ၀န်လုပ်ချင်လို့ပါ အဖေ..ကျွန်တော့်ကို ခွင့်ပြုပါ..ကျွန်တော် ဆေးပညာနဲ့ လူတွေ အသက်ကို ကယ်မယ် အဖေ..ကျွန်တော့်ကို ဆရာ၀န်လုပ်ခွင့်ပြုပါ"
ကျွန်တော့်ရဲ့ ပြတ်သားတဲ့ စကားကို ကြားပြီးနောက္မှာ
အဖေက တစ်ခွန်းပဲ ပြန်ပြောပါတယ်။
"ဟိတ်ကောင်..သောက်ရူး.မင်း အမှတ်ပေါင်း က ၂၄၂ မှတ်နဲ့ ဆရာ၀န်လုပ်လို့ရမလားကွ။ တော်ရုံပဲ သောက်ရူးထပါဟ လခွမ်း"
ဘယ်လောက် နာကျင်ခံစားရတဲ့ စကားလုံးလဲဗျာ။
အဲ့ဒီလိုနဲ့ မော်ဒရေးရှင်း လေးဘာသာ ပိုင်ရှင် ကျွန်တော်ဟာ အဖေ့ရဲ့ စကားတစ်ခွန်းအောက် လမ်းပျောက်ခဲ့ရပါတော့တယ်။
ဆရာ၀န်ဖြစ်ရင် ဇင်ဖြူသီလို ဟာမလေးတွေကို ဖင်လှန်ပြီး ဆေးထိုးရတော့မယ်ဆိုတဲ့ မျှော်လင့်ချက်လေး ပြိုကွဲပြီး ထရော်မာတွေသာ ရရှိခဲ့တာပါ။
ဒီအကြောင်းတွေ ရေးရင် ကျွန်တော့် ရင်ဘတ်တွေ အောင့်လာတယ်ဗျာ။
အတော်လေးရုန်းကန်ခဲ့ရတဲ့
ကိုယ့်ဘဝကိုယ် သနားလွန်းလို့ ရှူးတောင် ပေါက်ချင်လာပြီ။
နောက်မှ ဆက်ရေးတော့မယ်။
ဪ..နာကျင်ခံစားရတဲ့ ထရော်မာတွေချည်းရေးပြီး မိုတီဗိတ်ဖြစ်စေတဲ့ စာလေးရေးဖို့ ကျန်ခဲ့တယ်။
အောင်မြင်ချင်တယ်ဆို ဘယ်လိုလုပ်ရလည်း ကျွန်တော်လည်း သေချာမသိပါဘူး။
ကိုယ့်ဟာကိုယ်တောင် မိန်းမက ဟင်းချက်ခိုင်းသွားလို့ ဟင်းအိုးကလေးမွှေနေရင်းရွာလည်နေတာပါ။
အခက်အခဲတွေများစွာ ကျော်ဖြတ်အောင်မြင်နေကြတဲ့
မိုတီဗိတ်စပီကာကြီးတွေကို ဖတ်ရ မြင်ရ အားကျရင်း ကိုယ်လည်း နာမည်ကြီးမလားလို့ ဝင်ရေးကြည့်တာပါခင်ဗျ။
😜😝😁
ဗြိတိသျှကိုကိုမောင်
Credit to:

Khaw Zazz

Singapore စီးပွားရေးရပ်ဝန်း

Credit to:

Francis Zin

၁။ တရုတ်နဲ့အမေရိကန် ကာကွယ်ရေးဝန်ကြီး ၂ ပါး စင်ကာပူက ရှန်ဂရီလာဒေသတွင်းလုံခြုံရေးညီလာခံမှာ သီးခြားတွေ့ဆုံခဲ့ကြ
၇၅ မိနစ်အကြာ ဆွေးနွေးခဲ့ကြပြီး ကြိုတင်ခန့်မှန်းထားတာထက် အချိန်ပိုကြာခဲ့ရပါတယ်။ ဒါဟာ ၂ နိုင်ငံခေါင်းဆောင် ၂ ယောက်အကြား LA မှာတွေ့တုန်းက ထားခဲ့တဲ့ ကတိကဝတ်ရဲ့ အစိတ်အပိုင်းလို့ ဆိုပါတယ်။
ကမ္ဘာ့စူပါပါဝါစစ်တပ်ကြီး ၂ ခုက ကာချုပ်တွေကလည်း အင်မတန် ညံ့ဖျင်းပုံရတယ်၊ စတန်းဒတ်အာမီဂျီးက ငါတို့အဘတွေလို ရင်ဘတ်မှာ ဘာဆုတံဆိပ်မှလည်းပါဘူး။ 🥴
ref: ST

၂။ ဇလန်စကီး စင်ကာပူလာဖို့ သတင်းထွက်နေ
စင်ကာပူမှာကျင်းပနေတဲ့ ရှန်ဂရီလာလုံခြုံရေးညီလာခံမယ် ကမ္ဘာ့တိုင်းပြည်တွေက စစ်တပ်အကြီးအကဲတွေကို မိန့်ခွန်းပြောဖို့ရှိတယ်လို့ သတင်းထွက်လာပါတယ်။ သူဟာ လတ်တလော ဆွီဒင်မှာ ရောက်နေပြီး၊ ဆွစ်ဇာလန်မှာလုပ်မယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုလည်း တက်ရောက်ဖို့ ရှိနေပါတယ်။
ယူကရိန်းစစ်ပွဲစအပြီး ၂ နှစ်ကျော်အကြာဝယ် ရုရှားဟာ ထိုးစစ်အသစ်တွေနဲ့ ထပ်မံတိုက်ခိုက်တာကို ခံနေရပါတယ်။ သူ့အနေနဲ့ ၁၉၉၁ ခုနှစ်က ယူကရိန်းမြေပုံအတိုင်း ပြန်ရရင် ငြိမ်းချမ်းရေးယူမယ်လို့ ပြောကြားထားပါတယ်။
ref: ST




လူမိုက်လုပ်ချင်ဘူး

လမ်းတွေပျောက်ပါတယ်ကွာ။ ငါက ဘုရားတကာလုပ်ဖို့ အာဏာခဏထိန်းတာလေ။ မင်းတို့ကပြန်လုပ်နေကြတော့ ငါကလူမိုက်ကြီးလုပ်ရအုန်းမှာလား။


Thursday, May 30, 2024

ယူကရိန်းစစ်ရေးသတင်းများ

Credit to: 

Htang Shing Ling

1. ဆွီဒင်ကယူကရိန်းကိုယူရိုသန်းပေါင်း ၁၁၆၀(၁.၁၆ဘီလီယံ) တန်ဖိုးရှိတဲ့စစ်လက်နက်တွေထပ်မံပေးပို့ပါမယ်။အခုပေးပို့မယ့်စာရင်းထဲမှာ ASC-890 လေကြောင်းချီစောင့်ကြည့်ရေးနဲ့ထိန်းချုပ်ရေးလေယာဉ် ၂ စင်းလည်းပါဝင်တယ်။ဆွီဒင်ထုတ်နာမည်ကျော် ASC-890 လေကြောင်းချီစောင့်ကြည့်ရေးနဲ့ထိန်းချုပ်ရေးလေယာဥ်ကိုတရုပ်၊ဘရာဇီးလ်၊ပါကစ္စတန်နိုင်ငံတို့ကလည်းဝယ်ယူအသုံးပြုနေကြတယ်။ဒီရေဒါစနစ်ထောက်လှမ်းရေးလေယာဥ်ရရှိလိုက်တာဟာယူကရိန်းစစ်တပ်အတွက်စွမ်းဆောင်ရည်မြင့်တက်လာစေမှာပါ။ဝေဟင်၊မြေပြင်၊ရေကြောင်းပစ်မှတ်များတိုက်ခိုက်ရာမှာပစ်မှတ်ကိုပိုမိုတိကျစွာလမ်းညွှန်နိုင်ပြီးထိရောက်မှုများစွာတိုးတက်လာစေပါလိမ့်မယ်။အခုပေးပို့မယ့်စာရင်းထဲပါဝင်တဲ့လက်နက်နောက်တမျိုးကတော့ဝေဟင်ရော၊မြေပြင်ကပါပစ်ခတ်နိုင်တဲ့အဆင့်မြင့် RB 99-AMRAAM ဒုံးကျည်ပါ။အမေရိကန်ကွန်ဂရက်ကဒေါ်လာ ၆၁ ဘီလီယံယူကရိန်းစစ်ရေးအကူအညီခွင့်ပြုလိုက်တဲ့နောက်ပိုင်းအနောက်မဟာမိတ်နိုင်ငံတွေကလည်းဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်လာကြတာကိုသတိပြုမိကြပါလိမ့်မယ်။


2. "ဒိန်းမတ်ပေးပို့တဲ့လက်နက်တွေကိုနိုင်ငံတကာဥပဒေနဲ့အညီရုရှပိုင်နက်ထဲအထိတိုက်ခိုက်ခွင့်ပြုတယ်"လို့ဒိန်းမတ်ဝန်ကြီးချုပ် Mette Frederiksen ကပြောကြားလိုက်ပါတယ်။ပြင်သစ်သမတ Macron ကဒိန်းမတ်ဝန်ကြီးချုပ်ရဲ့ရပ်တည်ချက်ကိုထောက်ခံကြောင်းကျေညာချက်ထုတ်ပြန်တယ်။

3. ပြီးခဲ့တဲ့နှစ်ယူကရိန်းရဲ့တန်ပြန်ထိုးစစ်စတင်ချိန်ကစပြီးအမေရိကန်ထုတ် GPS ဂြိုဟ်တုလမ်းညွှန်အမြောက်ကျည်၊ဒုံးကျည်တွေရဲ့ပစ်မှတ်တိကျမှုဟာရုတ်တရက်ထိုးကျသွားခဲ့တယ်။အဲဒီအချိန်ကတည်းကအမေရိကန်နဲ့အနောက်မဟာမိတ်တွေကတရုပ်ကိုကြားနေဖို့၊ပူတင်ကိုအဆင့်မြင့်နည်းပညာ(advanced technologies)မပေးဖို့သတိပေးခဲ့ကြတယ်။အစောပိုင်းတုန်းကတရုပ်ဟာရုရှကိုကြားခံနိုင်ငံတွေကတဆင့်တိတ်တဆိတ်ကူညီခဲ့ပေမဲ့မကြာမီကသွားရောက်ခဲ့တဲ့ပူတင်ရဲ့ခရီးစဥ်နောက်ပိုင်းပိုမိုအတင့်ရဲလာဟန်တူပါတယ်။

ရုရှဟာတရုပ်ဆီကရရှိတဲ့အဆင့်မြင့်နည်းပညာအကူအညီနဲ့ဂြိုဟ်တုဆက်သွယ်ရေးလှိုင်းကိုအနှောက်အယှက်ဖြစ်စေမယ့်ဆူညံသံထုတ်လွှင့်ပြီး(noise jamming)အမေရိကန်နဲ့အနောက်နိုင်ငံထုတ်အမြောက်ကျည်၊ဒုံးကျည်တွေရဲ့ GPS လမ်းညွှန်စနစ်စွမ်းဆောင်ရည်ကျဆင်းအောင်လုပ်နိုင်ခဲ့တယ်။အဆိုပါတရုပ်နည်းပညာဆူညံသံထုတ်လွှင့်မှု(noise jamming)ကြောင့်အမေရိကန်ထုတ် Excalibur အမြောက်ကျည်တွေရဲ့ပစ်မှတ်တိကျမှုဟာ ၅၅% ကနေ ၆% အထိကျဆင်းသွားပါသတဲ့။အမေရိကန်လက်နက်တွေဖြစ်တဲ့ JDAMs နဲ့ HIMARS ဒုံးလက်စနစ်တွေကိုလည်းအနှောက်အယှက်ပေးနိုင်ကြောင်းအစီရင်ခံစာတွေကဖော်ပြကြတယ်။
တရုပ်ဆီကအဆင့်မြင့်နည်းပညာအကူအညီလိုသလောက်ရရှိခဲ့တဲ့အတွက်ရုရှရဲ့လက်နက်ထုတ်လုပ်ရေးဟာလည်းအရှိန်အဟုန်ပိုကောင်းလာခဲ့တယ်။ဒီအကြောင်းတရားတွေဟာပူတင်ကိုထိုးစစ်သစ်တရပ်ထပ်မံဆင်နွှဲဖို့တွန်းအားဖြစ်စေခဲ့ပါလိမ့်မယ်။ယူကရိန်းရဲ့ဒုတိယအကြီးဆုံးမြို့ Kharkiv ကိုဦးတည်တဲ့ထိုးစစ်စတင်လိုက်ချိန်မှာတော့အမေရိကန်နဲ့တကွအနောက်မဟာမိတ်အများစုရဲ့သည်းခံစိတ်ကုန်ဆုံးသွားပါတော့တယ်။ဗြိတိန်၊ပိုလန်၊ကနေဒါ၊ချက်၊ဒိန်းမတ်၊နော်ဝေး၊ဆွီဒင်၊ဖင်လန်၊နယ်သာလန်နဲ့ဘောလ်တစ်နိုင်ငံတွေကသူတို့ပေးပို့တဲ့လက်နက်များနဲ့ရုရှနယ်နမိတ်အတွင်းပစ်ခတ်ခွင့်ပြုကြောင်းကျေညာကြပါတော့တယ်။ဒိန်းမတ်ကဆိုရင်သူတို့ပေးအပ်မယ့် F-16 တိုက်လေယာဥ်တွေကိုရုရှပိုင်နက်ထဲအထိအသုံးပြုခွင့်ပေးမယ်ဆိုတဲ့အထိပြောနေပါပြီ။အမေရိကန်ကလည်းခွင့်ပြုဖို့သေချာသလောက်ရှိနေပါပြီ။
အမေရိကန်နဲ့အနောက်မဟာမိတ်တွေဘက်ကအခုလိုခွင့်ပြုရတာဟာ"တရုပ်ကြားဝင်လို့"ဆိုတဲ့အကြောင်းပြချက်ပေးကြလိမ့်မယ်။ပူတင်နဲ့ရှီကျင့်ဖျင်တို့ငြင်းမရမယ့်ထောက်လှမ်းရေးအချက်အလက်များစွာရှိပြီးသားဖြစ်မှာပါ။အခုနောက်ပိုင်းအမေရိကန်ကပေးပို့တဲ့အမြောက်ကျည်၊ဒုံးကျည်တွေမှာနည်းပညာအပြောင်းအလဲလုပ်ထားတယ်လို့တီဗွီတူးသတင်းထောက်တယောက်ရေးတင်တာဖတ်ရတယ်။ပြီးခဲ့တဲ့ရက်က Jason Jay Smart ရေးထားတဲ့ဆောင်းပါးထဲကလိုဘိုင်ဒင်မှာရွေးချယ်စရာ ၂ လမ်းပဲရှိပါတော့တယ်။ယူကရိန်းအနိုင်ရရှိဖို့အတွက်လိုအပ်သမျှခွင့်ပြု(ဖြည့်ဆီး)ပေးဖို့၊ဒါမှမဟုတ်ထရမ့်ပ်ရဲ့အိမ်ဖြူတော်အပြန်ခရီးလမ်းခင်းပေးခဲ့တဲ့မိမိကိုယ်မိမိအပြစ်တင်ဖို့ပဲ။ယူကရိန်းအနိုင်ရအောင်လုပ်မလား၊ဒါမှမဟုတ်ထရမ့်ကိုသမတရာထူးပြန်ပေးမလား။ဘိုင်ဒင်ဘက်ကဆုံးဖြတ်ချက်ခိုင်မာဖို့ပဲလိုတာပါ။မဟာမိတ်တွေကတော့ဝန်းရံဖို့အဆင်သင့်။






Building a trustful Social Media Platform

 အခုလို အခက်အခဲတွေ ကြုံလာတိုင်း ခေါင်းထဲပေါ်လာတဲ့ အတွေးကတော့ “ကိုယ့်ဘာသာ ဆိုရှယ်မီဒီယာ ပလက်ဖောင်း တစ်ခုလောက် ဖန်တီးလိုက်ဖို့” ပါပဲ။ တချို့တွေလည်း လုပ်ကြည့်ကြတာကို တွေ့ရပါတယ်။

ကိုယ်တိုင်ကတော့ လက်တွေ့အကောင်အထည်ဖော်ဖို့ စဉ်းစားကြည့်လိုက်တိုင်း... စဉ်းစားတဲ့အဆင့်မှာပဲ ရပ်ရပ်သွားပါတယ်။ နည်းပညာကရှိတယ်၊ တခြား Resource တွေ မရှိလို့ပါ။
အမှန်တကယ် Engaging ဖြစ်ပြီး လူတွေလာချင်ကြ၊ သုံးချင်ကြတဲ့ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတစ်ခု ဖြစ်ဖို့ဆိုတာ နည်းပညာရှိယုံနဲ့ မရပါဘူး။ နည်းပညာ စုတ်ပြတ်သတ်နေပေမယ့် အားကောင်းနေတဲ့ ပလက်ဖောင်းတွေလည်း ရှိခဲ့ကြဖူးပါတယ်။ ပိုအရေးကြီးတာက Community နဲ့ Incentive မို့လို့ပါ။
လာကြပါလို့ ခေါ်ယုံနဲ့ ဘယ်သူမှ လာမှာမဟုတ်ပါဘူး။ ရောက်လာလည်း ခဏပါပဲ။ ကိုယ့်အတွက် တစ်ခုခုရမှပဲ လာကြမှာပါ။ ဆက်နေကြမှာပါ။ Incentive လိုပါတယ်။ Community ကောင်းမှ လာဖို့ Incentive ရှိမှာဖြစ်ပြီး၊ Incentive ရှိမှ Community ကောင်းလာမှာ ဖြစ်ပါတယ်။ ဖြေရှင်းရခက်တဲ့ ကြက်ဥနဲ့ ကြက်မ ပြဿနာတစ်မျိုးပါပဲ။
နည်းပညာပိုင်း မြင်ရတဲ့ကိစ္စတွေက လုပ်ရမခက်ပါဘူး။ အကောင့်တွေဖွင့်၊ Follow တွေလုပ်၊ ပို့စ်တွေတင်၊ Like တွေ Share တွေ Comment တွေ… စတဲ့လုပ်ဆောင်ချက်တွေပါတဲ့ ပရောဂျက်တွေက ကိုယ့်သင်တန်းတွေမှာတောင် ခဏခဏလုပ်နေတဲ့ ပရောဂျက်မျိုးတွေပါ။ Scalability နဲ့ Infrastructure တောင် ပြဿနာမဟုတ်သေးပါဘူး။ နည်းပညာရော၊ Infra ပါ ရှိပြီးသားတစ်ခုခုပေါ်မှာ အခြေခံလိုက်ရင်တောင် ရနိုင်ပါတယ်။
တကယ်ခက်တာက မမြင်ရတဲ့ Privacy လိုကိစ္စတွေ၊ Bot, Abuse လို ကိစ္စတွေ၊ Backup, Emergency Response, Maintenence လို ကိစ္စတွေ၊ Recovery, Complain, Support လို ကိစ္စတွေ, Regulation, Compliant, Legal လိုကိစ္စတွေ.. စသည်ဖြင့်၊ Operation ပိုင်းက ခက်တာပါ။ ဒါတွေကို စီမံနိုင်တဲ့ Operation Tool တွေက ခက်တာပါ။ အချိန်ယူတည်ဆောက်ဖို့ လိုပါတယ်။
ဒါတောင် Revenue ကိစ္စမပြောရသေးပါဘူး။ Revenue မရှိဘဲ အိပ်စိုက်ပြီးတော့ ကာလရှည်ကြာတော့ ဘယ်သူမှ လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး။
အဆိုးဆုံးကတော့ အာမခံချက်မရှိတာပါပဲ။ မရှိတဲ့ Resource ကို ရှိအောင်ကြိုးစားပုံအောပြီး လုပ်လိုက်ရတာ၊ ပုံပေါ်လာရုံရှိသေးတယ် အမိန့်စာတစ်ရွက်နဲ့ အကုန်ပိတ်သွားတယ်ဆိုတာဟာ ဖြစ်နိုင်ခြေ အတော်များတဲ့ အလားအလာတစ်ခုပါပဲ။ ကျန်တာတွေအကုန် ရှင်းတတ်တယ်၊ ဒါတော့ မရှင်းတတ်ပါဘူး။ ဒီအလားအလာကိုသာ ပူစရာမလိုရင် လုပ်ဖြစ်မယ်လို့ ထင်မိတာပါပဲ။
ညည်းတွားပြတာ မဟုတ်ပါဘူး။ လေ့လာသူများအတွက် လိုက်စဉ်းစားကြည့်လို့ရအောင် ကိုယ့် Thought Process ကို ပြန်လည်မျှဝေပေးတဲ့ သဘောပါ။
Credit to:

Ei Maung



Wednesday, May 29, 2024

OTR Food & History

 ဒီတခေါက် ထိုင်းသွားတော့ ကိုယ်တွေ့ချင်တဲ့ လူတယောက်နဲ့ တွေ့ခဲ့တယ်။ သူကတော့ OTR က အာဒံ(Adam) ပါ။ သူ့အကြောင်း မိတ်ဆက်ပေးခဲ့ဖူးပါတယ်။ အာဒံ က နယူးယောက်ဖွား အမေရိကန် ဂျာနယ်လစ်တယောက်။ အစားအသောက် စိတ်ဝင်စားလို့ စားဖိုမှူး (Chef) ဖြစ်လာတယ်။ တရုတ်ပြည်မှာ စားသောက်ဆိုင်ဖွင့်ပြီး ၁၁နှစ် နေခဲ့တယ်။ ၁၁နှစ် အကြာ ကိုဗစ်ဖြစ်တော့ တရုတ်ပြည်မှာ ဆက်နေလို့ မရတော့ဘူး။

.
ဒီလိုနဲ့ သူနဲ့ သူ့အိမ်သူ ဒါရီယာ (Daria) တို့ဟာ ခွေးနှစ်ကောင်နဲ့ ထိုင်းမှာ ဘဝတခုကို ပြန်စရပြန်တယ်။ ယူကျူ့ချန်နယ် OTR food and history ဆိုတာကို ထောင်ပြီး ထိုင်းနိုင်ငံက အစားအသောက်တွေ၊ ဆက်စပ်နေတဲ့ သမိုင်းကြောင်းတွေ ရိုက်ပြတယ်။ အစားအသောက်နဲ့ ပတ်သက်တဲ့ ယူကျူ့ချန်နယ်တွေထဲမှာတော့ သူ့ချန်နယ် အကြိုက်ဆုံးပဲ။ သူပြောပြတဲ့ သမိုင်းတွေထဲမှာ ကိုယ်မသိတာတွေ အများကြီး။ အရှေ့တောင်အာရှ အစားအသောက် သမိုင်းကို အတော်စုံအောင် ရိုက်ပြနိုင်တယ်။
.
သူ့ မြန်မာအစားအစာတွေ နဲ့ ပြောင်းရွေ့လုပ်သားတွေ အကြောင်း ရိုက်ပြတာကို စာရေးရင်းနဲ့ သူနဲ့ ခင်သွားတယ်။ ထိုင်းကို လာရင် လာတွေ့ဖို့လည်း ဖိတ်ခေါ်တာနဲ့ ဒီတခေါက် ရောက်တော့ သွားတွေ့ဖြစ်တယ်။ အပြင်မှာတွေ့တဲ့ အာဒံ နဲ့ ယူကျူ့မှာ ကြည့်ရတဲ့ အာဒံ က အတူတူပဲ။ တချို့လူတွေက ဖန်သားပြင်နဲ့ အပြင်မှာ မတူတတ်ကြဘူး။
.
အာဒံက စကားပြောလို့ အတော်ကောင်းတယ်။ တရုတ်ပြည်အကြောင်းတွေ ပြောပြတယ်။ ၁၁နှစ်နေခဲ့၊ အောင်မြင်တဲ့ စားသောက်ဆိုင်တွေ ဖွင့်ခဲ့ပြီးမှ ထွက်လာခဲ့ရတာ။ ကိုဗစ်ဖြစ်တော့ နိုင်ငံခြားသားတွေကို ဗီဇာ ဆက်မတိုးပေးတော့ဘူး။ နှင်ထုတ်တဲ့ သဘောမျိုးပေါ့။ ဒီလိုနဲ့ ရှိသမျှ ထားခဲ့ရတယ်။ 'ဒီအကြောင်းတွေ ယူကျူ့မှာ တင်ပါလား' ဆိုတော့ သူ့ကို ကူညီခဲ့တဲ့ တရုတ်ပြည်က မိတ်ဆွေတွေ ဒုက္ခရောက်မှာ စိုးလို့ လောလောဆယ် အစီအစဥ် မရှိသေးဘူးတဲ့။
.
သူ့အိမ်သူ ဒါရီယာက ရုရှားသူ။ ရုရှားပြန်လို့ မရတဲ့ ရုရှားသူပေါ့။ သူတို့နှစ်ယောက်က တရုတ်ပြည်မှာ ဖူးစာဆုံကြတာ။ ဖူးစာဆိုတာကလည်း ဆန်းကြယ်သား။ အမေရိကန်နဲ့ ရုရှား တရုတ်ပြည်မှာ ညား ဆိုသလို ဖြစ်နေတယ်။ ဒါရီယာနဲ့ တော့ ခဏပဲ ဆုံလိုက်ပါတယ်။ သူတို့တရုတ်ပြည်က ခေါ်လာတဲ့ ခွေးလေးတကောင်က ကင်ဆာဖြစ်တော့ ခွဲစိပ်မှု လုပ်ရတယ်။ အဲဒါ သူတို့နှစ်ယောက် တယောက်တလှည့် နေ့နေ့ညည လူလဲစောင့်ရတယ်။
.
အာဒံက မြန်မာပြည်နဲ့ ပတ်သက်တဲ့ အစားအသောက်တွေ အကြောင်း ထပ်ရိုက်ချင်တယ် လို့ ပြောတယ်။ သူရိုက်ထားတာ သုံးခု လောက်ရှိပါတယ်။ ပြောင်းရွှေ့လုပ်သားတွေရဲ့ ကလေးတွေကို စာသင်ပေးနေတဲ့ "Children of the Forest" (သစ်တော၏ ကလေးငယ်များ) စာသင်ကျောင်း အကြောင်း က အတော်ပေါက်တယ်။ သူကလည်း အဲဒါလေးကို သူ့ရဲ့ အကောင်းဆုံးတင်ဆက်မှု တခုဆိုပြီး ဂုဏ်ယူတယ်။ အဲဒီအကြောင်း ပြန်ရေးပြရင်း သူနဲ့ ရင်းနှီးခဲ့တာပေါ့။ သူက မြန်မာပြည်ကိုတော့ မရောက်ဖူးဘူး။ ဒီကာလထဲမှာလည်း မသွားချင်ဘူးတဲ့။ ကိုယ်လည်း မဲဆောက်သွားဖို့ အကြံပေးခဲ့တယ်။
.
သူနဲ့ နှစ်နာရီလောက် သူ့အကြောင်း၊ ကိုယ့်အကြောင်း စကားထိုင်ပြောခဲ့တယ်။ကိုယ်ကလည်း မြန်မာပြည်အကြောင်းတွေ ရိုက်လို့ ကျေးဇူးတင်၊ သူကလည်း ကိုယ့်ကို သူချန်နယ်ကို လူသိအောင် လုပ်ပေးလို့ ကျေးဇူးတင်တယ်။ တွေ့ရတဲ့ အချိန်ခဏလေးပေမဲ့ မတွေ့တာကြာတဲ့ မိတ်ရင်းဆွေရင်း လိုပါပဲ။ နောက်တခါ ဆိုရင်တော့ သူတို့ခရီးတွေ လိုက်ခဲ့ဖို့လည်း ဖိတ်တယ်။ ကိုယ်လည်း အတွေ့အကြုံရအောင် လိုက်သွားချင်တယ်။ နောက်တခေါက်ပေါ့။
.
သူတို့စုံတွဲကို ကြည့်ပြီး ကြည်နူးမိတယ်။ တရုတ်ပြည်မှာ အလုပ်အတူတူလုပ်တယ်။ အခက်အခဲတွေ အတူတူဖြတ်ကျော်တယ်။ ထိုင်းမှာ ဘဝကို အသစ်က ပြန်စတယ်။ သူတို့ချန်နယ်လည်း တဖြည်းဖြည်း လူသိများပြီး အောင်မြင်လာပြီ။ သူတို့ခွေးတွေ အပေါ်မှာ ထားတဲ့ မေတ္တာကလည်း အတော်ကြီးမားတယ်။ သူတို့နဲ့ မိတ်ဆွေဖြစ်ခွင့်ရတာ ဝမ်းသာမဆုံးဘူး။ အခုလိုကာလမှာ ကီးကိုက်တဲ့သူတွေနဲ့ ဆုံချင်တော့တယ်။ OTR ဒီထက်မက အောင်မြင်ပါစေ။
__________________________
AKMoe 2024/05/29
(သူတို့ယူကျူ့မှာ တင်ထားတဲ့ ဘန်ကောက်မှာ ရနိုင်တဲ့ ရှားပါး ဗီယက်နမ်အစားအစာတွေ အကြောင်းထဲက ပုံ)
မြန်မာပြည်အကြောင်း ဗီဒီယိုလင့်တော့ ကော်မန့်မှာ
Credit to:

Aung Moe

Video link: YouTube video link






ငွေကြေးကျပ်တည်းချိန်မှာ အထိရောက်ဆုံး အသုံးစရိတ်လျှော့ချနည်း

ငွေကြေးကျပ်တည်းချိန်မှာ အသုံးစရိတ်လျှော့ချခြင်း (Costs Cutting) လုပ်ဖို့ တော်တော်များများ အကြံပေးကြတယ်။ စီးပွားရေးလုပ်ငန်းတွေမှာမှမဟုတ်ဘူး၊ တစ်ဦးချင်းဆိုင်ရာ Personal Finance အနေနဲ့လည်း အသုံးစရိတ်လျှော့ချရေးက အရေးပါတာပါပဲ။ အထူးသဖြင့် လက်ရှိကာလလို ကုန်စျေးနှုန်းအဆမတန်တက်၊ ငွေကြေးဖောင်းပွမှုအဆမတန်တက်ပြီး ဝင်ငွေရှာရခက်ခဲချိန်မှာ ငွေကြေးကျပ်တည်းမှု ပိုကြုံရပါတယ်။ ဆိုတော့ အသုံးစရိတ်တွေ ဘယ်လိုလျှော့ချသင့်လဲ၊ ဘယ်အသုံးစရိတ်တွေကို အဓိကလျှော့ချသင့်လဲဆိုတာက အရေးကြီးလာတယ်။
တိုတိုနဲ့လိုရင်းပြောရရင်တော့ ကိုယ့်အတွက် အရေးမပါတာတွေလျှော့ချပြီး အရေးပါတာတွေကို ထိန်းထိန်းသိမ်းသိမ်း စိစစ်ဖို့ပါပဲ။
ပထမဆုံးအနေနဲ့ ကိုယ့်အတွက် အရေးမပါတဲ့၊ တကယ်အသုံးမလိုတဲ့အရာတွေမှာ အသုံးစရိတ်လျှော့ချသင့်ပါတယ်။ ဘယ်လိုဟာမျိုးတွေလဲဆိုရင် မကြာခဏရှောပင်းထွက်တာ၊ အမြဲလိုလို အပြင်ထွက်စား (Dinging Out လုပ်) တတ်တာ ဒါမျိုးတွေကို သတိထားပြီး လျှော့ချသင့်ပါတယ်။ တချို့လူတွေအတွက်ဆိုရင်တော့ Entertainment အတွက် လိုင်းပေါင်းစုံ Subscription လုပ်ထားတာမျိုးတွေ ပြန်စိစစ်တာမျိုးတွေကလည်း ထိရောက်တဲ့အသုံးစရိတ်လျှော့ချနည်းဖြစ်ပါတယ်။ စသဖြင့် ဒါမျိုး‌တွေက ဦးစားပေးလျှော့သင့်တဲ့ အရေးမကြီးတဲ့ Cost တွေပေါ့။
ကိုယ့်ရဲ့နေ့စဉ်ဘ၀နဲ့ အနာဂတ်အတွက် အရေးပါတဲ့ Cost တွေကိုတော့ ကောက်ကာငင်ကာ လျှော့လိုက်တာမျိုးထက် ထိန်းထိန်းသိမ်းသိမ်း စိစစ်သင့်တယ်။ အထူးသဖြင့်တော့ ကျန်းမာရေးနဲ့ ပညာရေး(သင်ယူလေ့လာမှု)ပဲ။ ခင်ဗျား အစားအသောက်ကုန်ကျစရိတ်ကိုလျှော့မယ်ဆိုရင်တော့ ကျန်းမာရေးနဲ့လျော်ညီတဲ့စားသောက်မှုကိုတော့ လျှော့လို့မဖြစ်ဘူး။ ကျန်းမာရေးချို့ယွင်းလို့ထိခိုက်လို့ ကုသရရင် ခုနက စရိတ်ထက် ကုန်ကျစရိတ် ပိုကြီးပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်အောင် နေထိုင်ခြင်းက ရေတိုမှာ မသိသာပေမဲ့ ရေရှည်မှာတော့ အများကြီးသိသာပါတယ်။
နောက်တစ်ခုက သင်ယူလေ့လာမှုကုန်ကျစရိတ်ပါ။ ပညာရေးဟာလည်း ကျန်းမာရေးလိုပဲ Long-term အတွက် Investment ပဲဖြစ်တယ်။ လက်ရှိမှာ ဘယ်လိုအခြေအနေပဲကြုံကြုံ လေ့လာသင်ယူမှုဟာ အနာဂတ်အတွက် အကောင်းဆုံးပြင်ဆင်ခြင်းဖြစ်တဲ့အတွက် ဒါကိုအရေးမကြီးဘူးဆိုပြီး သွားလျှော့တာမျိုးကို သတိထားဖို့လိုတယ်။ ကလေးတွေရဲ့ အတန်းပညာရေးကနေ တစ်ဦးချင်းရဲ့ Life-long Learning အထိ အင်မတန်အရေးကြီးပါတယ်။
ဆိုတော့ ငွေကြေးကျပ်တည်းချိန် ကုန်ကျစရိတ်လျှော့ချတဲ့အခါ ကိုယ့် အရေးမပါတာတွေတွေကို လျှော့ချပြီး အရေးပါတာတွေကိုတော့ အတတ်နိုင်ဆုံးထိန်းထိန်းသိမ်းသိမ်းနဲ့ စိစစ်သင့်တယ်။ အထူးသဖြင့်တော့ ကျန်းမာရေးနဲ့ ပညာရေးဟာ အနာဂတ်အတွက် မဖြစ်နေ ရင်းနှီးမြှုပ်နှံသင့်တဲ့အရာတွေဖြစ်တယ်ဆိုတာကို သတိပြုဖို့လိုမယ်။
Credit to: