Saturday, April 18, 2026

စာပေအနုပညာအဆင့်အတန်း

 ဂျပန်၊ ကိုးရီးယားဘာသာစကားတွေကိုတော့ ငွေပုံပေးပြီး သင်၊ ကိုယ့်ဘာသာစကားကိုကျ လှောင်သလို ခနဲ့သလိုနဲ့ အင်မတန်စက်ဆုပ်ဖို့ကောင်းတယ်။ တိုင်းတစ်ပါးစကားကို ထုံးလိုချေ ရေလိုနှောက်ပြောတတ်တာ ဂုဏ်ယူစရာပါ။


ဒါပေမဲ့ ကိုယ့်မိခင်ဘာသာစကားနဲ့မှ ဘာတွေမှန်းမသိတာမျိုး၊ မသိတာကို အပြစ်မဆို၊ နို့ လေ့လာရကောင်းမှန်းမသိဘဲ လှောင်ပြောင်ကျီစယ်တာ ဂုဏ်ယူစရာ မဟုတ်နေဘူး။ စိတ်ပျက်စရာကြီး။

စာပေအနုပညာအဆင့်အတန်း ဘယ်လောက်တောင် နိမ့်ကျနေသလဲ ပြေးကြည့်ဖို့တောင်မလို။ အထင်းသားကြီး။

မြို့မငြိမ်းသည် အချဉ်မဟုတ်။ သူပေးခဲ့တဲ့ ဂီတ၊ ဖန်တီးခဲ့တဲ့ စာသားတစ်လုံးချင်း (မြန်မာဝေါဟာရတိုင်း) ဟာ မင်းတို့ ပြက်ရယ်ပြုစရာမဟုတ်။ မင်းတို့ပါ မင်းတို့ ကိုးရီးယားစာ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်ပါစေ။ တော်လို့သင်တန်းဖွင့်စားစား၊ ကိုယ့်ဘာသာစကား စာပေရဲ့အနှစ်သာရ မသိသေး မခံစားတတ်သရွေ့ စာတတ်တယ်မထင်နဲ့.. ငါတော့ လိုရင်းပြောရင် အထင်ကိုမကြီးဘူး။

ပို့စ်တင်ထားတာက အပျော်အပြက်ဆိုပေမဲ့ ဒါကို ဆင့်ပွားလေ့လာရမှန်းမသိတာ ဆိုးတယ်။ စာလဲ ဖတ်ကြမဲ့ကောင်တွေလဲ ဟုတ်ဟန်မရှိဘူး။ အဲလိုကြောင့် အခုလို ငကြောင်စကား ပြောထွက်တာ။

မြို့မငြိမ်းရဲ့ “ သုတ်ဖြူးဆော်သွေး အေးအေး ညင်းညင်း ” စာသားကို ကိုးရီးယားဘာသာပြန်တာ တစ်မျိုးဖြစ်လို့တဲ့။ သူ ပြောထားတဲ့ သီချင်းစာသား (Lyrics) တောင် မှားနေသေးတယ်။

“ သုတ်ဖြူးဆော်သွင်း ” မဟုတ်ဘူးဟ “ သုတ်ဖြူးဆော်သွေး ” ၊ “ အေးအေးညှင်းညှင်း ” မဟုတ်ဘူး “ အေးအေးညင်းညင်း ” ။ အရင်ခေတ် သီချင်းတွေမှာ သံစဉ်တစ်ခုထဲကို စာသားတွေ သီချင်းရပြီးရော စုံစီနဖာ လျှောက်မထည့်ဘူး။ အဓိပ္ပါယ်ရှိတယ်။

စိတ်တော့မဆိုးနဲ့ ဘာသာစကား သင်တန်းကျောင်းဖွင့်စားပြီး ဘာသာစကားတစ်ခုရဲ့အနှစ်သာရကို ပြက်ရယ်ပြုခြင်းဟာ ကိုယ့်ကိုယ်၌ ဦးနှောက်မမီ.. ဉာဏ်တိမ်နေတာမျိုးပဲ။ ပုခက်ပေါ်က ပြုတ်ကျထားတာလား မွေးတဲ့အမေကို ပြန် မေးကြည့်ကြည့်။

သုတ်ဆိုတာ မင်းတို့ ဦးနှောက်တစ်ခြမ်းပုပ်နေတဲ့ အတွေးနဲ့ တွေးသလို သုက်(Sperm)ကို ပြောချင်တာ မဟုတ်ဘူး။ သုက်(Sperm)က.. သုက္ကဆိုတဲ့ ပါဠိစကားကနေ လာတာ။တခြားစီပဲ။ အခု သုတ်(တသတ်)မှာ အဓိပ္ပါယ် လေးငါးမျိုးလောက်ကို ရှိတယ်။

သုတ် (ကြိယာ)
၁။ လိမ်းကျံသည်။
✅ မျက်နှာကို အိုးမည်းမသုတ်နဲ့။
၂။ အညစ်အကြေး စသည်ကင်းစင်ရန် အဝတ်စသည်ဖြင့် ပွတ်သည်။
✅ ခေါင်းရေစိုနေတယ်၊ ပဝါနဲ့သုတ်လိုက်အုံး။
၃။ အလျင်အမြန်ပြုသည်။
✅ ခပ်သုတ်သုတ်လုပ်၊ နောက်ကျနေပြီ။
၄။ အလျင်အမြန်ချီယူသည်။
✅ ဘီးလုံးငှက်ကို စွန်ရဲက သုတ်သွားတာ။

သုတ် (ပစ္စည်း)
၁။ တစ်စုပြီး တစ်စုဆက်တိုက်ပြုလုပ်သည့် အကြိမ်ကို ရေတွက်သည့်စကားလုံး။
✅ အဝေးသင် တတိယသုတ်က ဘာမေဂျာတွေလဲ။

သုတ် (နာမ်)
၁။ ဒေသနာတော် အစီအစဉ်။
၂။ တစ်စုံတစ်ခုသော ဒေသနာ။
✅ မင်္ဂလသုတ်၊ အင်္ဂုလိမာလသုတ် ပရိတ်ကြီး ၁၁ သုတ် စသဖြင့်၊ ဒီစကားလုံးက ပါဠိစကား သုတ္တကနေ လာတာ။

သုတ်ကို ပသတ် သုပ်လိုက်ရင်ကို အဓိပ္ပါယ်ပြောင်းကုန်ပြီ။ အစုံသုပ်၊ ရေခဲသုပ်၊ သင်္ဘောသီးသုပ်.. စသဖြင့်။ ကသတ်ဆိုရင်တော့ သန္ဓေပိုးပါတဲ့အရည်ဖြစ်သွားပြီ။ တခြားစီပဲ။

မြို့မငြိမ်းက.. “ အလျင်အမြန်ပြုသည် ” ဆိုတဲ့အနက်ကို ယူလိုက်တာ။ နောက်က ဖြူးဆော်သွေး တစ်လုံးချင်းစီကလဲ သူ့ဟာသူ အနက်ရှိတယ်။ သင်္ကြန်လေတိုက်ခတ်လာတာကို ပေါင်းစပ်ရေးလိုက်တဲ့သဘောပဲ။ တစ်လုံးချင်း ခွဲကြည့်။

ဖြူး (ကြိယာ)
၁။ ဆားစသည်ကို နေရာအနှံ့ဖြန့်သည်။
✅ အပေါ်မှာ နှမ်းနည်းနည်းဖြူးပေးနော်။
ဖြူး (နာဝိ)
၁။ ဖြောင့်စင်းသော၊ ချောပြေသော။
✅ လမ်းခရီး ဖြောင့်ဖြူးပါစေ။

ဆော် (ကြိယာ)
၁။ တီးခတ်သည်။ စည်ဆော်သည်။
၂။ ရိုက်ပုတ်သည်။
✅ ဆော်ထည့်လိုက်တာ ခေါင်းကွဲသွားတယ်။
၃။ ထိပါးပုတ်ခတ်သည်။
✅ သူဆော်လို့ ပြန်ဆော်တာ။
၄။ နှိုးဆော်သည်။
✅ တစ်ရွာလုံးကြားအောင် ဆော်လိုက်။

သွေး (နာမ်)
၁။ ကိုယ်ခန္ဓာတွင် နှလုံးမှ တစ်ကိုယ်လုံးသို့ သွေးကြောများဖြင့် အသွားအပြန်လှည့်ပတ်စီးဆင်းနေသည့် နီရဲသောအရည်။
၂။ ဆက်နွှယ်သော မျိုးရိုး။
✅ ဒီကလေးက သူ့ဖအေဘက် သွေးနှောပိုပါတယ်။

သွေး (ကြိယာ၊ ဥပစာ၊ ရှေး)
၁။ ကျောက်အပြင်၌ ပွတ်တိုက်သည်။
✅ ဓားသွေးနေတယ်၊ သနပ်ခါးသွေးနေတယ်။
၂။ (ဥပစာ) ထင်ပေါ်အောင် ပြုသည်။
✅ ကိုယ်ရည်သွေးနေတယ်ပေါ့။
၃။ (ရှေး) ဖြားယောင်းသည်။
✅ နင့်ကို သူ ဖြားယောင်း“သွေး”ဆောင်နေတာ။
၄။ ဖြည်းညင်းစွာ တိုက်ခတ်သည်။ လေပြည်သွေးသည်။

[ပေးထားတဲ့ ဥပမာတွေက နေ့စဉ်စကားပြောပုံစံမျိုးနဲ့ရေးပြထားတာ။ အရေးစကားပြေနဲ့ ပြန်ပြောင်းရေးချင်လဲပဲ ရတယ်]

ဆိုတော့ “သုတ်ဖြူးဆော်သွေး” စကားလုံးမှာ တစ်လုံးစီက သူ့အနက်နဲ့သူပါတယ်။ သင်္ကြန်လေက နွေလလယ်မှာ ခပ်ချောချော ခပ်သုတ်သုတ်နဲ့ တိုက်ပြီး လာရောက်တို့ထိနေတယ်လို့ ခံစားမိလိမ့်မယ်။ ဒါကို စာတတ်တယ်လို့ ခေါ်တယ်။

တည့်(ဒဲ့) ရေးဖို့ထက် သီချင်းတစ်ပုဒ် ရသဂုဏ်မြောက်ဖို့ စကားလုံးတစ်လုံးချင်းကို စုဖွဲ့ဖန်တီးထားတာ၊ အဲဒါ မြို့မငြိမ်းရဲ့ဝိညာဉ်ပဲ။

ဆရာမြသန်းတင့် ရေးဖူးတဲ့ ဝတ္ထုတစ်ပုဒ်တောင် ရှိတယ်။ “ တောင်သမန်ရွှေအင်းက လေညင်းဆော်တော့ ” တဲ့၊ ဒါ မြန်မာစာရဲ့အနှစ်သာရပဲ။

◾ပြီးရင် သူများစာကို အထင်ကြီးနေတဲ့ကောင်တွေက “ညင်း” နဲ့ “ညှင်း” ကို မကွဲဘူး။ တကယ့်ငစားက သူတို့။

ညင်း (နာဝိ)
၁။ သိမ်မွေ့ညင်သာသော။
✅ လေညင်းညင်း တိုက်သည်။

❗ဟထိုး (ှ) ပါလာတာနဲ့ အဓိပ္ပါယ်ပြောင်းသွားတယ်။
ညှင်း (နာမ်)
၁။ အဖြူအပြောက်ငယ်များပေါ်သော အရေပြားရောဂါတစ်မျိုး။
✅ သူ့လည်ပင်းမှာ ညှင်းကွက်တွေနဲ့။
၂။ စက္ကူဖဲ၌ အနက်ရောင်ဖဲပွင့်တစ်မျိုး။
✅ တစ် ညှင်းတက်တယ်၊ ကိုးပေါက် မဒိုရင် ဆထည့်။ (မြန်မာတွေကတော့ မဒိုရင် ဇထည့်လို့ပြောကြတာ၊ ရေးရင် ဆလိမ် (တစ်ဆ နှစ်ဆ) အဲလိုရေးရတယ်)

ညှင်း (ကြိယာ)
၁။ အမဲသား၊ ဆိတ်သား စသည်ကို အမြှောင်းငယ်များဖြစ်အောင် လှီးသည်။
✅ ဒီကြက်သားကို ဓားနဲ့ညှင်းပေးပါအုံး။

ဒီသီချင်းစာသားမှာက “ အေးအေး ညင်းညင်း ” ပါ။ လေပြည်တိုက်တာကို ဆိုလိုတာမို့ ညှင်းနဲ့ လားလားမှမဆိုင်ပါဘူး။

“ သင်္ကြန်လေ သုတ်ဖြူးဆော်သွေး အေးအေးညင်းညင်း ” ဆိုတာ ဧပြီ တန်ခူးလအခါသမယမှာ တစ်နှစ်မှတစ်ခါပဲ တိုက်ခတ်တဲ့ သင်္ကြန်လေကြောင့်.. ရင်ထဲ နှလုံးထဲ အေးစိမ့်သွားတယ်၊ လေသုတ်သုတ်တိုက်ပေမဲ့ သိမ်သိမ်မွေ့မွေ့ ခံစားရတယ်လို့ ဆိုချင်တာ။ ဒါအကြမ်းဖျင်းပြောပြတာ။ မင့်တို့တောင် သူများဘာသာစကားလေ့လာရင် တစ်သံမှား မှားတယ်လို့ ဆို။

ဒါဆို ရှင်းတယ်။ ကိုယ့်ဘာသာစကားအနက်ကို ဦးနှောက်တစ်ခြမ်းပုပ်နေတဲ့ခေါင်းနဲ့ တွေးနေတာ မရှက်ကြဘူးလား။

Citation to Win Aung

No comments:

Post a Comment