အိမ်ထောင်ကွဲတာတွေ တအားများလာတယ်နော်။
ဖောက်ပြန်လို့ကွဲတာမဟုတ်ပဲ အယူအဆမတူကြလို့၊ညှိမရလို့ ကွဲကြသူတွေကို ပြောတာပါ။
အဓိကက ခေတ်ကျပ်တာလည်း ပါတယ်။ စီးပွားရေးအဆင်မပြေတဲ့အခါ အရင်က ဦးဆောင်သူ၊နေရာရသူ၊အရေးပါသူတွေကလည်း မျက်နှာမရ။ တစ်ယောက်တည်းအားနဲ့လည်း ရုန်းမရတော့ နှစ်ယောက်အားနဲ့ ရုန်းကြရတော့ ပင်ပန်းကြရ။
ခုချိန်ကာလကို တူတူ ညီညီညွတ်ညွတ် ကျော်ဖြတ်နိုင်ကြဖို့လိုတယ်။ကျော်နိုင်ရင် ဆရာပဲ။ သူ့မှာရော၊ကိုယ့်မှာပါ တတိယလူပေါ်လာတာမဟုတ်ရင် ညှိလို့ရကြရင် သိပ်ကောင်းမယ်။
လုပ်တိုင်းဖြစ်တဲ့ ရွှေနေ့သစ်တွေကို အမြန်ရောက်ချင်လှပြီ။ ငတ်မွတ်ခြင်း၊ကျပ်တည်းခြင်းကြောင့် မေတ္တာတရားတွေ တိုက်စားခံရတာမျိုး ကိုယ်လည်းမဖြစ်ချင်ဘူး။တခြားသူတွေမှာလည်း မဖြစ်စေချင်ဘူး။
ဒါပေမယ့်လေ လောကမှာ ချစ်ရတာလွယ်သလောက် နားလည်ဖို့က အခက်ဆုံးပဲနော်။ ဒီအချိန်မှာ လိုတာလည်း တစ်ယောက်နဲ့တစ်ယောက် စကားများများ ပြောစရာမလိုပဲ နားလည်ခြင်း နဲ့ ဘက်ညီခြင်းပဲ။
ဘက်ညီအောင် ညှိနေကြရင်းကြားက နားလည်မှုလွဲသွားတဲ့ အတွဲတွေရော ဘယ်လောက်များနေပြီလဲ။
ဘက်ညီဖို့ကရော ဘာတွေလိုလဲ။
ဉာဏ်ရည်တူဖို့၊
ပန်းတိုင်တူဖို့၊
Pain Point တူဖို့၊
အာသီသတူဖို့၊
အားထုတ်မှုတူဖို့
အများကြီးလိုတယ်မလား။
ဒါတွေကို စိတ်ရှည်ရှည် မညှိနိုင်တဲ့အဆုံး လမ်းခွဲကြသလား။
အချစ်ဟာ ချစ်နေရုံနဲ့ မပြီးဘူး။
ဟိုမင်းသမီးက တစ်ယောက်တည်းကိုချစ်ပြီး ဒီတစ်ယောက်ကိုပဲ လက်ထပ်နိုင်လို့ ကျေနပ်တယ်၊ပျော်တယ် ဆိုပေမယ့် ကိုယ်ကတော့ ဘယ်နှယောက်နဲ့ချစ်ခဲချစ်ခဲ့ တစ်သက်တာအတွက် ကတိကဝက်ပြု လက်တွဲခဲ့သူနဲ့ သေတပန်၊သက်တဆုံး အတူနေနိုင်ဖို့က အခက်ဆုံးလို့ပဲ မြင်တယ်။
ခုတလော လာလာရင်ဖွင့်ကြလို့ပါ။
တသက်တာ မခွဲမခွာ နေနိုင်ကြပါစေ။
No comments:
Post a Comment