ငယ်ငယ်တုန်းက ''ကမ္ဘာ့စည်ကြီးတီးလိမ့်မည် မျက်နှာမဲကြီးငိုလိမ့်မည် ပုန်းသောသူများပေါ်လိမ့်မည် သေသောသူများရှင်လိမ့်မည်'' ဆိုပြီး မိုးဦးကျချိန်မှာ မိုးချိမ်းတာ မိုးရွာတာ ဖားတွေထွက်ကြအော်ကြတာ အပင်တွေရှင်လာတာကို စကားထာ ဖွက်ခဲ့ကြတယ်။
ကျောင်းက ဖားအကြောင်း သင်ခန်းစာမှာ ဖားဘိုက်ထဲမှာ fat bodies ဆိုတဲ့ စုဆောင်းထားတဲ့ အဆီတွေရှိလို့ နွေကာလမှာ ဖားတွေ အကြိုအကြားမှာ တွင်းထဲမှာ မစားမသောက် မလှုပ်မရှား အောင်းနေနိုင်တာ သင်ခဲ့ရတယ်။ မိုးရွာပြီး သူတိုရဲ့အစာဖြစ်တဲ့ ပိုးကောင်တွေ ပေါလာချိန်မှာ အပြင်ထွက်လာကြတာ။ တုံးအောက်ကဖား တွင်းထဲကဖားတွေ တွေ့ဖူးတော့ ဘယ်နားမှာ ပုန်းနေပြီး ပြန်ထွက်လာတာသိရတယ်။
မိုးဦကျချိန်မှာ နောက်ထပ်ပေါ်လာတဲ့ ပုန်းနေသူတွေက ပုစဥ်းရင်ကွဲပါ။ သစ်ပင်တောအုပ်နဲ့ နီးတဲ့နေရာမှာ နေထိုင်ကြသူတွေ မိုးစရွာပြီး သစ်ပင်တွေမှာ အရွက်သစ်တွေနဲ့ စိမ်းစိုလာချိန်မှာ ပုစဥ်းရင်ကွဲ တွေ ကောင်ရေ သိန်းသန်းချီပြီး အသားကုန်အော်တဲ့ အသံတွေ ကြားကြရတယ်။ ဘယ်နေရာမှာ ပုန်းနေခဲ့မှန်း မသိတဲ့ ဒီပိုးကောင်တွေ ရုတ်တရက် အမြောက်အများ ဘယ်ကနေထွက်လာကြသလဲ၊ ပြီးတော့ တစ်လလောက် အကြာမှာ ဘယ်တွေပျောက်သွားကြသလဲ စဥ်းစားမရခဲ့ဘူး။ The Nature Conservancy အဖွဲ့ကြီးရဲ့ Ecological Management Director ဖြစ်တဲ့ Deborah Landau ရေးသားတဲ့၂၀၂၄ မေလ ၁၂ ရက်က ''They are here! What you need to know about the double brood emergence of this noisy, natural wonder.'' ဆောင်းပါးကိုဖတ်ရမှ သဘောပေါက်သွားတယ်။
ပုစဥ်းရင်ကွဲ (cicada) ကို မြန်မာမှာသာမက အင်တာတိကာ ကလွဲလို့ ကမ္ဘာတိုက်ကြီးအားလုံး မှာ တွေ့ရပြီး မျိုးစိတ်ပေါင်း ၃၀၀၀ လောက်ရှိတယ်လို့ဆိုတယ်။ မြန်မာအပါအဝင် အရှေ့တောင်အာရှနဲ့ ပစ်ဖိတ်ကျွန်းတွေမှာ မျိုးစိတ် ၂၀၀ ကျော် ရှိနေပါတယ်။ ရင်ကွဲမတတ် အော်နေကြတယ် ထင်ရတဲ့ အသံကို စွဲပြီး ပုစဥ်းရင်ကွဲလို့ ခေါ်ပေမဲ့ အကောင်က တစ်မျိုးထဲ မဟုတ်ဘူး။ Cicada Mania website မှာ မြန်မာပြည်မှာတွေ့ရတဲ့ ပုစဥ်းရင်ကွဲ မျိုးစိတ် ၁၂ ခုကို ဓာတ်ပုံတွေနဲ့တကွ ဖော်ပြထားတာတွေ့ရတယ်။ မြန်ပြည်မှာ နှစ်စဥ် တွေ့ရတယ်လို့ဆိုပေမဲ့ တချို့က ၂ နှစ်၊ ၄ နှစ်၊ အမေရိကန်ပြည်ထောင်စုရဲ့ တချို့ပြည်နယ်တွေမှာ ၁၃ နှစ်မှ တစ်ကြိမ် ပြန်တွေ့ရတာ နဲ့ ၁၇ နှစ် ကြာမှပြန်ပေါ်လာတဲ့ ပုစဥ်းရင်ကွဲ မျိုးတွေလဲရှိတယ် လို့ဆိုတယ်။
အခြေအနေ ကောင်းတဲ့အချိန်မှာ ပုစဥ်းရင်ကွဲဖြစ်လာမဲ့ သားလောင်း ဒုတိယအဆင့် (nymph stage) တွေ မြေအောက် တစ်ပေ တစ်ပေခွဲလောက်အနက်က ထွက်လာကြပြီး နီးရာအပင် အရွက်တွေပေါ်တွယ်တက်ကြ အရေခွံဟောင်းကိုခွာချပြီး တတိယအဆင့် ပုစဥ်းရင်ကွဲတွေဖြစ်လာကြတယ်။ အထီးတွေအရင် ထွက်လာကြပြီး အမတွေသိအောင် ကျယ်လောင်တဲ့ သီချင်းသံ ပေးကြတာလို့ဆိုတယ်။ အမနဲ့တွေ့လို့ မိတ်လိုက်ပြီး မကြာခင်မှာ အမတွေက သစ်ပင် အကိုင်းအသစ်တွေမှာ ဥတွေ ဥချကြတယ်။ ဥ ၁၀ လုံး အလုံး ၂၀ လောက် ဥပြီးရင် နေရာ ရွှေ့ပြီး ထပ်ခါထပ်ခါ ဥချကြတာ၊ အမတစ်ကောင်က ဥ ၅၀၀ - ၆၀၀ လောက် ဥကြတယ်လို့ဆိုတယ်။ မြေကြီးထဲက ထွက်လာပြီး ၅ ရက်လောက်မှာ အသံပေးကြတာ၊ တစ်လလောက်မှာ အသံတိတ်သွားကြတယ်။ ပုစဥ်းရင်ကွဲရဲ့ သက်တမ်းကလဲ အဲဒီလောက်ပဲရှိတာ။
သစ်ကိုင်းတွေမှာ ကပ်နေတဲ့ ဥတွေက ရက်သတ္တ ၆ ပတ်က ၁၀ ပတ်အတွင်း အကောင်ပေါက်လာကြတယ်။ ပေါက်လာတဲ့ သားလောင်း (nymph) တွေက မြေကြီးပေါ်ပြုတ်ကျပြီး သူတို့ရဲ့ သန်မာတဲ့ ခြေထောက်တွေနဲ့ မြေကြီးကိုတူးပြီး မြေအောက် တစ်ပေ တစ်ပေခွဲ အနက်မှာရှိတဲ့ သစ်မြစ်တွေက အရည်တွေကို စုပ်စားပြီး အသက်ရှင်နေကြတယ်။ (တချို့မျိုးစိတ်တွေက ရှစ်ပေလောက်အနက်အထိ တူးပြီးနေကြတယ်။) မြေအောက်မှာ ရှစ်လကျော် အောင်းနေပြီးမှ မြေပေါ်ကိုတက်လာပြီး ပုစဥ်းရင်ကွဲ ဘဝ ပြန်ရောက်ကြရတာ။
ပုန်းတဲ့သူချင်းတူသလိုရှိပေမဲ့ ဖားက ဖားအဆင့် နဲ့ ပုန်းတာ။ ပုစဥ်းရင်ကွဲက nymph သားလောင်း အဆင့်နဲ့ အကြာကြီး ပုန်းနေတာပါ။
သက်ရှိတွေမှာ အဆင်မပြေတဲ့ကာလကို ကျော်ဖြတ်နိုင်ဖို့ ဒါမှမဟုတ် အချိန်မတန်သေးလို့ အသေလို ငြိမ်ပြီး စောင့်ပေးရတဲ့ ကာလတွေ အိပ်ပျော်နေသလို အခြေအနေမျိုးတွေ ရှိတတ်ကြတယ်။ The sleeping beauty in the woods ပုံပြင်ထဲက မင်းသမီးလေးကတော့ နှစ်တစ်ရာကြာအောင် အိပ်ပျော်နေခဲ့တာ။
Biosciences Institute at Newcastle University, UK ရဲ့ ဦးဆောင် သုတေသီ Dr. Sergey Melnikov က 'We live on a dormant planet. Live is mainly about sleep.' လို့ဆိုတယ်။ Melnikov lab ရဲ့ ၆၊ ၁၊ ၂၀၂၃ ရက် မှာဖော်ပြတဲ့ ''Power naps: when molecules in our bodies like to nap'' စာတမ်းမှာ သိပ္ပံပညာရှင်တွေက လူတွေ မစားမသောက်ပဲ ရှစ်ရက်ထက် ပိုပြီး အသက်မရှင်နိုင်ဘူး လို့ဆိုတယ်။ တချို့ ၂၁ ရက်အထိ တောင့်ခံနိုင်တယ် လို့ ယူဆသူတွေလဲ ရှိတယ်။ North American grizzly bear (ဝက်ဝံညို) တွေက လူတွေနဲ့မတူပဲ မနက်စာကို စက်တင်ဘာ လလည်လောက်မှာစားပြီး ညစာကို ဧပြီလ ကျမှစားပြီး နေနိုင်ကြတယ်လို့ဆိုတယ်။ မစားပဲနေတဲ့ ကြားထဲက အချိန်မှာ အိပ်နေကြတာ။
Melnikov ရဲ့ စာအရ ရိုးရိုးအိပ်တာထက် အကြာကြီးအိပ်တာ (dormancy/ hibernate) ရဲ့ ဖြစ်စဥ်က အများကြီး ရှုပ်ထွေး နက်ရှိုင်းပါတယ်။ ဝက်ဝံညိုတွေ အကြာအိပ်နေချိန်မှာ ကိုယ်အပူချိန် 38 က 31°C ထိကျသွားတယ်။ နှလုံးခုန်နှုန်း 40-50 က 8-19/ minute ဖြစ်လာတယ်။ အသက်ရှူနှုန်းက တစ်မိနစ်ကို ၆ ကြိမ် ၈ ကြိမ် ရှူ နေရာက က တစ်ကြိမ်ပဲ ရှူတော့တာ။ အစာမစားသလို အညစ်အကြေး မစွန့်ပဲ ရက်သတ္တများစွာ နေနေကြတယ်။ ဆီးမသွားပဲ ဆီးမှာပါတဲ့ urea ကို ပရိုတင်း ပြန်တည်ဆောက်ပြီး အသုံးပြုတယ်။ ဒီလိုနဲ့ အေးပြီး အစာရှားတဲ့ အချိန်ကို ရှင်သန် ကျော်ဖြတ်ကြတာပါ။
အာတိတ်ဒေသက ရှဥ့်လေးတွေက ပတ်ဝန်းကျင်က -26°C ရှိချိန်မှာ သူ့ကိုယ်အပူချိန်ကို -3°C လောက်နဲ့ ထိန်းထားနိုင်တယ်။ တခြားတိရစ္ဆာန်တွေနဲ့ မတူပဲ ကိုယ်ထဲမှာ ရေခဲ crystal မဖြစ်စေကြလို့ အသက်ရှင်နေနိုင်တာ လို့ဆိုတယ်။ အကောင်ကြီးတွေ လိုပဲ သေးငယ်တဲ့ အင်းဆက်ပိုးတွေလဲ အိပ်ပြီး အကြာကြီး နားနေနိုင်ကြပါတယ်။ ရေဝက်ဝံ (water bear) ရေညှိဝက်ပေါက် (moss piglet) လို့လဲ ခေါ်ကြတဲ့ Tardigrades ဆိုတဲ့ မျက်စေ့နဲ့ မြင်ရတယ် ဆိုရုံလောက်ပဲရှိတဲ့ 0.5 mm အရွယ် အကောင်လေးတွေက တခြားတိရစ္ဆာန်တွေ မရှင်သန်နိုင်အောင် ပြင်းထန်တဲ့ အခြေအနေတွေမှာ ရှင်နိုင်ကြတယ်။ သူ့မှာ ခိုင်ခန့်တဲ့ အကာ နဲ့ဖုံးအုပ်ထားပြီး ခေါင်းပိုင်း နဲ့ ကိုယ်ထည် လေးဆစ် ပါရှိတယ်။ ကိုယ်ထည်အဆစ်တွေမှာ ခြေသည်း ၄ ချောင်းက ၆ ချောင်းအထိပါတဲ့ တောင့်တင်းတဲ့ ခြေထောက် တစ်စုံစီရှိလို့ ခူကောင်နဲ့ ဆင်ဆင်တူတယ်။ ကိုယ်တွင်းမှာ ဦးဏှောက်ကစပြီး အစာအိမ် မျိုးဥအိမ် စတဲ့အင်္ဂါစုံ ရှိနေတယ်။ ပြင်းထန်တဲ့ ရာသီဥတု အခြေအနေ (-200°C လောက်အထိ အအေး၊ 150°C အထိ အပူ နဲ့ ဓာတ်ရောင်ခြည် အပြင်းစား) မျိုးမှာ သူတို့က ကိုယ်ထဲမှာရှိတဲ့ ရေဓာတ်ကို ကုန်သွားအောင် စွန့်ထုတ်ပြီး ခြောက်နေတဲ့ အဆင့် (dry-hibernation) နဲ့ မသေပဲ ရှိနေနိုင်ကြတာ။
ပိုပြီးသေးတဲ့ ဘက်တီးရီးယားတွေလဲ အစာပြတ်လာရင် သူတို့ကိုသေစေမဲ့ ဆေးဝါးတွေနဲ့ ကြုံတွေ့လာရင် အသက်ရှင်တဲ့အလုပ်တွေကို ရပ်ဆိုင်းပြီး ကြာရှည် အိပ်နေနိုင်ကြတယ်။ Greenland ရေခဲပြင်က ရပြီး အသက်ပြန်ရှင်လာတဲ့ Chryseobacterium greenlandensis ဆိုတဲ့ ဘက်တီးရီးယားဟာ နှစ်ပေါင်း ၁၂၀၀၀၀ ကြာအောင် မသေပဲ အိပ်ပျော်နေခဲ့တာ။ Sleeping beauty ထက် အဆအများကြီးပိုကြာတဲ့၊ သက်တမ်းအကြာဆုံး အိပ်ပျော်နေခဲ့တဲ့ သက်ရှိပါ။
၂၀၂၄ ခု ဇွန်လ ၅ ရက် Quanta Magazine မှာ Das Samorodnitsky က ''Most life on earth is dormant, after pulling an Emergency Brake'' လို့ ခေါင်းစဥ်တပ်ပြီး ဆဲလ်တွေ ပရိုတင်းအသစ် ထပ်မထုတ်ပဲ ရပ်သွားအောင် တားတဲ့အလုပ် လုပ်နိုင်တဲ့ Balon လို့အမည်မှည့်လိုက်တဲ့ သဘာဝပရိုတင်း အသစ်တစ်ခုကို သိပ္ပံပညာရှင်တွေ တွေ့လာကြောင်း ရေးတာကို ဖတ်လိုက်ရတယ်။ ၂၉၊ ၂၊ ၂၀၂၄ Nature ဂျာနယ်မှာ Sergey Melnikov တို့ သုတေသနအဖွဲ့ ဖော်ပြလိုက်တဲ့ ''A new family of bacterial ribosome hibernation factors'' စာတမ်းကို အခြေခံပြီး ရေးလိုက်တာပါ။
ပြီးခဲ့တဲ့ နှစ်တွေ အတွင်း သုတေသီတွေက အကောင်တွေ အပင်တွေရဲ့ hibernation factor အမျိုးမျိုးကို ရှာတွေ့ထားခဲ့ကြတဲ့အထဲမှာ တချို့က ဆဲလ်တွေ ရှင်သန်နေစေတဲ့ ယန္တရားကို ရပ်တန့် စေနိုင်ပြီး တစ်ချို့က genes တွေ အလုပ်မလုပ်အောင် တားပေးတဲ့ အစွမ်းရှိကြတယ်။ အခု Melnikov နဲ့ သူ့ကျောင်းသား Karla Helena-Bueno တို့ အာတိတ် ရေခဲလွှာပေါ်ကရတဲ့ Psychrobacter urativorans ဆိုတဲ့ အအေးကြိုက်တဲ့ ဘက်တီးရီးယား မှာ တွေ့ရတဲ့ hibernation factor က ribosome တွေ အလုပ်မလုပ်အောင် တားနိုင်တဲ့ ပရိုတင်းလို့ဆိုတယ်။ Melnikov တို့အဖွဲ့က Balon လို့ အမည်ပေးထားတဲ့ ဒီ ပရိုတင်းက ဆဲလ်မှာရှိတဲ့ ribosome အားလုံးကို အလုပ်မလုပ်စေပဲ ဆဲလ်တွေ အိပ်နေတဲ့ တစ်ချိန်လုံး ဒီ ribosomes တွေ ပျက်စီးမသွားအောင် အကာအကွယ် ပေးတယ်လို့ဆိုတယ်။
သက်ရှိတွေမှာ တစ်ကောင်လုံး အနားယူအိပ်စက် နေနိုင်တာ သာမက ကိုယ်တွင်းမှာရှိတဲ့ ဆဲလ်တွေထဲမှာ တချို့က နှစ်ရှည် အလုပ်မလုပ်ပဲ အိပ်နေနိုင်သေးတယ်လို့ဆိုတယ်။ ၂၀၂၄ မေ ၁၃ ရက်၊ Quanta Magazine မှာ Meghan Willcoxon က လူကိုယ်မှာရှိတဲ့ ဆဲလ်တွေ ထဲမှာ အမျိုးသမီးတွေရဲ့ မျိုးဥ ဆဲလ်တွေ အလွန်စိတ်ရှည်ကြတယ် ဆိုတာကို ''How 'idle' egg cell defend their DNA from damage'' ခေါင်းစဥ်နဲ့ ရေးပြထားတာ တွေ့ရတယ်။
အမေ့ဝမ်းထဲ ရှိနေချိန်မှာ မိန်းခလေး သန္ဓေသားရဲ့ ကိုယ်ထဲမှာ မျိုးဥ (ovum) ဖြစ်လာမဲ့ ဆဲလ် (oocytes) တွေ ရှိနေကြပြီ။ မွေးလာချိန်မှာ oocyte တစ်သန်းက နှစ်သန်း လောက်အထိ ပါလာကြတယ်။ Oocytes တွေက မွေးလာပြီး နှစ်တွေအကြာကြီး၊ တခြားဆဲလ်တွေလို ပွားတာမျိုးမဖြစ်ပဲ နောက်မျိုးဆက်ကို လက်ဆင့်ကမ်းရမဲ့ DNA လဲပျက်စီးမသွားအောင် ထိန်းသိမ်းထားပြီး အိပ်နေကြရတာ။ ဒါပေမဲ့ ပထမ ၁၀ နှစ်အတွင်း oocytes တွေ တဖြည်းဖြည်း ကြီးလာပြီး မူလအရွယ်အစားရဲ့ ၆၄ ဆလောက်ဖြစ်လာတယ်။ Oocytes တွေထဲကို အဓိက တိုးလာတာက ဆဲလ်တွေရဲ့ စွမ်းအင်ထုတ်လုပ်မှု စက်ရုံတွေလို့ ခေါ်တဲ့ mitichondria တွေပါ။ Oocytes တွေမှာ mitichondria အရေအတွက် တစ်သိန်းလောက်စီ ရှိကြတယ် (Sperm မှာ တစ်ထောင်လောက်ပဲပါတာ)။ ဒါပေမဲ့ သူတို့ကထူးတယ်။ တခြားဆဲလ်တွေမှာ mitochondria တွေ စွမ်းအင်ထုတ်လုပ်တဲ့အခါ free radicals ဆိုတဲ့ အဆိပ်အတောက် ဖြစ်စေတဲ့ ဘေးထွက်ပစ္စည်းတွေ ဖြစ်လာပေမဲ့ mitochondria အများကြီးရှိတဲ့ oocytes တွေထဲက mitochondria တွေက free radicals ထွက်တဲ့ စွမ်းအင်ထုတ်တဲ့အလုပ်ကို ရှောင်နေကြတယ် လို့ဆိုတယ်။ ကြီးထွားဖို့လိုသလောက်ပဲ စွမ်းအင်ထုတ်လုပ်ကြလို့ mitochondria ကြောင့် DNA ထိခိုက်မှု ဖြစ်မလာတာ။ အမျိုးသမီးတွေရဲ့ သားဥအိမ်ထဲမှာ မျိုးဥ တစ်သန်းလောက်စီ ရှိနေပေမဲ့ တစ်ကြိမ်မှာ တစ်ခုပဲ ထုတ်လွှတ်ပေးကြလို့ သက်တမ်းတလျှောက်လုံးမှာမှ မျိုးဥ ၄၀၀ - ၅၀၀ လောက်ပဲ သားဥအိမ်က ထွက်ခွာသွားနိုင်ကြတယ်။ သည်းခံ စောင့်ဆိုင်း နေခဲ့တဲ့ မျိုးဥတစ်သန်းနီးပါးက အိပ်နေတဲ့အဆင့်နဲ့ပဲ တာဝန် ပြီးဆုံး သွားကြတာပါ။
ပုန်းတဲ့သူတွေအကြောင်း နောက်စကားထာ တစ်ခုရှိပါတယ်။ ''တစ်နှစ် တစ်ခါ ပေါ်လို့လာ ငါသာမင်းလောင်း ထီးဖြူဆောင်း'' တဲ့။ မှိုတွေက မျက်စေ့နဲ့ မမြင်နိုင်တဲ့ spore ဆိုတဲ့ မျိုးစေ့ လေးက အညှောက်ထွက်ပြီး hyphae ဆိုတဲ့ ချည်မျှင်လို အဆင့် ဖြစ်လာတာ။ အမျှင်တွေ ရှည်ထွက်ကြပြီး mycelium ဆိုတဲ့ အမျှင်ကွန်ယက် ဖြစ်လာတယ်။ မြေကြီးထဲမှာ mycelium တွေအနေနဲ့ အကြာကြီး ရိက္ခာတွေ ခွန်အားတွေ စုဆောင်းပြီး ပုန်းနေကြတာ။ သင့်တော်တဲ့ အခြေအနေ ရှိလာတဲ့အခါမှ မှိုဆိုတဲ့ အသီးကို အချိန်တိုအတွင်းမှာ ထုတ်လုပ်လိုက်ကြတာပါ။ သဘာဝအလျှောက် ပေါက်တဲ့မှိုတွေက နှစ်စဥ် သူ့အချိန်ရောက်ရင် အချိန်မှန် ပေါ်ထွက်လာနိုင်အောင် တစ်နှစ်လုံး ပုန်းပြီးနေခဲ့ကြတာပါ။
သစ်ပင်တွေလဲ အေးလွန်းတဲ့ဒေသမှာ အအေးဒဏ်ကြောင့်သေမသွားရအောင် အရွက်တွေအားလုံး ချွေချပြီး အသေနီးပါး အခြေအနေနဲ့ အသက်ဆက်ရှင်ဖို့ တောင့်ခံ ကြရ
သလို၊ ပူတဲ့ဒေသတွေက အပင်တွေလဲ ခြောက်သွေ့တဲ့နွေရာသီမှာ အရွက်တွေကို ချွေချလိုက်ပြီး မိုးရွာပြီး အစိုဓာတ်ရလာမဲ့အချိန်အထိ တောင့်ခံကြရတယ်။ ဒါမျိုးတွေက အပင်တွေ လုပ်နေကျ ကြာရှည် အိပ်တဲ့ dormanycy အလေ့အထပါ။
ဘက်တီးရီယားကစပြီး အကောင်တွေ အပင်တွေ အဆင်မပြေမဲ့ကာလအတွက် ကြိုတင်ပြင်ဆင်ပြီး ပုန်းနေ အိပ်နေဖို့ လုပ်ကြသလို လူသားတွေလဲ ကြုံလာနိုင်တဲ့ ဘေးဒုက္ခတွေကို တောင့်ခံ ကျော်ဖြတ် အသက်ရှင်နိုင်ဖို့ ပြင်ဆင်တာတွေ လုပ်ခဲ့ကြတယ်။ Cold war ကာလမှာ အမေရိကန်က အဆောက်အဦးတွေရဲ့ မြေအောက်ခန်း တွေမှာ သောက်ရေနဲ့ အစာခြောက်တွေ (high energy biscuits) တွေ သိုလှောင်ထားကြတယ်။ အဏုမြူစစ် ဖြစ်လာရင် မြေအောက်ခန်းမှာ ကြာကြာပုန်းနေနိုင်ဖို့အတွက်ပါ။ Y2K ဆိုတဲ့ သက္ကရာဇ် ၂၀၀၀ ပြည့်ချိန်မှာ ကွန်ပြူတာစံနစ်တွေ ဖောက်ပြန်ပြီး ဘေးဒုက္ခတွေ ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုကြောင့် စားသောက်ဆိုင်တွေမှာ ပစ္စည်းပြတ်ကုန်တဲ့အထိ ရိက္ခာစုဆောင်းတာတွေ လုပ်ခဲ့ကြပါသေးတယ်။ ဆူနာမီလို ရုတ်တရက်ပေါ်လာတဲ့ ဘေးကိုတော့ ရှောင်လို့ မလွတ်ခဲ့ကြဘူး။
မြတ်ဗုဒ္ဓသော်မှ ပြည်သူတွေ အငတ်ဘေးဆိုက်တဲ့ကာလမှာ ကုန်သည်တွေ လှူသွားတဲ့ မြင်းစားဂျုံကြမ်းတွေ ဘုန်းပေးပြီး အသက်ရှင်ခဲ့ရတာမျိုး ကြုံခဲ့ပါသေးတယ်။
မျှော်လင့် မမျှော်လင့် ကြုံလာသမျှ အခက်အခဲ ဘေးဒုက္ခအပေါင်းကို ပုန်းနိုင် ဖြတ်ကျော်နိုင် တောင့်ခံနိုင်ဖို့ ကြိုးစားအားထုတ်ကြရမှာ မဟုတ်ပါလား။
Credit to:
No comments:
Post a Comment