Tuesday, August 19, 2025

Perfect pork ribs

အမဲအစိုကြော်လေးနဲ့

အမဲသား​ ဆိတ်သား ကြော်တာပဲ ဘာခက်တာမှတ်လို့ လူတိုင်းကြော်တတ်တာပဲလို့ပြောကြတယ်။ ဒါပေမဲ့ နည်းလေးတွေတော့ကွာတာပေါ့လေ။ ဒီလိုပြုတ်ကြော်ရင်းတောင် မီနူး ၁၀မျိုးလောက်ထပ်ထုတ်လို့ရပြန်တယ်။ တရုတ်လိုလေးသွားမလား ဗမာကြော်လိုသွားမလား မဆလာလေးနဲ့လုပ်ဦးမလား ရပြန်တာပါပဲ။
အမဲသားတွေကို အတုံးလိုက် အတစ်လိုက်ပြုတ်ပြီးမှလှီးတာကို ကျွန်တော်မကြိုက်လို့ တခါတည်းကြီးကြီးလှီးလိုက်တယ်။ ပြုတ်လိုက် ကြော်လိုက်ရင် ကျုံ့သွားမှာမို့ တွက်ရတာပေါ့လေ။ အသားတွေသေချာတုံး ရေဆေး ရေစစ် ဆား ဆနွင်း ကြက်သားမှုန့် အချိုမှုန့် ကြိုက်ရာသုံးပေါ့၊ ဆား နဲ့ နယ်နှပ်ထားလိုက်တယ်။ ပြီးရင် ရေနွေးဆူဆူထဲ ဂျင်း ပါးပါးလှီး ကြက်သွန်ဖြူဓါးပြားရိုက် ပြီးထည့်လိုက်တယ်။ ရေနွေးထဲကိုလည်း ဆား ကြက်သားမှုန့်လေးထည့်တယ်။ ပြီးတော့ နူးအောင်ပြုတ်လိုက်တယ်။
အိသွားပြီဆို ဆယ်ယူပြီး အအေးခံတယ်။ ပြီးတော့ အမဲသားတွေကို ထုတယ် ပြားသွားအောင်ပေါ့၊ အသားရိုက်တဲ့တူရှိတော့ ပိုလွယ်တာပေါ့လေ၊ သေးနေတာတွေ ပြားသွားတော့ ကြီးလာတယ်။ ထူတာတွေ ပါးသွားတယ်။ အမဲသားတွေကို ဆီပူပူမှာ ထည့်ကြော်လိုက်တော့ ရဲနေမှ ချလိုက်တယ်၊ ပြီးရင်တော့ ပြုတ်ထားတဲ့ ဂျင်းတွေကိုပဲ ဆယ်ထား ကြက်သွန်နီပါးပါးလှီးထား ကြက်သွန်ဖြူ ဓါးပြား ရိုက်ထပ်လှီးပြီး ဆီနဲနဲထည့်ဆီသတ်တယ်၊ ကြက်သွန်တွေ အိလာပြီဆို မီးလျှော့ပြီး ငရုတ်ခွဲကြမ်းရဲတာလေးဆီသတ်လိုက်တယ်ကြော်တယ်ပေါ့ မီးမျှင်းမှရမယ် တူးသွားတတ်လို့ပါ ဆီသတ်နေရင်း အနံ့ပျောက်ပြီဆို ရေနွေးထည့်တယ် ပါးပါးလေးပါ၊ ပြီးတော့ ကြက်သားမှုန့် ဆား မာလာအကင်မှုန့် ခရုဆီထည့်ပြီး အမဲသားတွေပါ ထည့်လုံးလိုက်တာ ဘာပြောကောင်းမလဲ တကယ်ကိုထူးကဲတဲ့အမဲ​ငရုတ်သီးအစိုကြော်လေးရသွားတယ်။ ထမင်းပူပူလေးနဲ့တွဲစားရင်ပြောမနေနဲ့တော့ လိုက်ပွဲထပ်ယူရလိမ့်မယ်။
ငရုတ်သီးခွဲ​ကြမ်းထည့်ပြီး ဆီသတ်နေတဲ့အချိန် မဆလာနဲ့ကြော်ချင်ရင် ဇီယာ မဆလာထည့်၊ ဗမာလိုကြော်ချင်ရင်ငံပြာရည်နဲ့ အချိုမှုန့်ပဲသုံး ပြုတ်ရင် စပါးလင်နဲ့ပြုတ်ပေါ့။
ထပ်ကွန့်ချင်ရင် ခရမ်းချဥ်သီးအတုံးလေးတွေထည့်ပြီး တရုတ်မဆလာလို့ခေါ်တဲ့ ရှောက်ကော ပါ​ကောမှုန့်ထည့်ပြီး ကြော်နှပ်လေးလုပ်လို့ရသေးတယ်။ မီနူးတွေက အများကြီးထုတ်လို့ရတယ် လုပ်တတ်ဖို့ပဲ လိုတာပေါ့လေ။

အမဲအစိုကြော်လေးနဲ့ ထမင်းပူပူနဲ့ တွဲစားကြည့်ပါ တကယ်ကိုကောင်းလွန်းတာသိပါလိမ့်မယ်