Friday, January 30, 2026

Logical Fallacies သို့မဟုတ် လွဲမှားနေသောယုတ္တိများ။


Logical Fallacies ဆိုတာကို အများစုက ယုတ္တိအလွဲများလို့ ပြောဆိုကြပါတယ်။ ကျွန်တော့အတွက် စာသံဆန်ပြီး နားလည်ရခက်စေတယ်လို့ ယူဆလို့ မြင်သာထင်သာ လွဲမှားနေသောယုတ္တိများလို့ သုံးစွဲရခြင်းဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ၂မျိုးလုံးကို အလျင်းသင့်သလို သုံးစွဲသွားပါ့မယ်။ ဒီအကြောင်းကို နားလည်ရလွယ်ကူဖို့ အဓိကထားပြောသွားမှာမို့ ပညာရပ်ဆိုင်ရာဆရာတွေရဲ့ ပြောကြားချက်တွေနဲ့ ပုံစံတူချင်မှ တူပါလိမ့်မယ်။ အနှစ်သာရပိုင်းကို အတတ်နိုင်ဆုံးထပ်တူကျတူညီအောင် ကြိုးစားရှင်းပြသွားပါ့မယ်ဗျ။

လွဲမှားနေသောယုတ္တိများ(Logical Fallacies) သို့မဟုတ် ယုတ္တိအမှားတွေရဲ့ အထင်ရှားဆုံး အင်္ဂါရပ်ကတော့ အမှန်တရားအတုယောင် ဖန်တီးထားခြင်း ဖြစ်ပါတယ်။ သူ့ရဲ့ ပုံပန်းသဏ္ဍာန်က ယုတ္တိရှိသလိုလို၊ အကြောင်းအကျိုး ညီညွတ်သလိုလို ထင်ရအောင် ပြုလုပ်ထားတဲ့အတွက် လူတွေက သေချာ ဝေဖန်ပိုင်းခြားခြင်း မပြုလုပ်မိဘဲ အလွယ်တကူ လက်ခံလိုက်မိတတ်ကြတယ်။ ဒါကို ပညာရပ်သဘောအရ ပြောရရင် Heuristics လို့ခေါ်တဲ့ ဦးနှောက်ရဲ့ ဖြတ်လမ်းနည်းနဲ့ တွေးခေါ်မှုကို အလွဲသုံးစား လုပ်ထားတာ ဖြစ်ပါတယ်။ လူ့ဦးနှောက်က ရှုပ်ထွေးတာကို မကြိုက်တဲ့အတွက် ရုတ်တရက် ကြားလိုက်ရတဲ့ စကားက ကိုယ်နားလည်ထားတဲ့ အရာတွေနဲ့ ကိုက်ညီနေရင်၊ ဒါမှမဟုတ် စကားလုံး အသွားအလာ ချောမွေ့နေရင် မှန်တယ်လို့ အလိုလို ကောက်ချက်ချလိုက်တတ်ပါတယ်။ ယုတ္တိအမှားတွေက အဲဒီ အလိုလို ထင်မြင်ယူဆချက်ကို ပစ်မှတ်ထားပြီး တည်ဆောက်ထားတာ ဖြစ်ပါတယ်။

နောက်ထပ် ထင်ရှားတဲ့ အင်္ဂါရပ်တစ်ခုကတော့ အမှန်တစ်ဝက် အမှားတစ်ဝက် ရောစပ်ထားခြင်း ဖြစ်ပါတယ်။ လိမ်ညာမှုသက်သက် ဆိုရင် လူတွေက အလွယ်တကူ ရိပ်မိနိုင်ပေမဲ့ အမှန်တရားတချို့ကို အခြေခံပြီးမှ လိုရာကို ဆွဲခေါ်သွားတဲ့အခါ ယုံကြည်လက်ခံမှု ပိုရရှိတတ်ပါတယ်။ ဥပမာအားဖြင့် ဖြစ်ရပ်မှန် အချက်အလက် (Fact) တစ်ခုကို ပြမယ်၊ ပြီးတော့မှ အဲဒီဖြစ်ရပ် ဖြစ်ပွားရတဲ့ အကြောင်းရင်း (Cause) ကိုတော့ ကိုယ်လိုချင်တဲ့ လိမ်ညာမှုနဲ့ အစားထိုးလိုက်မယ်။ စားဖတ်သူက အချက်အလက် မှန်ကန်နေတာကို မြင်တော့ နောက်ဆက်တွဲ ပါလာတဲ့ ကောက်ချက်အမှားကိုပါ အမှန်လို့ ရောထွေးပြီး လက်ခံလိုက်ကြတယ်။ ဒါဟာ အဆိပ်လူးထားတဲ့ ပန်းသီးနဲ့ တူပါတယ်။ ပန်းသီးက အစစ်ဖြစ်နေတဲ့အတွက် စားမိသူဟာ အဆိပ်ပါမှန်း မသိလိုက်ဘဲ အရသာရှိရှိ စားမိသွားသလိုမျိုး ဖြစ်ပါတယ်။

ရည်ရွယ်ချက်နဲ့ အချက်အလက် လွဲမှားနေခြင်းကလည်း အဓိက အင်္ဂါရပ်တစ်ခု ဖြစ်ပါတယ်။ ပုံမှန် ယုတ္တိဗေဒမှာ အချက်အလက် (Premise) ကနေမှ ကောက်ချက် (Conclusion) ကို ဆွဲထုတ်ရတာ ဖြစ်ပေမဲ့၊ ယုတ္တိအမှားတွေမှာတော့ ကောက်ချက်ကို ကြိုတင် သတ်မှတ်ထားပြီးမှ အဲဒီ ကောက်ချက်နဲ့ ကိုက်ညီမယ့် အချက်အလက်တွေကို လိုက်ရှာတာ၊ မရှိရင် ဖန်တီးတာ၊ ရှိပြီးသား အချက်အလက်တွေကို လိုသလို ပုံဖျက်တာတွေ လုပ်လေ့ရှိပါတယ်။ ပြောရရင်တော့ မြားကို အရင်ပစ်လိုက်ပြီးမှ မြားစိုက်သွားတဲ့ နေရာကို ပစ်မှတ်ကွင်း လိုက်ဆွဲသလိုပါပဲ။ ဒီနည်းလမ်းမှာ အမှန်တရားက အဓိက မဟုတ်တော့ဘဲ နိုင်ဖို့ ယုံကြည်စေဖို့ ဝါဒဖြန့်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်ကသာ အဓိက မောင်းနှင်အား ဖြစ်နေပါတယ်။

နောက်ဆုံး တစ်ချက်ကတော့ စိတ်ခံစားမှုကို ဦးစားပေးပြီး ဆင်ခြင်တုံတရားကို ဖုံးကွယ်ထားခြင်း ဖြစ်ပါတယ်။ ယုတ္တိအမှား အများစုဟာ လူတွေရဲ့ ဒေါသ၊ ကြောက်ရွံ့မှု၊ သနားမှု စတဲ့ စိတ်ခံစားချက်တွေကို လှုံ့ဆော်ပေးနိုင်တဲ့ စကားလုံးတွေ၊ ပုံရိပ်တွေကို အသုံးပြုလေ့ ရှိပါတယ်။ ဦးနှောက်ဟာ စိတ်လှုပ်ရှားမှု ဖြစ်ပေါ်လာတဲ့အခါ ဝေဖန်ပိုင်းခြားနိုင်စွမ်း အလိုလို ကျဆင်းသွားတတ်ပါတယ်။ ဒါကြောင့် ယုတ္တိအမှားတွေမှာ ဆွဲဆောင်မှု ရှိတဲ့ စကားလုံးလှလှတွေ၊ ကြောက်မက်ဖွယ်ရာ သတိပေးချက်တွေ၊ မျိုးချစ်စိတ် တက်ကြွဖွယ်ရာ ဆောင်ပုဒ်တွေ အမြဲ ပါဝင်နေတတ်တာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါတွေအားလုံးဟာ အမှားကို အမှန်ထင်အောင်၊ မဟုတ်တာကို ဟုတ်သယောင် ထင်အောင် ဖန်တီးထားတဲ့ မျက်လှည့်ပြကွက်တွေသာ ဖြစ်ပါတယ်။

Logical Fallacies ဆိုတာ စက်ပစ္စည်းတစ်ခုလို လူတစ်ယောက်ယောက်က ထထွင်လိုက်တဲ့အရာတော့ မဟုတ်ပါဘူး။ ဒါဟာ လူသားတွေရဲ့ စကားပြောဆိုမှုနဲ့ တွေးခေါ်မှုပုံစံထဲမှာ သဘာဝအလျောက် ရှိနေတဲ့ အမှားအယွင်း (Bug) တွေလို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ဒီအမှားတွေကို စနစ်တကျ လေ့လာပြီး နာမည်တပ်၊ ခွဲခြားစိတ်ဖြာခဲ့သူတွေတော့ ရှိပါတယ်။ သမိုင်းကြောင်းကို ပြန်လိုက်ကြည့်မယ်ဆိုရင် ရှေးခေတ်ဂရိနိုင်ငံအထိ ရောက်သွားပါလိမ့်မယ်။

ဒီအကြောင်းကို ပြောမယ်ဆိုရင် ဇာတ်လိုက်နဲ့ ဗီလိန် နှစ်ကိုယ့်ခွဲကြည့်လို့ရပါတယ်။ ပထမဆုံး ဗီလိန်နေရာမှာ ရှိနေတာကတော့ Sophists (ဆိုဖစ်) လို့ခေါ်တဲ့ ပုဂ္ဂိုလ်တွေပါပဲ။ ဘီစီ ၅ ရာစုလောက်က ဂရိနိုင်ငံမှာ ဒီမိုကရေစီ စည်ပင်စပြုလာတော့ လူတိုင်းက အများရှေ့ စကားပြောကောင်းဖို့၊ တရားရုံးမှာ အမှုနိုင်ဖို့ လိုအပ်လာကြတယ်။ ဒီတော့ Sophist တွေက ပိုက်ဆံယူပြီး စကားပြောနည်း သင်တန်းပေးကြတယ်။ သူတို့ရဲ့ ခံယူချက်က အမှန်တရားက အဓိက မဟုတ်ဘူး၊ နိုင်ဖို့က အဓိက ဆိုတာပါပဲ။ ဒီဘက်ခေတ် စီးပွားရေးသင်တန်းပုံစံတွေရဲ့ ရှေ့ပြေးလို့ဆိုနိုင်ပါသေးတယ်။ ဒါကြောင့် သူတို့ဟာ လူတွေကို လှည့်စားဖို့၊ စကားလုံးလှလှတွေသုံးပြီး ယုတ္တိမရှိတာကို ရှိသယောင်ပြောဖို့၊ တစ်ဖက်သားကို အကြပ်ရိုက်အောင်လုပ်ဖို့ နည်းလမ်းတွေကို တီထွင်သုံးစွဲခဲ့ကြတယ်။ ဒီနေ့ခေတ် Logical Fallacies လို့ ခေါ်တဲ့ နည်းလမ်းအများစုကို လက်တွေ့မှာ စတင်တွင်ကျယ်အောင် လုပ်ခဲ့တာ သူတို့ပါပဲ။ ဒါကြောင့် ဒီနေ့ထက်ထိ အင်္ဂလိပ်စာမှာ Sophistry ဆိုရင် လူလည်ကျပြီး ဆင်ခြေပေးခြင်း လို့ အဓိပ္ပာယ်ရနေတာ ဖြစ်ပါတယ်။

ဒုတိယ ဇာတ်လိုက် နေရာမှာ ရှိနေတာကတော့ ဖီလိုဆိုဖာကြီး Aristotle (အရစ္စတိုတယ်) ပါပဲ။ သူက Sophist တွေရဲ့ လုပ်ရပ်ကို ကြည့်ပြီး တော်တော်လေး စိတ်ပျက်ခဲ့တယ်။ ဒီကောင်တွေက ဉာဏ်ပညာကို ရှာဖွေတာ မဟုတ်ဘူး၊ ဉာဏ်ပညာရှိသယောင်ဆောင်ပြီး လူတွေကို လိမ်နေတာပဲ လို့ မြင်တယ်။ ဒါကြောင့် သူက အမှန်တရား (Truth) နဲ့ အမှားတရား (Fallacy) ကို ခွဲခြားဖို့ ကြိုးစားခဲ့တယ်။

အရစ္စတိုတယ်ဟာ On Sophistical Refutations ဆိုတဲ့ ကျမ်းကို ရေးသားခဲ့ပြီး ဒါဟာ ကမ္ဘာ့သမိုင်းမှာ Logical Fallacies အကြောင်း ပထမဆုံး စနစ်တကျ ရေးသားထားတဲ့ စာအုပ်လို့ ပြောနိုင်ပါတယ်။ အဲဒီစာအုပ်ထဲမှာ သူက Sophist တွေ သုံးလေ့ရှိတဲ့ လှည့်ကွက် ၁၃ မျိုးကို စာရင်းပြုစုပြီး ဒါတွေက ယုတ္တိဗေဒ အမှားတွေ ဖြစ်တယ် လို့ သတ်မှတ်ပေးခဲ့တယ်။ သူ့ရဲ့ ရည်ရွယ်ချက်က လူတွေကို အမှားအမှန် ခွဲခြားတတ်စေဖို့နဲ့ လိမ်ညာမခံရအောင် ကာကွယ်ပေးဖို့ ဖြစ်ပါတယ်။

Logical Fallacies တွေကို လက်နက်သဖွယ် စတင်အသုံးပြုခဲ့ကြသူတွေကတော့ Sophists တွေ ဖြစ်ပြီး ဒါကို ရောဂါတစ်ခုလို ရှာဖွေဖော်ထုတ်ပြီး ကုထုံးတွေ (Logic) နဲ့တကွ စနစ်တကျ မှတ်တမ်းတင်ခဲ့သူကတော့ Aristotle ဖြစ်ပါတယ်။

နောက်ပိုင်းခေတ်တွေမှာတော့ John Locke တို့၊ John Stuart Mill တို့လို ဒဿနပညာရှင်တွေက ခေတ်နဲ့အညီ ပေါ်ပေါက်လာတဲ့ တွေးခေါ်မှု အမှားတွေကို ထပ်ဖြည့်စွက်ခဲ့ကြပါတယ်။ အထူးသဖြင့် ၁၉ ရာစုမှာ Arthur Schopenhauer ရေးတဲ့ The Art of Being Being Right (အမြဲတမ်း အနိုင်ရနေမယ့် နည်းလမ်း) ဆိုတဲ့ စာအုပ်မှာဆိုရင် ငြင်းခုံတဲ့အခါ နိုင်ဖို့အတွက် သုံးနိုင်တဲ့ လှည့်ကွက် ၃၈ မျိုးအကြောင်း ရေးသားခဲ့ပြီး ဒါဟာ ဒီနေ့ခေတ် နိုင်ငံရေးသမားတွေနဲ့ ဝါဒဖြန့်သူတွေ သုံးနေတဲ့ လက်စွဲကျမ်းလို ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။ ဒီသမိုင်းကြောင်းကို ထည့်စဥ်းစားမယ်ဆိုရင် Sophist တွေလို ကိုယ်ကျိုးအတွက်နဲ့ တိုင်းပြည်ကို မှိုင်းတိုက်နေသူတွေ ရှိသလို၊ အရစ္စတိုတယ်လို အမှန်တရားကို ရှာဖွေမယ့် ပြည်သူတွေလည်း ရှိဖို့လိုတယ်ဆိုသေချာပါတယ်။

ကျွန်တော်က လူတွေကြားမှာ Logical Fallacies ဟာ ပုံစံ ၃မျိုးနဲ့ တည်ရှိနေတယ်လို့ ၃မျိုးခွဲထားပါတယ်။
၁။ ဦးနှောက်ထဲမှာ အချက်အလက်ခိုင်မာအောင် တည်ဆောက်မထားပဲ ယုံကြည်မိနေတဲ့အတွေးပုံစံရယ်
၂။ ပြင်ပမှာ ယုံကြည်မိထားတဲ့ အမှားတွေကို ဖော်ထုတ်ပြောဆိုမှုပုံစံရယ်
၃။ ပြင်ပမှာပဲ Sophists တွေလို ရည်ရွယ်ချက်ရှိရှိ မှိုင်းတိုက်နေတဲ့ ပုံစံရယ်ပါ။

၁။ ဦးနှောက်အတွင်း အခြေအမြစ်မရှိဘဲ စွဲမြဲနေသော ယုံကြည်မှု (Internalized Fallacy / Cognitive Bias)
ဒါဟာ Logical Fallacy ရဲ့ သန္ဓေသားအဆင့် သို့မဟုတ် မျိုးစေ့အဆင့်ဖြစ်ပါတယ်။ ဒီအဆင့်မှာ အမှားဟာ ပြင်ပစကားလုံးအဖြစ် မထွက်လာသေးဘဲ လူတစ်ဦးချင်းစီရဲ့ ဦးနှောက်ထဲမှာပဲ ကိန်းအောင်းနေတာ ဖြစ်ပါတယ်။ လူ့ဦးနှောက်ဟာ ရှုပ်ထွေးတဲ့ အချက်အလက်တွေကို အသေးစိတ် စိစစ်ရမှာ ပျင်းရိတတ်တဲ့ သဘောရှိပါတယ်။ ဒါကြောင့် Heuristics လို့ခေါ်တဲ့ ဖြတ်လမ်းနည်းတွေကို သုံးပြီး အဆုံးအဖြတ် ပေးလေ့ရှိပါတယ်။ ကိုယ်ချစ်တဲ့သူ ပြောရင် အမှန်ပဲလို့ ယူဆလိုက်တာ၊ အများမိုးခါးရေသောက်ရင် ကိုယ်လည်း လိုက်သောက်တာမျိုးတွေ ဖြစ်ပါတယ်။ ဒီအဆင့်မှာ ရှိနေသူဟာ အချက်အလက် (Data) ထက် ခံစားချက် (Emotion) နဲ့ ယုံကြည်မှု (Belief) ကို ပိုပြီး ဦးစားပေးပါတယ်။ သူတို့ရဲ့ ယုံကြည်မှုဟာ ခိုင်လုံတဲ့ သက်သေအထောက်အထား (Evidence) အပေါ်မှာ တည်ဆောက်ထားတာ မဟုတ်ဘဲ ငါ ထင်တယ် ငါ ခံစားရတယ်ဆိုတဲ့ အပေါ်ယံ အသိစိတ်အပေါ်မှာသာ အခြေခံပါတယ်။ ဒါကို ပညာရပ်စကားနဲ့ Confirmation Bias (မိမိအစွဲကို အတည်ပြုခြင်း) လို့လည်း ခေါ်နိုင်ပါတယ်။ ကိုယ်ယုံကြည်ထားတဲ့ အမှားနဲ့ ကိုက်ညီတဲ့ သတင်းကိုပဲ ရွေးနားထောင်ပြီး၊ ဆန့်ကျင်ဘက် အမှန်တရားကိုတော့ ခါးခါးသီးသီး ငြင်းပယ်တတ်တဲ့ စိတ်ဓာတ်ရေးရာ ပိတ်ဆို့မှုဖြစ်ပေါ်နေတဲ့ အဆင့် ဖြစ်ပါတယ်။

၂။ ယုံကြည်ထားသည့် အမှားများကို ပြင်ပသို့ ရိုးသားစွာ ဖော်ထုတ်ပြောဆိုခြင်း (Paralogism / Unintentional Misinformation)
ဒါဟာ ပထမအဆင့်ကနေ ကူးစက်လာတဲ့ ရောဂါလက္ခဏာပြ အဆင့် ဖြစ်ပါတယ်။ ဒီအဆင့်ရဲ့ အဓိက သော့ချက်ကတော့ ရည်ရွယ်ချက် မရှိခြင်း (Lack of Intent) ဖြစ်ပါတယ်။ ပြောသူဟာ လိမ်ညာလိုစိတ် လုံးဝမရှိဘဲ သူကိုယ်တိုင် အမှန်လို့ ထင်မှတ်ယုံကြည်နေတဲ့အတွက် စေတနာနဲ့ ပြန်လည်မျှဝေတာ၊ ပြောဆိုဆွေးနွေးတာမျိုး ဖြစ်ပါတယ်။ နံပါတ် (၁) အဆင့်မှာ ဦးနှောက်က အမှားကို လက်ခံပြီးပြီဆိုရင် လူသားသဘာဝအရ အဲဒီအသိကို ပတ်ဝန်းကျင်နဲ့ ပြန်လည်မျှဝေချင်စိတ် ဖြစ်လာပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့ ယုံကြည်မှု မှန်ကန်ကြောင်း သက်သေပြချင်တဲ့ မာန (Ego) ကြောင့်လည်း ငြင်းခုံပြောဆိုမှုတွေ ပြုလုပ်လာကြပါတယ်။ သူတို့ရဲ့ ပြောဆိုချက်တွေမှာ ယုတ္တိဗေဒဆိုင်ရာ အမှားတွေ ပါနေပေမဲ့ ပြောသူရဲ့ လေသံနဲ့ ဟန်ပန်ကတော့ အလွန် ရိုးသားပြီး ယုံကြည်ချက် ပြင်းထန်နေတာကို တွေ့ရပါမယ်။ သူတို့ဟာ အမှားကို ဖြန့်ဝေနေသူတွေ (Spreaders) ဖြစ်ပေမဲ့ တစ်ဖက်မှာလည်း သူတို့ကိုယ်တိုင်က သားကောင် (Victims) တွေ ဖြစ်နေပါတယ်။ ဒီပုံစံက လူ့အဖွဲ့အစည်းအတွက် အန္တရာယ်အများဆုံးလို့ ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ရိုးသားမှု ပါနေတဲ့အတွက် နားထောင်သူတွေက အလွယ်တကူ ယုံကြည်လက်ခံသွားနိုင်လို့ ဖြစ်ပါတယ်။ သူတို့ဟာ Misinformation (သတင်းမှား) တွေကို ကူးစက်မြန်အောင် လုပ်ဆောင်ပေးတဲ့ ကြားခံနယ်မြေတွေ ဖြစ်လာပါတယ်။

၃။ Sophists များကဲ့သို့ ရည်ရွယ်ချက်ရှိရှိ လှည့်စားမှိုင်းတိုက်ခြင်း (Sophism / Intentional Disinformation)
ဒါကတော့ Logical Fallacy ရဲ့ အဆိုးရွားဆုံးပုံစံဖြစ်တဲ့ လက်နက်သဖွယ် အသုံးပြုခြင်းဖြစ်ပါတယ်။ ရှေးခေတ်ဂရိက Sophists (ပညာရှိယောင်ဆောင်သူများ) လိုပဲ ဒီအုပ်စုဟာ အမှန်တရားကို စိတ်မဝင်စားပါဘူး။ သူတို့ရဲ့ ရည်ရွယ်ချက်က နိုင်ဖို့ ဝါဒဖြန့်ဖို့နဲ့ လူထုကို ထိန်းချုပ်ဖို့ သက်သက်သာ ဖြစ်ပါတယ်။ ဒီအဆင့်မှာ ရှိသူတွေဟာ အမှန်နဲ့ အမှားကို ကွဲကွဲပြားပြား သိပါတယ်။ သူပြောလိုက်တဲ့ စကားဟာ ယုတ္တိမရှိဘူးဆိုတာကိုလည်း သူတို့ ကိုယ်တိုင် သိပါတယ်။ ဒါပေမဲ့ နားထောင်သူ (အထူးသဖြင့် အဆင့် ၁ မှာ ရှိနေသူတွေ) ရဲ့ အားနည်းချက်၊ ကြောက်ရွံ့မှုနဲ့ ဒေါသတွေကို ဘယ်လို ဆွပေးရင် ပေါက်ကွဲမလဲဆိုတာကို တွက်ချက်ပြီးမှ ဗျူဟာကျကျ ပြောဆိုတာ ဖြစ်ပါတယ်။ သူတို့သုံးတဲ့ နည်းလမ်းတွေဟာ အလွန် ပါးနပ်ပါတယ်။ Straw Man (တစ်ဖက်သားကို ပုံဖျက်တိုက်ခိုက်ခြင်း)၊ Red Herring (လမ်းလွှဲခြင်း) နဲ့ Ad Hominem (လူကို တိုက်ခိုက်ခြင်း) စတဲ့ နည်းလမ်းတွေကို အခြေအနေအလိုက် ပြောင်းလဲအသုံးပြုတတ်ပါတယ်။ သူတို့ရဲ့ စကားလုံးတွေဟာ စိတ်လှုပ်ရှားဖွယ် ကောင်းပြီး လူအုပ်ကြီးကို ဆွဲဆောင်နိုင်စွမ်း ရှိပါတယ်။ ဒါဟာ Disinformation (သတင်းတု/ဝါဒဖြန့်ချိရေး) ရဲ့ မူလဇာစ်မြစ် ဖြစ်ပါတယ်။ သူတို့က အဆင့် (၁) သမားတွေကို မွေးထုတ်ပေးပြီး၊ အဆင့် (၂) သမားတွေကို အသုံးချကာ လူ့အဖွဲ့အစည်းတစ်ခုလုံးကို အမှောင်ချထားဖို့ ကြိုးစားကြတာ ဖြစ်ပါတယ်။
ဒီ ၃ ချက်ကို ခြုံငုံသုံးသပ်ကြည့်ရင် - နံပါတ် (၁) က သားကောင် နံပါတ် (၂) က ကူးစက်သူ နံပါတ် (၃) က ဖန်တီးသူဆိုပြီး အဆင့်ဆင့် ကွဲပြားတည်ရှိနေတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ဒီသုံးဆင့်ကို ကျွန်တော်က ယုတ္တိအလွဲသံသရာလည်ပုံလို့ ချိတ်ဆက်နာမည်ပေးထားပါတယ်။ ဒါဟာ သီးခြားစီမဟုတ်ဘဲ သံသရာလည် (Cycle) နေတယ်လို့ ယူဆပါတယ်။
အပြန်အလှန် သက်ရောက်မှု (The Feedback Loop)
နံပါတ် (၃) သမားက ဝါဒဖြန့်သူလိမ်ညာသူတွေက
နံပါတ် (၁) လူထုရဲ့ဦးနှောက် ထဲကို အဆိပ်ခတ်တယ်
နံပါတ် (၂) အဲ့ဒီအခါ လူတွေကအမှားကို ပြန်ပြောသူတွေ ဖြစ်လာတယ်။
နံပါတ် (၂) တွေ များလာတဲ့အခါ အမှားကို အများက ပြောပါများရင် အမှန်ဆိုတဲ့ ပတ်ဝန်းကျင် ဖြစ်လာပြီး
နံပါတ် (၁) အခြေအနေက ပိုခိုင်မာသွားတယ်
နံပါတ် (၂) ဖြစ်တဲ့ ပြည်သူအချင်းချင်း အမှားတွေပဲ ပြန်ပြောနေကြတဲ့အခါ အမှန်တရား ဝင်လာဖို့ လမ်းမရှိတော့တဲ့ အခြေအနေ (Echo Chamber) ကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။ ဒါက Logical Fallacy တွေ ဘာကြောင့် ဒီလောက် အသက်ရှည်နေသလဲဆိုတဲ့ အဖြေပါပဲ။
နံပါတ် (၁) ကနေ (၂) ကို ကူးပြောင်းတဲ့နေရာမှာ မသိလို့ ပြောတာတင် မကဘဲ ကြောက်လို့ လိုက်ပြောရတာ (Conformity) ဆိုတာလည်း ရှိနေနိုင်ပါတယ်။ စိတ်ထဲက လက်မခံပေမဲ့ အန္တရာယ်ကင်းအောင် လိုက်ပြောရင်းနဲ့ ကြာတော့ ကိုယ်တိုင်လည်း အမှန်လို့ ထင်သွားတတ်တဲ့ စိတ်ပညာသဘောတရားကိုလဲ ထည့်စဉ်းစားဖို့လိုပါတယ်။

ဒီလောက်ဆိုရင် Logical Fallacies ရဲ့ အနှစ်သာရ သမိုင်း တည်ဆောက်ပုံ နဲ့ လည်ပတ်ပုံ တွေကို ခြုံငုံမိပြီလို့ထင်ပါတယ်။ အခုပြောမှာက ကျွန်တော်တို့ဆီမှာနဲ့ ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိနေတဲ့ အပြောအဆို အတွေးအခေါ်တွေထဲမှာ ဘယ်ဟာက Logical Fallacies တွေလဲ Logical Fallacies တွေ ဘယ်လိုပုံစံနဲ့တည်ရှိနေသလဲဆိုတဲ့အပိုင်းကို သွားချင်ပါတယ်။ သဘောတရားပိုင်း ခိုင်မာသွားပြီဆိုတော့ လက်တွေ့ကွင်းဆင်းကြည့်ကြတာပေါ့။ ကျွန်တော်တို့ နိုင်ငံရေး၊ လူမှုရေးနဲ့ နေ့စဉ်စကားဝိုင်းတွေမှာ အသုံးအများဆုံး လူကြိုက်အများဆုံးနဲ့ သတိမထားမိဘဲ ကျူးလွန်နေကြတဲ့ Logical Fallacies တွေကို ခွဲခြမ်းစိတ်ဖြာပြပါမယ်။ ဒါတွေကို မြင်အောင်ကြည့်တတ်သွားရင် ခင်ဗျားပတ်ဝန်းကျင်က စကားသံတွေဟာ အရင်လို ဖြစ်နေတော့မှာ မဟုတ်ပါဘူး။

၁။ လူပုဂ္ဂိုလ်ကို တိုက်ခိုက်ခြင်း (Ad Hominem)
ဒါက မြန်မာ့လူဘောင်မှာ အတွေ့ရဆုံး နံပါတ်တစ် အမှားပါပဲ။ လူတစ်ယောက် ပြောတဲ့ အကြောင်းအရာ မှန်မမှန်ကို မစဉ်းစားဘဲ ပြောတဲ့ လူကို ကြည့်ပြီး ဆုံးဖြတ်တာပါ။ နိုင်ငံရေးသမားတစ်ယောက်က မူဝါဒတစ်ခု အဆိုပြုတယ်။ ပြိုင်ဘက်တွေက အဲဒီမူဝါဒရဲ့ အားနည်းချက်ကို မထောက်ပြဘဲ ဒီကောင်က မိန်းမ/ယောက်ျား ရှုပ်တဲ့ကောင် အရက်သမား မိန်းကလေးတန်မဲ့ တက်တူးထိုးတဲ့ကောင်မ ဆိုပြီး ပုဂ္ဂိုလ်ရေး ထိုးနှက်ချက်တွေနဲ့ တုံ့ပြန်တယ်။ ဒီလူက ဆိုးနေလို့ သူပြောတဲ့စကား မှားကိုမှားရမယ်ဆိုတဲ့ ယုတ္တိမရှိပါဘူး။ ဟစ်တလာ ပြောလည်း ၂ ထပ် ၂ ပေါင်းရင် ၄ ရမှာပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ဆီမှာက လူကိုမုန်းရင် သူပြောတာ အကုန်အမှားလို့ ပုံချတတ်တဲ့ အလေ့အထ စွဲကပ်နေပါတယ်။

၂။ အဖြူအမည်း ခွဲခြားခြင်း (False Dilemma)
လက်ရှိ ပဋိပက္ခကာလမှာ လူထုကို အဆိုးရွားဆုံး အဆိပ်ခတ်ထားတဲ့ အမှားက ဒါပါပဲ။ ရွေးချယ်စရာ လမ်းကြောင်းပေါင်းစုံ ရှိနိုင်လျက်နဲ့ ဒါ မဟုတ်ရင် ဟိုဟာပဲ ဖြစ်ရမယ်ဆိုပြီး လမ်းနှစ်ခွပဲ ပေးတာပါ။ ငါတို့ဘက်က မပါရင် မင်းက ရန်သူပဲ ဘုန်းကြီးတွေကိုဝေဖန်ရင် မင်းကကုလားပဲ စသဖြင့်ပေါ့။ ကြားနေခွင့် တတိယလမ်းစဉ် တွေးခေါ်ခွင့် ငြိမ်းချမ်းစွာ ကွဲလွဲခွင့်တွေကို ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။ ဒီအတွေးအခေါ်က လူတွေကို အစွန်းရောက်စေတယ်။ ငါနဲ့မတူ ငါ့ရန်သူ စိတ်ဓာတ်ကို မွေးထုတ်ပေးပြီး လူ့အဖွဲ့အစည်းကို ကွဲပြားစေပါတယ်။

၃။ ကောက်ရိုးရုပ် ဖန်တီးတိုက်ခိုက်ခြင်း (Straw Man)
ဒါက ကိုယ်မကြိုက်တဲ့ အယူအဆတစ်ခုကို လူတွေမုန်းအောင် တမင်ပုံဖျက်ပြီးမှ တိုက်ခိုက်တာပါ။ တစ်ဖက်ပြောတာကို လွဲအောင်ဖန်တီးပြီး လွယ်လွယ်နဲ့ ချတာ။ သူက လုပ်ငန်းစရိတ်လျှော့မယ် ဆိုတာနဲ့ လုပ်ငန်းတစ်ခုလုံး ဖျက်လိုက်ပြီလို့ ဆိုလိုရာရောက်ရောက်အောင် ပြောတာမျိုး။ မူရင်းဆိုလိုရင်းကို ဖျောက်ဖျက်ပြီး လူထုကြောက်မယ့် ပုံရိပ်တစ်ခု ဖန်တီးလိုက်ခြင်းအားဖြင့် အဲဒီအယူအဆကို အလွယ်တကူ ပစ်ပယ်အောင် လုပ်ဆောင်တာ ဖြစ်ပါတယ်။

၄။ အာဏာပိုင်/လူကြီးသူမကို ကိုးကားခြင်း (Appeal to Authority)
ဆရာမွေးတပည့်‌မွေး အထက်ဖားအောက်ဖိတဲ့ ကျွန်တော်တို့ ယဉ်ကျေးမှုမှာ ဒီအမှားက အတော်လေး နက်ရှိုင်းပါတယ်။ ဆရာတော်ကြီး ဟောထားတာပဲကွာ မန်နေဂျာကိုယ်တိုင်ပြောထားတာလေ မှားစရာမရှိဘူး ခေါင်းဆောင်ကြီးကိုယ်တိုင်ပြောတာပဲ ဌာနမှုးကိုယ်တိုင်ပြောတာလေ ဟုတ်မှာပေါ့ ဘုရားဟောကို ရှေးလူကြီးတွေစကားကို ပယ်လို့မရဘူး ရှေးထုံးမပယ်နဲ့ ဈေးသုံးမကြွယ်နဲ့ ဆိုတာမျိုးတွေပါ။ ပြောတဲ့သူက ဘယ်လောက်ကြီးမြတ်ပါစေ သူပြောတဲ့စကားမှာ အထောက်အထား (Evidence) မပါရင် အမှန်လို့ ယူဆလို့မရပါဘူး။ ဒါပေမဲ့ ဒီ Fallacy က လူတွေကို စဉ်းစားစရာမလိုဘူး နာခံလိုက်ရင် ပြီးပြီဆိုတဲ့ ကျွန်စိတ်ကို သွတ်သွင်းပေးပါတယ်။

၅။ စိတ်ခံစားချက်ကို လှုံ့ဆော်ခြင်း (Appeal to Emotion)
ဒါကတော့ ဘာသာရေးနဲ့ အမျိုးသားရေးကို ခုတုံးလုပ်တဲ့နေရာမှာ အထိရောက်ဆုံး လက်နက်ပါ။ ပြဿနာတစ်ခုကို ဖြေရှင်းတဲ့အခါ ဥပဒေကြောင်းအရ၊ လူ့အခွင့်အရေးအရ မစဉ်းစားဘဲ ‌ဗုဒ္ဓဘာညာမဟုတ်ဘူးလား မျိုးချစ်စိတ်မရှိဘူးလား လူမျိုးပျောက်တော့မယ် သာသနာကွယ်တော့မယ် ဆိုပြီး မျက်ရည်ချူ သွေးဆွတာမျိုးပါ။ ဦးနှောက် (Logic) ကို ပိတ်ပြီး နှလုံးသား (Emotion) ကို ခလုတ်နှိပ်လိုက်တာပါ။ ကြောက်စိတ်နဲ့ ဒေါသ ဖြစ်လာတဲ့ လူအုပ်ကြီးဟာ အမှန်အမှားကို မမြင်တော့ဘဲ ခိုင်းတာလုပ်မယ့် စက်ရုပ်တွေ ဖြစ်သွားတတ်ပါတယ်။

၆။ သူခိုးသေဖော်ညှိခြင်း သို့မဟုတ် မင်းလဲပါတယ် (Whataboutism / Tu Quoque)
ကိုယ့်အပြစ်ကို ဝန်မခံချင်တဲ့အခါ သူများအပြစ်ကို လက်ညှိုးထိုးပြီး ခုခံတဲ့နည်းပါ။ ခင်ဗျားတို့ အစိုးရလက်ထက်တုန်းကရော ဘာထူးလို့လဲ ဟိုဘက်နိုင်ငံမှာကျတော့ လူ့အခွင့်အရေး ချိုးဖောက်နေတာကျ ဘာလို့ မပြောလဲ ဆိုတာမျိုးပါ။ သူများတွေ ဒါလုပ်လုပ်တာဘာမပြော ကျုပ်ဒါလေးလုပ်မှပြောရသလားဆိုတာမျိုးတွေပါ။ သူများမှားတာက ကိုယ်မှားတာကို မှန်သွားစေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီနည်းလမ်းက အပြစ်ရှိတယ်ဆိုတဲ့ အာရုံကို လွှဲပစ်ဖို့ (Diversion) အတွက် အလွန်ထိရောက်တဲ့အတွက် နိုင်ငံရေးသမားတွေ မကြာခဏ သုံးလေ့ရှိပါတယ်။

၇။ အကြောင်းအကျိုး ဆက်စပ်မှု မှားယွင်းခြင်း (False Cause)
တိုက်ဆိုင်မှုကို အကြောင်းရင်းလို့ ထင်မှတ်မှားတာပါ။ အယူသည်းမှုတွေနဲ့ ပတ်သက်နေပါတယ်။ ဒီကောင် တက်လာမှပဲ တိုင်းပြည် ပျက်တော့တာပဲ တကယ်တမ်းက တိုင်းပြည်ပျက်မယ့် အကြောင်းရင်းတွေက အရင်ကတည်းက ရှိနေပြီးသား ဖြစ်ချင်ဖြစ်မယ် ခွေးအူလို့ နိမိတ်မကောင်းဘူး စတာမျိုးတွေပေါ့။ ကောသလအိပ်မက် ၁၆ ချက်က တကယ်ဖြစ်လာပြီ ဆိုတာမျိုး။ တကယ်တမ်း ကောသလအိမ်မက် ၁၆ ချက်ပုံစံက ခေတ်တိုင်းမှာဖြစ်နေတာပါပဲ။ ဒါကို အခုမှ ဖြစ်လာတာလိုလို။ ရှုပ်ထွေးတဲ့ ပြဿနာကြီးတွေကို ရိုးရှင်းတဲ့ အကြောင်းပြချက် တစ်ခုတည်းနဲ့ ပုံချချင်တဲ့ စိတ်ဆန္ဒကနေ ဖြစ်ပေါ်လာတာပါ။

ဒါက မြင်သာအောင် ပြောတဲ့အချက်တွေပါ။ တကယ်တမ်းပြောမယ်ဆိုရင်
False Dilemma
ရွေးစရာများတာကို ၂ ခုပဲရှိသလို တင်ပြတာ။ ဒါကိုလက်ခံမလား မလက်မခံဘူးလားပဲ‌ တခြား နံပါတ်၃ ရွေးချယ်ခွင့်မရှိဘူး
Hasty Generalization
နမူနာမလုံလောက်ပဲ စုစုပေါင်းအဖြစ် ဆုံးဖြတ်တာ။ ဒီနှစ်ယောက်‌တောင် မကောင်းတာ ကျန်တဲ့သုံးယောက်လဲ ဘယ်ကောင်းမှာလဲ ဒီပုတ်ထဲကပဲဒီပဲ
Cherry Picking
ကိုယ့်အထောက်အထားကိုသာရွေးပြပြီး ဆန့်ကျင်တဲ့ဒေတာကို မထည့်တာ။
Appeal to Pity
မင်းအတွက် ငါသနားလို့ ကောင်းစေချင်လို့နတ်‌ပြည်တင်တာ ဆိုပြီး ဖိအားပေးတာ
Anecdotal Evidence
ဟဲ့ အဲ့အိမ်က သရဲခြောက်တာ ငါကိုယ်တွေ့ စာအုတောင် အခြောက်ခံရသေး စသဖြင့် ဇာတ်လမ်းလုပ်တာ
Equivocation
‌မေးခွန်းကိုမဖြေပဲ မေးခွန်းမှာသုံးတဲ့ စကားလုံးက ဘာကိုဆိုလိုနေပါတယ်ဆိုပြီး ပြန်ရစ်တာ
No True Scotsman
မန်ယူဖန်ဆို ဒီလိုမလုပ်ဘူး ဒိုလေးဖန်ဆို ဒီလိုမရှုပ်ဘူး
စသဖြင့် အမျိုးအစား အများကြီးတွေ့ရလေ့ရှိပါတယ်။
ဒီအချက်တွေကို ကြည့်လိုက်ရင် ကျွန်တော်တို့ လူ့အဖွဲ့အစည်းဟာ အမှန်တရား (Truth) ထက် နိုင်လိုစိတ် (Win) ကြောက်ရွံ့မှု (Fear) နဲ့ ကိုးကွယ်မှု (Worship) တွေအပေါ်မှာ အခြေခံပြီး တွေးခေါ်ပြောဆိုနေကြတယ်ဆိုတာ ထင်ရှားနေပါတယ်။

ဒိထက်မြင်သာအောင်ပြောရရင် ဘောလုံးပွဲမှာ ဘောလုံးကို မကြည့်ဘဲ လူကို ဖျက်ထုတ်သလိုပါပဲ။ ကိုယ်က အကြောင်းအရာ (Ball) ကို ဆွဲသွားနေချိန်မှာ သူတို့က အကြောင်းအရာကို မယှဉ်နိုင်တော့ လူ (Player) ကို ခြေဝင်ထိုးပြီး လဲကျအောင် လုပ်တာမျိုးပါ။ ဒါကို စိတ်ပညာရှုထောင့်နဲ့ Logical Fallacy သဘောတရား ပေါင်းပြီး သုံးသပ်ကြည့်ရင် သူတို့ ဘာကြောင့် ဒီလိုလုပ်လဲဆိုတာ ပိုပြီး နားလည်လာပါလိမ့်မယ်။ ဒါက စိတ်ဝင်စားစရာလဲကောင်းသလို ကိုယ့်စိတ်ကို သက်သာရာရစေမယ့် အဖြေတွေ ဖြစ်နိုင်ပါတယ်။

အကြောင်းအရာကို မနိုင်လို့ လူကို တိုက်ခိုက်ခြင်း (Ad Hominem as a Defense Mechanism)
ခင်ဗျားရေးတာက အချက်အလက် ခိုင်လုံနေတဲ့အခါ ယုတ္တိတန်နေတဲ့အခါ သူတို့ဘက်က ပြန်ချေပဖို့ ဉာဏ်ပညာ မရှိတော့ပါဘူး။ အဲဒီအခါ သူတို့မှာ ကျန်တဲ့ တစ်ခုတည်းသော လက်နက်က ရိုင်းစိုင်းမှုနဲ့ တံဆိပ်ကပ်မှုပါပဲ။ ခင်ဗျားကို စိတ်တိုအောင် စိတ်ညစ်အောင် လုပ်ပြီး ကွင်းထဲက ထွက်သွားအောင် စာဆက်မရေးနိုင်အောင် လုပ်တာပါ။ သူတို့ ခြေဝင်ထိုးတာ ခံလိုက်ရလို့ ခင်ဗျား လဲကျသွားရင် ဒေါသထွက်ပြီး ပြန်ဆဲမိရင်သူတို့ နိုင်သွားပါပြီ။ ဘာလို့လဲဆိုတော့ ပွဲက စကားနိုင်လုပွဲ (Debate) မဟုတ်တော့ဘဲ ရန်ပွဲ (Fight) ဖြစ်သွားလို့ပါ။

ပရိသတ်အာရုံလွှဲခြင်း (Red Herring via Drama)
ခင်ဗျားရေးတဲ့ အမှန်တရားကို လူတွေ သတိမထားမိစေချင်တဲ့အခါ အကောင်းဆုံးနည်းလမ်းက ပြဿနာရှာခြင်းပါပဲ။ ကွန်မန့်တွေမှာ လာရစ်မယ် ဂျာနယ်လစ်တွေ ခေါ်တဲ့ Trolling လုပ်မယ်။ အဲဒီအခါ ဖတ်တဲ့သူတွေက ခင်ဗျားရေးတဲ့ အနှစ်သာရကို မရောက်တော့ဘဲ အောက်က ရန်ပွဲကိုပဲ အာရုံရောက်သွားကြတယ်။ ဒါက Sophist (ဝါဒဖြန့်သူ) တွေ သုံးနေကျ ရေကင်းသတ် နည်းဗျူဟာပါပဲ။

လက်မခံနိုင်သော အမှန်တရား (Cognitive Dissonance)
တစ်ချို့ကျတော့ တမင်သက်သက် ယုတ်မာတာ မဟုတ်ဘဲ ခင်ဗျားရေးတာက သူတို့ နှစ်ပေါင်းများစွာ ကိုးကွယ်ယုံကြည်ထားတဲ့ အရာတွေနဲ့ ဆန့်ကျင်နေလို့ပါ။ သူတို့ဦးနှောက်က အမှန်တရားကို လက်ခံလိုက်ရင် သူတို့အရင်က လုပ်ခဲ့တာတွေ အကုန်မှားကုန်တော့မယ်။ အဲဒီ ရှက်စိတ်နဲ့ နောင်တကို ကာကွယ်ဖို့အတွက် ခင်ဗျားကို အလိုလို ရန်သူလို မြင်ပြီး တိုက်ခိုက်တော့တာပါ။ ဒါက စောစောက ပြောခဲ့တဲ့ နံပါတ် (၁) နဲ့ (၂) အဆင့်က လူတွေရဲ့ တုံ့ပြန်ပုံပါ။

Logical Fallacies (လွဲမှားနေသော ယုတ္တိများ) ဆိုတာ စာရွက်ပေါ်က သီအိုရီသက်သက် မဟုတ်ပါဘူး။ ဒါဟာ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ နေ့စဉ် ကြုံတွေ့နေရတဲ့ ရှူရှိုက်နေရတဲ့ လေထုလို ဖြစ်နေပါပြီ။ ကျွန်တော်တို့ တင်ပြခဲ့တဲ့ ပုံစံ ၃ မျိုးစလုံးဟာ ကျွန်တော်တို့ နေ့စဉ်ဘဝရဲ့ အစိတ်အပိုင်းတွေ ဖြစ်နေတတ်ပါတယ်။ တစ်ခါတလေမှာ ကျွန်တော်တို့ကိုယ်တိုင်က သားကောင် ဖြစ်နေနိုင်သလို၊ တစ်ခါတလေမှာလည်း မသိနားမလည်မှုကြောင့် ရောဂါဖြန့်သူတွေ ဖြစ်သွားတတ်ကြပါတယ်။
ဒီအကြောင်းအရာတွေကို အခုလို အသေးစိတ် ခွဲခြမ်းစိတ်ဖြာပြီး ရေးသားရခြင်းရဲ့ အဓိက ရည်ရွယ်ချက်က သူများပြောစကားကို လိုက်ဖမ်းပြီး အပြစ်ရှာဖို့ မဟုတ်ပါဘူး။ ဒီလိုလုပ်နေရင်လည်း ကျွန်တော်တို့ဟာ အထက်မှာ ပြောခဲ့တဲ့ အငြင်းပွားမှု သံသရာထဲက လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး။ အဓိက ရည်ရွယ်ချက်ကတော့ ကိုယ့်ရဲ့ ဦးနှောက်နဲ့ စိတ်နှလုံးကို အဆိပ်မသင့်အောင် ကာကွယ်ဖို့အတွက်သာ ဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ နိုင်လိုစိတ်တွေ ကြောက်ရွံ့မှုတွေ ကိုးကွယ်မှုတွေ လွှမ်းမိုးနေတဲ့ ခေတ်ကာလတစ်ခုကို ဖြတ်သန်းနေရတာ ဖြစ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ ကိုယ်ကြားလိုက်ရတဲ့ စကားတစ်ခွန်း ကိုယ်ဖတ်လိုက်ရတဲ့ စာတစ်ပုဒ်ဟာ ယုတ္တိရှိရဲ့လား ဒါမှမဟုတ် ငါ့ရဲ့ ခံစားချက်ကို လှုံ့ဆော်ပြီး ဂျင်းထည့်နေတာလားဆိုတာကို ခွဲခြားသိမြင်နိုင်ဖို့က အလွန်အရေးကြီးပါတယ်။
မျက်လှည့်ပြကွက်တစ်ခုကို ဘယ်လိုလုပ်သွားမှန်း သိလိုက်ရတဲ့အချိန်မှာ အဲဒီမျက်လှည့်ဟာ အံ့သြစရာ မကောင်းတော့သလိုပါပဲ။ Logical Fallacies တွေရဲ့ သဘောသဘာဝနဲ့ လုပ်ကွက်တွေကို ကောင်းကောင်း နားလည်သွားပြီဆိုရင်တော့ ကျွန်တော်တို့ပတ်ဝန်းကျင်က ဆူညံသံတွေ တိုက်ခိုက်မှုတွေနဲ့ ဝါဒဖြန့်မှုတွေကို မြင်တဲ့အခါ ဒေါသထွက်စရာ စိတ်ညစ်စရာလို့ မမြင်တော့ဘဲ သဘောတရားတစ်ခု အနေနဲ့သာ အေးအေးဆေးဆေး ကြည့်မြင်လာနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီစာကို ဖတ်ပြီးတဲ့နောက်မှာ အမှန်တရားကို ရှာဖွေရာမှာပဲဖြစ်ဖြစ် လောကဓံကို ရင်ဆိုင်ရာမှာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ တွေးခေါ်မှုကို အကာအကွယ်ပေးနိုင်မယ့် အသိဉာဏ် ဒိုင်းလွှားတစ်ခု ရရှိသွားလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

No comments:

Post a Comment