အပ်ပေးတဲ့ အလောင်းတွေကို DNA စစ်ကြည့်တဲ့အခါ ကြုံရာအလောင်းတွေကောက်ပေးတယ်လို့ ပေါ်တဲ့အတွက် အစ္စရေးက ဒေါသတကြီးနဲ့ ဂါဇာကို ဗုံးထပ်ကြဲတယ်။
အပျက်အစီးပုံတွေအောက်ရောက်နေပြီ ရှာလို့မရလို့ပါ ဟားမတ်စ်ကဆိုလည်း မလိုချင်ဘူးဟေ့ကောင်တွေ ရအောင်ပြန်ရှာပေး ဒါပဲ။
အခု ဟားမတ်စ်တွေကြောက်လန့်တကြားနဲ့ မြေအောက်ရောက်နေတဲ့ ဓားစာခံအလောင်းတွေကို ပြန်ဖော်နေရတယ်။
အသက်ရှင်လျက် ဓားစာခံတွေလွတ်မြောက်ရင်တော်ပြီမဟုတ်လား။ ဘာလို့အလောင်းတွေပြန်လိုချင်ရတာလဲ။
မြန်မာနိုင်ငံမြောက်ပိုင်းမှာ ပျက်ကျခဲ့တဲ့ ဒုတိယကမ္ဘာစစ်က အမေရိကန် လေသူရဲအလောင်းကို ယနေ့ထက်တိ အမေရိကန်က လိုက်ရှာနေတုန်း၊ ခုလောက်ဆိုအရိုးဆွေးနေလောက်ပါပြီ။ သို့သော်လည်းလက်မလျော့ဘူး။ GPS တွေပေါ်စက တခါပြန်လာရှာသေးတာ။ တွေ့တဲ့သူသတင်းပေးရင် ဆုငွေချီးမြှင့်ဦးမှာ။
အဲ့တာကဘာဖြစ်တာလဲ။ ဘာဖြစ်လို့ အလောင်းတွေ ပြန်လိုချင်နေရတာလဲ။ ဘာအသုံးတည့်မှာမို့လဲ။
ကျနော် တို့နိုင်ငံမှာ အသုဘဆိုတာ တရက်တောင်အိမ်မှာမထားချင်ကြဘူး။ အင်မတန်စက်ဆုပ်ရွံရှာဖွယ်ရာ အပုတ်ကောင်ကြီး စသဖြင့် အသက်ရှင်နေတုန်းသာတန်ဖိုးရှိတန်ဖိုးထားနေကြတာ ဒါလည်းပိုက်ဆံရှိဦးမှ။ သေရင်တာ့ ဘာမှတန်ဖိုးမရှိတော့ဘူး စသဖြင့် ဒီလိုမှတ်ယူကြတယ်။ ဘုန်းကြီးေတွကလည်း ဒီလိုပဲဟောကြတာပဲ။ ရွံစရာဖြစ်အောင်ကို တမင်ချဲ့ကားပြီး အသေအချာဟောဖော်ညွှန်ပြ ဆိုဆုံးမကြတာ။ အချို့မိန်းကလေးတွေဆိုတရားပွဲမှာ ထတောင်အန်တယ် အဲ့လောက်။
အဲ့တာကြောင့် ဆင်းရဲတဲ့သူတွေ သေသူအိပ်ခဲ့တဲ့ဖျာလိပ်ပတ်မြှုတ်ကြရတယ်။ ဒီပြဿနာကနည်းတဲ့ပြဿနာကြီးမဟုတ်ဘူး။ အခုမှ နာရေးကူညီမှုအသင်းတွေ ပေါ်လာကြတာ အင်မတန်ေကျးဇူးတင်ဖို့ကောင်းပါတယ်။
အိမ်နီးချင်းနိုင်ငံတွေပတ်ကြည့်ပါ။ တရုတ်ဆိုလည်း သေသူကိုအင်မတန်တန်ဖိုးထားတယ်။ အိန္ဒိယ ဟိန္ဒူဘာသာဝင်ေတွလည်း သူတို့ရိုးရာနဲ့ သိပ်စနစ်ကျတယ်။ ထိုင်းတို့ လာအိုတို့လည်းအဲ့လိုပဲ။ ဗီယက်နမ်တွေဆိုကိုယ့်ခြံထဲကိုယ်မြှုတ်ကြတာ။ အစ္စလာမ်ဘာသာဝင်ေတွလည်း စနစ်တကျပဲ။ ဆင်းရဲချမ်းသာ မခွဲဘူးကွယ်လွန်သူတွေကို သင်္ဂြိုလ်တာ သိပ်စနစ်ကျတယ်။
အနောက်နိုင်ငံ တွေမှာတော့ သေသူနဲ့ရှင်သူကအတူတူပဲ။ လူတယောက်မွေးဖွားလာတဲ့အခါကစလို့ ဥပဒေအရ အကာအကွယ်က စတင်သလို သေဆုံးတဲ့အခါ ဥပဒေအရအကာအကွယ်က အတူတူပဲ။ ပြီးဆုံးမသွားဘူး။ မသေခင်သူဘယ်မှာမွေး၊ ဘယ်မှာကြီး၊ ဘယ်မှေကျာင်းတက်၊ ဘယ်မှာအလုပ်လုပ်၊ ဘာေတွလုပ်ခဲ့တယ်၊ဘာေရာဂါနဲ့ဘယ်မှာဆုံး၊ ဘယ်ေနရာမှာမြှုတ်စသဖြင့် မှတ်တမ်းဟာ ဘယ်တော့မှ ပျောက်ပျက်မသွားဘူး။
သေသွားပေမယ့် သူမှာတဲ့တိုင်းဆောင်ရွက် ပေးကြရတယ်။ သေတမ်းစာဆိုတာ ဥပဒေအရ လိုက်နာရမယ့်မှာတမ်းတခုပဲ။ သေသွားပြီပဲ ငါတို့လုပ်ချင်ရာလုပ်ကြမယ် မရှိဘူး။ အိုစမာဘင်လာဒင်လို ဧရာမရန်သူတောင်မှ အစ္စလာမ်ထုံးစံနဲ့အညီ အသေအချာသင်္ဂြိုလ်ပေးကြတယ်။
ဒီလိုစနစ်ကျနတဲ့တိုင်းပြည်တွေမှာ အမှုပျောက်သွားတယ်ဆိုတာမရှိေစရဘူး။ အလောင်းပြန်ရမှ သူ့ case က ပိတ်လို့ရတာ။ အလောင်းတွေ့မှ ကျန်ရစ်သူမိသားစုက စိတ်ဒုံးဒုံးချတာ။
ကျနော်တို့နိုင်ငံမှာ ပရော်ဖက်ရှင်နယ်စစ်တပ်ဆိုတဲ့ မအလများက လူငယ်တွေကို အတင်းအဓမ္မစစ်မှုထမ်းခိုင်းတယ်။ သေသွားရင် အလောင်းပြန်ရဖို့နေနေသာသာ သေတယ်တောင်မိသားစုကိုအသိမပေးဘူး။ တပ်ရင်းမှူးက လစာထုတ်စားပြီး နောက်ဆုံးဘယ်လိုမှ ဖုံးမရဖိမရမှ သေပြီဆိုတာပြောတယ်။ အလောင်းပြန်ရဖို့နေနေသာသာ ဘယ်အချိန် ဘယ်နေရာ ဘယ်လိုသေတယ်ဆိုတာတောင်သိခွင့်မရှိဘူး။
ခွေးတကောင်သေတာကမှ အသေအချာ မြှုတ်ပေးသေးတယ်။ မိခင်တွေခမျာ ငါ့သားလေးဘယ်လိုများသေပါလိမ့် တကယ်သေတာများဟုတ်ရဲ့လား အလောင်းကို ကောင်းစွာသင်္ဂြိုလ်ရဲ့လား စသဖြင့် ရင်ထဲကဆူးညှောင့်ကြီးနဲ့ မသေမခြင်းနေသွားရရှာတော့မှာ။အဲ့တာမျိုးတွေ ဘယ်လောက်အရေအတွက်ရှိနေပြီလဲ ဘယ်သူမှမသိဘူး။
မြန်မာပြည်လက်ရှိအခြေအနေဘယ်လောက်ဆိုးရွားနေတယ်ဆိုတာ ရွေးကောက်ပွဲဝင်မယ့် အမတ်တွေ မသိတာမဟုတ်ဘူး။ မဲဆွယ်တဲ့သူတွေလည်း ပါးစပ်ထဲတောင်စဉ်ရေမရ လျောက်ပြောနေကြတာ။ ဒါမျိုးတွေ တာဝန်ယူမယ် တယောက်မှမပြောကြဘူး။
လူ့အသက်ကိုတောင်မှ တန်ဖိုးမထားေန့စဉ်နဲ့အမျှရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ် စာသင်ခန်းဗုံးကျဲ အဲ့လိုလူတွေက တိုင်းပြည်ကြီးတိုးတက်သာယာဝပြောအောင် ဘာလုပ်ပေးမယ် ညာလုပ်ပေးမယ်နဲ့ ကြည့်ရတာအတော် ကသိကအောက်ဖြစ်တယ်။
အကတွေအခုန်တွေ ရုပ်ရှင်တွေ သဘင်တွေနဲ့ လုပ်ပြီး တောင်စဉ်ရေမရ ကတိကဝတ်တွေပေးပြီး လုပ်နေကြတဲ့ရွေးကောက်ပွဲဆိုတဲ့ဟာက ဘာလဲဆိုတာ အားလုံးသိကြပါတယ်။
တကမ္ဘာလုံးကသိကြတယ်။ ဘယ်သူမှအဲ့လောက် မ'အ' ဘူး မ'န' ဘူး။
No comments:
Post a Comment