“ စိတ်မနာတတ်ရင် လူဖြစ်ရှုံးတာပဲ ” တဲ့။
ဒီစကားကို ခဏခဏနားယဉ်အောင် ကြားခဲ့ရတာ အိမ်က အမေ့ဆီက။ မှတ်မှတ်ရရ ဆယ်တန်းတစ်နှစ်ကျတုန်းကဆို ကျရကောင်းလားဆိုပြီး အဲ့စကားတစ်ခွန်းနဲ့ ညှပ်ညှပ်ပြီး ဆူတယ်ဆူတယ်ဆိုတာ မိုးလင်းပေါက်ပဲ။
ဒါပေမဲ့လေ၊ အဲ့စကားကို အခုအရွယ်မှာ ပြန်စဉ်းစားကြည့်လိုက်ရင် သူများအတွက်တော့ မပြောတတ်ဘူး၊ ကိုယ့်ကျ သွေးထွက်အောင် မှန်နေတာပဲ။
ပွင့်ပွင့်လင်းလင်း ပြောရရင် အမေက လေးတန်းထိတောင် ကျောင်းမနေဖူးဘူး။ အသက် ၁၃ နှစ်အရွယ်မိန်းကလေးနဲ့ မလိုက် သူများတွေ ကျောင်းတက်နေရချိန်မှာ ဈေးရောင်းတယ်။ ကိုယ့်ထူးကိုယ်ချွန်တယ်။ ရပ်တည်တယ်။
သူ့အမေ (အဖွား)က ရောင်းခိုင်းတာ မဟုတ်ပေမဲ့ သူ့ဘာသူ မခံချင်စိတ်နဲ့ ရောင်းတာ။
အမေ့ရဲ့အစ်ကို (ဘကြီး) ကျတော့ ယောက်ျားလေးဖြစ်လို့ ကျောင်းတက်ခွင့်ရတယ်။ အရင်ခေတ်ကဆို သိတဲ့အတိုင်းပဲ။ မိန်းမဆို အရာမဝင်တဲ့ခေတ်။ ပြေလည်တဲ့ မိသားစုမှာ သားနဲ့သမီး တန်းတူဆိုပေမဲ့ မပြေလည်တဲ့ မိသားစုမှာကျတော့ သားနဲ့သမီးမှာ သားယောက်ျားက Privilege ပိုရနေတယ်။
မိန်းကလေးကျ အိမ်မှာနေ ချက်ပြုတ်၊ တစ်နေ့ လင်ယူပြီး လင်လုပ်စား ထိုင်စား၊ ပါရမီဖြည့်။ ခေါင်း အင်မတန်မာတဲ့ အမေက ဒီဓလေ့ကို နည်းနည်းလေးမှ အကြိုက်မတွေ့ဘူးနဲ့ တူပါရဲ့။ ဒါ့ကြောင့်ပဲ ပိုက်ဆံဆိုတာကို မရရအောင် ရှာတယ်။
ညီအစ်ကို မောင်နှမတွေထဲမှာ မိဘစကား နားမထောင်လို့ ဆိုပြီး အနှိမ်ခံလိုက်၊ အဆဲဆိုခံလိုက်။ ပတ်ဝန်းကျင်ကလဲ သိတဲ့အတိုင်း၊ သူတို့မျက်လုံးထဲ ကလက်နေသလို ဖြစ်နေရင် “ ဟဲ့ နင် ဒီလို အရပ်တကာလှည့်ပြီး ပိုက်ဆံရှာရင် မကောင်းတဲ့ဟာမ.. ဖ* ဖြစ်မယ် ” လို့လဲ ထင်ကြေးပေးခံရသေးတယ်။
သူ့အသက် ၂၈ မှာ အဖေ့နဲ့ ညားတယ်။ ညားတော့ အဖေ့မိသားစုဆီမှာ သွားနေတာပေါ့လေ။ ဖြစ်ချင်တော့ အဖေ့ မိသားစုက ဓနရှင် ကြေးရတတ်တွေ။ ပိုက်ဆံရှိတယ်။ သုံးနိုင်ဖြုန်းနိုင်တယ်။ အမေက တောသူဆိုတော့ သိတယ်မလား၊ ခနဲ့လိုက် နှိမ်ချင်သလို ပြောလိုက် မတူသလို မတန်သလို ခပ်ပါးပါး ရွဲ့လိုက်။
အဖေ့နဲ့ ဆေးထိုးလိုက်။ ပိုက်ဆံလဲ မရှိတော့ ပြန်ခံပြောဖို့ကလဲ မလွယ်ဘူး။ တစ်နယ်တစ်ကျေးမှာ အိမ်ထောင်ကျနေသူဆိုတော့ ဘာခံပြောရဲပါ့မလဲ၊ ခံလက်စ ခံပေါ့။ အမျိုးထဲ ကောင်းတဲ့လူ မရှိတော့ဘူးလားဆို ရှိတယ်။ ဒါပေမဲ့ မြေနိမ့်ရာ လှံစိုက်ချင်တဲ့သူက အရေအတွက်ပိုများတယ်။
စစချင်းဆို အမေ့မှာ ငိုလိုက်ယိုလိုက်ပဲ။ အဖေသာ အမေနဲ့အတူ မရပ်တည်ဘဲ သူ့မိသားစုဘက် ပါရင် သေချာတယ်၊ ဆင်ဂယ်မားသား ဖြစ်ကိုဖြစ်တယ်။ လင်ရ ကံကောင်းလို့၊ တော်သေးတယ်။ မဟုတ်ရင် အဲဒီခေတ် အမျိုးသမီးအနေနဲ့ ပညာမတတ်၊ စာမတတ်ဘဲ ရပ်တည်ရတာ မလွယ်ဘူး။
အဲကတည်းက အမေက သူ့မိသားစုနဲ့ သူ့ယောက်ျားဘက်က.. မိသားစုကို အခဲမကြေဘူး။ အသက်ကြီးလာလို့ စိတ်ထဲမှာ မပူလောင်ချင်လို့ ခွင့်လွှတ်ပေး၊ ဖြေလျော့ပေးတာမျိုးပဲ ရှိတယ်။ နည်းနည်းမှ မမေ့ဘူး။ ဆွေမျိုးအကြောင်း အိမ်မှာ မပြောနဲ့လို့တောင် စည်းကမ်းထုတ်ထားတဲ့အထိ စိတ်နာတာ။
နောက်ပိုင်း စီးပွားရေးလဲပြေလည်ပြီး ကိုယ့်အိမ်ကိုယ့်ရာနဲ့နေနိုင်တော့ အမေ့မှာ လက်မတထောင်ထောင်ပဲ။ သူများ နှိမ်သလိုသာ ပြန်မနှိမ်တာပဲ ရှိမယ်။ သူ့အပေါ် ကျေးဇူးရှိဖူးသူကို မမေ့သလို၊ သူ့အပေါ် ဖိခဲ့သူမှန်သမျှလဲ မမေ့ဘူး။ တော်တော်လဲ အမှတ်သည်းခြေကြီးတဲ့ အမေ။
ဆိုတော့ သူ့တစ်ဘဝလုံး အခဲမကြေခဲ့ရတဲ့ အစိုင်အခဲတွေကို စကားလုံးအဖြစ်နဲ့ ထွက်လာတဲ့စကားက တစ်ခွန်းဆိုတစ်ခွန်းတည်းနဲ့ ထိတယ်။ “ စိတ်နာတတ်အောင် လုပ် ” တဲ့။
အဲဒီစိတ်နာမှုတစ်ခုတည်းနဲ့ သူ့လမ်းသူ ရအောင် ဖောက်တယ်။ ကိုယ့်အိမ်ကိုယ်ရာနဲ့ နေနိုင်အောင် ကြိုးစားတယ်။ ကိုယ်တွေကိုလဲ ပညာတတ်အောင်သင်ပေးတယ်။ ဘယ်သူ့အကူမှ မယူဘူး၊ ဘယ်သူ့ဆီကို သွားပြီး မျှော်လင့်ချက်တွေ မယူနေဘူး။
သူဌေးမဖြစ်ရင်တောင် လူတွေရှေ့မှာ ရင်ကော့ပြီး နေနိုင်အောင်တော့ အနည်းဆုံး သူ လုပ်ပေးနိုင်ခဲ့တယ်။
ဖြစ်နိုင်ရင် ဒီအကြောင်းတွေကို ချမပြချင်ဘူး။ အကယ်၍ ဒီစာကို အမျိုးထဲက တစ်ယောက်ယောက် ဖတ်မိရင် သူတို့ စိတ်မကောင်း ဖြစ်သွားမှာစိုးတာရယ်၊ ပါဆင်နယ်ဆန်နေတာရယ်ကြောင့် သိပ် မပြောပြချင်ဘူး။ ဒါပေမဲ့ ဒါတွေက အမှန်ပဲ၊ သူတို့လဲ သိတယ်။
Forgive but never forget (ခွင့်လွှတ်လိုက် ဒါပေမဲ့ မမေ့နဲ့) ဆိုတဲ့စကားကို ကြားဖူးလိမ့်မယ်။ တကယ်ဆို ဒီစကားက စိတ်ထဲမှာ မြုံမထားဖို့ မပူလောင်ရဖို့ ပြောကြတယ်ဆိုပေမဲ့ တချို့ကိစ္စတွေက ခွင့်လဲ လွှတ်စရာမလို၊ မေ့လဲ မေ့ဖို့ မလိုဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ရှေ့ဆက်နေလို့ရတယ်။
အဆိုတော် Taylor Swift ပြောဖူးတဲ့စကားတစ်ခွန်းတော့ တော်တော်လေး သဘောကျတယ်။ “ You don't have forgive, you don't forget to move on. ”... တချို့ကိစ္စတွေကို ရှေ့ဆက်ဖို့ မေ့စရာလဲမလို၊ ခွင့်လွှတ်နေစရာလဲ မလိုဘူး။
ထပ်ပြောထားသေးတယ်။ “ You can move on without anyone those things happening. You just become indifferent and then you move on. ” အဲဒါတွေ မဖြစ်ဘဲနဲ့လဲ ကိုယ့်ခေါင်းထဲ အရေးမပါသလို မှတ်ပြီး ရှေ့ဆက်နေပစ်ရုံပဲ တဲ့။
သူပြောတာ ဟုတ်တယ်။ တချို့လူတွေရဲ့ လုပ်ရပ်တွေကို မေ့ဖို့ရော ခွင့်လွှတ်ဖို့ရော မလိုဘူး။ ကိုယ့်မှာ အမှတ်ရှိဖို့ပဲ လိုတယ်။ စိတ်နာတတ်ဖို့ပဲ အဓိကကျတယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်မြင်အောင်မကြည့်ရင် Move on ရတာ ခက်ခဲတယ်။
ဒါပေမဲ့ ကိုယ့်ရဲ့ Self-Awareness မှာ အမှတ်သည်းခြေမပါ၊ မှတ်ရကောင်းမှန်းလဲ မသိတဲ့အတွက် သူများလုပ်သမျှ ခံနေတယ်။ အခြေအနေတစ်ခုအရ ငြိမ်နေတာ ကိစ္စမရှိဘူး။ ဒါပေမဲ့ အမြဲတမ်း ငပိသိပ် ဆားသိပ်သလို ခံနေရရင် ဒါ ကိုယ့် Self-esteem ကျသွားတာပဲ။
ဒါ့ကြောင့်မို့ “ စိတ်မနာတတ်ရင် လူဖြစ်ရှုံးတယ် ” ဆိုတဲ့စကားက လူတစ်ယောက် Growth ဖြစ်ဖို့ လုံလောက်တဲ့စကားလို့ မြင်မိတယ်။
ကိုယ် ဒီနည်းနဲ့ပဲ ဆက်နေမလား၊ သူတို့ထက် သာအောင် မလုပ်နိုင်တော့ဘူးလား၊ ငါ တစ်ချိန်လုံး ခံနေရမှာလားဆိုတဲ့ Self awareness ပြန်ယူတာဟာ စိတ်နာတတ်တာပဲ။
စာနာနွေးထွေးတတ်တဲ့ ပတ်ဝန်းကျင်မှာ နေရတာက ဘာပြဿနာမှ မရှိဘူး။ ဒါပေမဲ့ တချို့ပတ်ဝန်းကျင်မှာ ပိုက်ဆံမရှိရင် အရမ်းနှိမ်ချင်တယ်၊ ခနဲ့ချင်တယ်၊ လူရာမသွင်းဘဲ ဖိနှိပ်ချင်တယ်။
ဖိနှိပ်တဲ့အထဲ ခေါင်းပုံဖြတ်တာ၊ ငွေတိုးက ရနေမှဖြစ်မှာမို့ မတန်မဆအတိုးနဲ့ ချေးပေးတာ၊ ဒီအလုပ်ကိုပဲ အားကိုးရတာမို့ အလုပ်တွေ သေအောင်ခိုင်းပြီး လစာ နှစ်ပဲခြောက်ပြားလောက်ပဲ ပေးတာ၊ အလုပ်တစ်ခုခု ရဖို့အရေး Sexual Harassment ခံရတာတွေ ပါတယ်။
သူတို့ထက် ကိုယ်က ရုပ်ပိုင်းမသာဘူး၊ ပညာရပ်ပိုင်းမှာလဲ အကောင်မဟုတ်ဘူးဆိုရင် ကိုယ့်အပေါ် ပြောဆိုဆက်ဆံတာကအစ Disrespect ဆန်တယ်။ သူတို့အမြင်မှာ သူတို့က ကိုယ့်ထက်သာနေကြောင်း ပြောဆိုဆက်ဆံကြမှာပဲ။
ဒါပေမဲ့ ကိုယ်လုပ်တဲ့အိမ်နားက အမျိုးသမီးတစ်ယောက် ကျောင်းတက်ရပျင်းနေတဲ့ သူ့သားကို ဘယ်လိုဆုံးမလဲသိလား။
ကိုယ်တွေတစ်ဖွဲ့လုံးကို ကြည့်ပြီး “ အေး ကျောင်းမတက်ဘဲလုပ်နေ.. သူတို့လို တစ်နေ့ နေပူကြဲကြနဲ့ သူများအိမ်မှာ ကျွန်ခံရလိမ့်မယ် ” တဲ့၊ ကိုယ့်သားသမီးကို ဆုံးမတဲ့ပုံစံက လူတစ်ဖက်သားကို ပုတ်ခတ်ပြီးမှ ဆုံးမတာ.. အဲလိုလူမျိုးတွေက သက်သက် ရှိတယ်။
သဘောက Humble တွေ၊ Sampathy တွေ၊ Empathy တွေဆိုတာက လူတိုင်းမှာ ရှိနေမှာမဟုတ်ဘူး။ ရှိအောင် ပြောရင်လဲ လက်မခံတဲ့သူက လက်မခံဘူးပဲ။ လူတိုင်းက အပေါ်မှာ နေရတာကို ကြိုက်ကြတာချည်းပဲ။
ဒီ့အတွက် ပိုက်ဆံရော၊ ပညာရပ်ပိုင်းမှာရော အနေအထားတစ်ခုအထိ ရှိဖို့လိုတယ်။ ပညာရပ်ပိုင်းမှာဆိုရင် Wisdom ရော၊ Educated ရော နှစ်ခုလုံးပါတယ်။ မချမ်းသာချင်ဘူးဆိုရင်တောင် ငွေဆိုတာ အရာရာပဲ။ အရေးကြီးတာပဲ။
ကိုယ့်ကိုယ်ကိုယ် ချစ်တဲ့စိတ် Self-love တို့၊ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတဲ့ Self-esteem တို့ဆိုတာကလဲ စိတ်မနာတတ်ရင် ရေပေါ်အရုပ်ရေးသလိုပဲ မထိရောက်ဘူး။
ဘာလို့ဆို ကိုယ့် Personal life ထဲမှာ စိတ်နာရမယ့်ကိစ္စတွေ ရှိတယ်။ စိတ်နာရမယ့်အထဲမှာ -
ပညာတတ်ပြီး သူတို့ပညာနဲ့ ဖြဲခြောက်တဲ့လူတွေ
စိတ်နာတယ်ဆိုတာ လူမှုရေးကိစ္စမှ မဟုတ်ဘူး၊ နိုင်ငံရေးအထိ ပါတယ်။ တချို့လုပ်ရပ်တွေက စိတ်နာစရာကောင်းတယ်။ အမှတ်ရှိဖို့ လိုတယ်။ Healthy pround မရှိနေရင် စိတ်မနာတတ် အမှတ်ရှိမှာ မဟုတ်ဘူး။ ခံလက်စ ခံချေပဲ။
စိတ်မနာတတ်တဲ့အခါ နောက်ဆုံး ဘယ်သူပဲ နာသလဲဆိုရင် ကိုယ်ပဲအထိနာတယ်။ “ စိတ်လဲမနာ အမှတ်လဲ မရှိရင် လူဖြစ်ရတာ မတန်ဘူး၊ ကိုယ်ခံရတာ တကယ်မတန်ဘူး။ ”
ဘုန်းမောင်ဦး
ဖေဖော်ဝါရီ ၈၊ ၂၀၂၅။
No comments:
Post a Comment