Friday, February 7, 2025

Academic Vocabulary မှတ်ပုံမှတ်နည်းများ

 (Academic Vocabulary မှတ်ပုံမှတ်နည်းများ)

ကျနော်တခါရေးဖူးသလိုပါပဲဗျာ။ Academic English မှာ (ကျနော့်အမြင်အရ) အရေးအပါဆုံးက Paraphrasing, Summarising and Referencing ဆိိုတဲ့ Skills (၃) မျိုးပါ။ အဲဒါတွေကို လေ့ကျင့်ဖို့..ကျွမ်းကျင်အောင်လေ့ကျင့်ပေးဖို့ဆိုရင် အဖျင်းဆုံးအားဖြင့် အင်္ဂလိပ်စာ Intermediate အဆင့်လောက် သို့မဟုတ် B1/2 လောက်ထိ ရောက်နေဖို့လိုတယ်ပေါ့။
ဒါပေမယ့် ကျနော်တို့မြန်မာအများစုက (Non-native တွေထုံးစံပေါ့.သိပ်တော့မကွာကြပါဘူး) Skills မညီကြတာပေါ့။ အပြောအားသန်တဲ့သူက ..ပြောတာနဲ့ နားထောင်တာကို နင်းကန်လုပ်တတ်ကြတယ်..အဖတ်အရေးကျ အားနည်းရော.. ။ အားနည်းတာကို ဖိမလုပ်ဘဲ ..ကိုယ်အားသန်တာချည်းလုပ်နေမိိတတ်တယ်။ အရေးအဖတ်အားသန်သူကျတော့လည်း အဲလိုပါပဲ။ ဆိုတော့ဗျာ.. ခြုံပြောရရင် စာဖတ်နာသူက ရှားပါတယ်။ ဖတ်ရင််လည်း အပျော်ဖတ်တာများတာမို့လို့ သိပ်ပြိီိး အသုံးအနှုန်းရယ် ဘာရယ် သီးသန့် မှတ်မိနေသူ (သို့မဟုတ်) သီးသန့်မှတ်သူ..လေ့ကျင့်သူကလည်း ရှားပြန်ရော။ စာမေးပွဲတခုခုကြောင့်လိုတော့မှသာ လက်ပူတိုက်တတ်ကြတာချည်းလိုလိုဖြစ်နေတယ်။ အဲ့တော့ ဝေါဟာရကြွယ်ဝသူကလည်း​ရှားတယ်ပေါ့ဗျာ။
ပညာရပ်ဆိုင်ရာဝေါဟာရတွေဆိုတာ သိပ်အများကြီးမရှိပါဘူး။ အထူးသဖြင့် ကြိယာတွေပေါ့လေ။ ဒါိကိုပဲ မမှတ်မိကြပြန်ဘူး။ မှတ်ပုံမှတ်နည်းတွေကတော့ အမျိုးမျိုးရှိတာပေါ့။ ရိုးရိုးသားသားဝန်ခံရရင် ကျနော်ကိုယ်တိုင်လည်း အခုပြောပြမယ့် မှတ်နည်းမျိုးတွေနဲ့ မှတ်ရကောင်းမှန်း သိတာ မနှစ်တနှစ်ကမှပါ။ ဒါပေမယ့် ထိရောက်ပါတယ်။ စိတ်ပါဝင်စားရင် လုပ်ကြည့်ကြပေါ့။
ပထမနည်းကတော့ လုပ်ဆောင်ချက်အရ အုပ်စုခွဲပစ်တာပေါ့ဗျာ။ စကားလုံးတွေကို ဒါတော့ လှုပ်ရှားမှုအုပ်စု (motion)၊ဘောင်ကန့်ထိန်းချုပ်တဲ့အုပ်စု(containment)၊ အားသုံးရတဲ့အုပ်စု (force) စသဖြင့် သူ့သဘောအရ တူရာတူရာ အုပ်စုခွဲမှတ်တာပေါ့။ ဒါကိုပဲ Embodied Learning (Endbodiement Theoryအရပေါ့) လုပ်ကြည့်မယ်ဆိုရင် ဥပမာ..ထည့်စရာဘူးတခုခုထဲကို ပစ္စည်းတခုခုထည့်ပြပြီး enclose, confine, contain စသဖြင့် တွဲမှတ်နိုင်တယ်.. ထုတ်ပြတာမျိုးကိုလုပ်ပြီးလည်း ဆန့်ကျင်ဖက်စကားလုံးတွေကိုထပ်မှတ်နိုင်တယ်ပေါ့။ Force အားသုံးရတဲ့ အုပ်စုဆိုရင်လည်း အချင်းချင်းတွန်းခိုင်းတာမျိုးနဲ့ push, resist, enforce, propel စတဲ့စကားလုံးတွေကိုတွဲမှတ်နိုင်တယ်ပေါ့။ constraint တို့ limit တို့ရဲ့သဘောကိုလည်းအဲလိိုအလားတူ သင်နိုင်တယ်ပေါ့ဗျာ။ ဆရာရဲ့ စိတ်ကူးဥာဏ်ကွန့်မြူးနိုင်ရင် ကွန့်မြူးနိိုင်သလို သင်ပေးလို့ရပါတယ်။
နောက်တနည်းက ကျတော့ တင်စားတဲ့ဥပစာအနက်တွေနဲ့တွဲမှတ်တဲ့နည်းပေါ့။ သူလည်း အုပ်စုခွဲတဲ့သဘောပါပဲ။ ဥပမာ ကျနော်တိို့က အချိန်ဆိုတာကို စိိတ္တဇနာမ်လို့ သဘောထားပေမယ့်် ထိလို့ ကိုင်လို့ သုံးစွဲလို့ရတဲ့ ပိုက်ဆံ(ငွေ)နဲ့တင်စားကြသလိုပဲလေ။ "အချိန်ဖြုန်း/သုံး/ကုန်/ဖယ်/ချန်/စု/လောက်/မလောက်" စသဖြင့် ဥပမာ အမျိုးမျိုးနဲ့တွဲသုံးသလိုပဲလေ။ကျောင်းသားတွေကိုသင်တဲ့အခါကျတော့ ဥပမာ- theory ဆိုတဲ့စကားလုံးနဲ့တွဲလို့ရတဲ့ ကြိယာတွေကို သင်မယ််ဆိုပါစို့။ Theories are buildings ဆိုတဲ့ ရူပကစကားကို မှတ်ခိုင်းလိိုက်မယ်ပေါ့ဗျာ။ အဆောက်အအုံမှာ ဘာတွေပါလဲ..အဆောက်အအုံဆောက်ပြီဆိုဘာလိုလဲဟေ့ပေါ့..ကျောင်းသားတွေကိုမေးလို့ရတယ် (brainstorm)လုပ်တာပေါ့။ foundation, structure, construct, build, support, draft စသဖြင့် ထွက်လာကြမယ်။ အဲ့လိုမျိုးဆို သူတို့ပိုမှတ်မိနိုင်တာပေါ့။ ထိုနည်းတူစွာပဲ.. Debates are battles ဆိုရင်.. attack, defend, argue, counterargue, reinforce, resource စသဖြင့် ထွက်လာမှာပေါ့။ ဘဝဆိုတာ ခရီးရှည်..တို့ လူ့ဘဝ ဆိုတာ ဇာတ်ခုံတို့ စသဖြင့် context အလိုက် ထပ်စုလို့ရတာပေါ့ဗျာ။
နောက်တနည်းကကျတော့ "ကျနော်တို့ရဲ့စကားလုံးတွေကိိုနားလည်မှုဆိုတာ ကျနော်တို့ရဲ့အတွေ့အကြုံ/အသိအမြင်တွေအပေါ်ကို အခြေခံပြီးနားလည်တာပါပဲ" ဆိိုတဲ့ Fillmore ရဲ့ Frame Semantics ကိို အခြေခံတယ် ဆိုပါစို့ဗျာ။ ပြောချင်တာက လူတယောက်ဟာ စကားတခွန်းထွက််လိုက်ပြီဆိုတာနဲ့ အဲ့ဒီိစကားနဲ့ပတ်သက်တဲ့ဆက်စပ်အနက်မှန်သမျှကို နားထောင်သူရဲ့စိတ်ထဲမှာ ချဲ့ယူလိုက်ပြီးသားပဲ။ အဲဒီစကားလုံးရဲ့ ဘောင်က ကန့်သတ်ထားပြီးသားပဲ။ ဥပမာ- consequence လို့ပြောလိုက်ရင် ကျောင်းသားတွေက cause and effect, outcome, result, impact, effect, precedence စသဖြင့် တွဲစပ်ပြီး မြင်ကြပြီးသား ..တနည်းအားဖြင့် အဲဒီစကားလုံးတွေဟာ ပထမဆုံးထွက်လာတဲ့ consequence ဆိုတဲ့စကားလုံးရဲ့frame ထဲပါပြီးသားပဲ။ အဲဒါကိုပဲ..ပြုသူ/အပြုခံ/ပြုခြင်း/ပြုပုံပြုနည်း/ရည်ရွယ်ချက် စတာတွေနဲ့ဆွဲဆန့်လိုက်ရင် တပြုံကြီးပါလာတော့တာပဲ။စကားလုံးတလုံးထွက်လာရင် သူ့ရဲ့အနက်ဘောင်ကိိုချဲ့တွေးကြည့်မယ်.. အနုတ်လက္ခဏာနဲ့ကန်ကြည့်မယ်..ရှေ့/နောက်ဆင်ခြင်ကြည့်မယ်..ဒီသဘောပါ။
ကျန်တဲ့ Semantic Mapping ဆွဲပြီးမှတ်တာတိို့..ကနဦးပုံစံထုတ် တနည်းအားဖြင့် ခေါင်းဆောင်ထုတ် prototype လုပ်ပြီး မှတ်တာတို့ကတော့ ခဏခဏ မြင်နေကြားနေရမှာပါပဲ။ Academic Writing ဆိိုတဲ့ခေါင်းစဥ်ကို ကနဦိးရှေ့ပြေး အနေနဲ့တင်ပြီးစဥ်းစားလိုက်ရင် argumentative, assertive, rebuttal, analytical, evidence, data စသဖြင့် အများကြီိး ထွက်လာတဲ့သဘောကိုပြောတာပေါ့ဗျာ။
တနည်းနဲ့တနည်းကတော့ ထူးမခြားနားပုံစံတွေဖြစ်ရင်လည်း ဖြစ်မယ်ပေါ့။ ကျနော့်အနေနဲ့ကတော့ ခန္ဓာကိုယ်လှုပ်ရှားမှုတွေနဲ့ဆက်စပ်ဥပမာပေးပြီးမှ သိုင်းဝိုင်းချဲ့ထွင် မှတ်ခိုင်းတာဆို ပိုပြီး နားစွဲမယ် ထင်တာပါပဲ။
ခုရေးပြတာတွေအကုန်လုံးက Cognitive Linguistics နဲ့ Frame Semantics က နည်းတွေပါပဲ။ ဘာသာဗေဒစကားလုံးတွေ...သီအိုရီနာမည်တွေကြားဖူးနားဝ လျှောက်ရေးပြရင် ပိုနားရှုပ်မှာစိုးလို့ အတတ်နိုင်ဆုံးရှောင်ပြီး နားလည်သလို ရေးပြတာပါ။

No comments:

Post a Comment