ဘာသာစကားကို ခေတ်အမြင်နဲ့ ချိန်ထိုးတဲ့အခါ ဘာသာစကားကို နယ်ချဲ့ထားခြင်း၊ ပြန်သိမ်းယူခြင်း ဆိုတဲ့ colonial language, decolonising language ဆိုတဲ့ ကိစ္စကလဲ မပါမဖြစ် ထည့်ကိုစဉ်းစားရတယ်။
ဆိုပါစို့ လက်ဖက်ကို green tea salad လို့ အမည်တပ်လိုက်ခြင်းဟာ မြန်မာစကားရဲ့မူလအရင်းမြစ်ကို သိမ်းပိုက်လိုက်တာ ဖြစ်တယ်။ (ဒါကို မှားတယ် မှန်တယ် ငြင်းချင်ရင် comment ဖွင့်ပေးထားပါတယ်၊ ထိုင်ငြင်းကြကုန်) ။
Pizza ကို ပေါင်မုန့်အမျိုးအစားတခုလို့ အမည်မတပ်သလို၊ ဆူရှီကို ငါးထမင်းလို့ လျှောက်မပြောတော့သလိုပေါ့။ ပိုက်ကျော်ခြင်းရဲ့ အင်္ဂလိပ်စာလုံး Sepak takraw ဆိုလဲ ဒီသဘောပဲ ဖြစ်တယ်_ Macmillan မှာ ပြဌာန်းထားပါတယ်။ ဒါက စကားလုံးတွေနေရာမှာ အင်္ဂလိပ်ဘာသာစကားရဲ့နယ်ချဲ့မခံဘဲ တော်လှန်ထားတာလို့ ယူဆချင် ယူဆလို့ ရပါတယ်။
ဒါက serious ဖြစ်စရာလိုမလို တွေးချင်တွေးနေနိုင်ပါတယ်။ ဆိုပါစို့ ခဗျားက US UK ကို အလုပ်သွားလုပ်မယ်၊ ရွှေ့ပြောင်းနေထိုင်မယ်ဆို အရပ်က immigrant လို့ စသတ်မှတ်တယ်။ ကျတော်တို့ မြန်မာနိုင်ငံမှာ နေထိုင်နေကြတဲ့ အနောက်တိုင်းသား မှန်သမျှကို ကျတော်တို့အရပ်က immigrant တွေလို့ ဘယ်သူမှ မပြောဘဲ expat (expatriate) လို့ပဲ သုံးကြပါတယ်။ ဒီနေရာမှာ ကျတော် ပြောင်းလာတဲ့သူတွေကို immigrant တွေဟေ့လို့ ပြောင်းခေါ်ခိုင်းတာ မဟုတ်ပါ။ ကျတော်တို့ခေါင်းထဲက အတွေးတွေကိုက ဒီလို ဖြစ်နေခဲ့ပြီးသားဆိုတာ_ ဘာသာစကားရဲ့ လှည့်ကွက်_လေးတခုပါပဲ။
ဒီ့ထက်ကြမ်းတာတွေ ရှိပါသေးတယ်။ ကိုလံဘက်စ်က အမေရိကားကို "discover" တယ်လို့ ဖတ်စာအုပ်တွေမှာ အတွင်တွင် သုံးတယ်။ ဘာလို့လဲ၊ နဂိုထဲက လူမျိုးစုအထိုင်ရှိပြီးသားကို သူ့မှာ ပညာလေးတတ်ရုံ၊ သဘော်မောင်းတတ်ရုံ၊ သိပ္ပံသိရုံနဲ့ ရှာဖွေတယ်ဆိုပြီး ခြေကုတ်ယူလိုက်တာ_ အမှန်တော့ နယ်ချဲ့ပစ်လိုက်တာပါပဲ။ ပြောရရင် အများကြီးပါ။ ဒါစကားလုံးပဲ ရှိသေးတာ။
အသံထွက်၊ ပြောပုံဆိုပုံတွေ၊ ရေးသားပုံ၊ ဖော်ပြပုံတွေမှာလဲ အဲ့လို သိသိသာသာ မသိမသာ သိမ်းသွင်းထားတာမျိုးတွေရှိပါတယ်။ အိန္ဒိယအသံထွက် ရီရတယ်၊ အာဖရိကန်လူမျိုးတွေရဲ့ အင်္ဂလိပ်စာက နိမ့်ကျတယ်၊ စသဖြင့် တံဆိပ်ကပ်မှုတွေလဲ ပါပါတယ်။ မယုံရင် Scottish accent ကျ "ခက်လိုက်တာ များများလေ့ကျင့်မယ်" ဆိုပြီး စတွေးပေမဲ့ အာရှအင်္ဂလိပ်စာအသံထွက်ကျ "ဆိုးလိုက်တာ နားမလည်ဘူး တလုံးချင်း ပြန်ပြောခိုင်းရတယ်" ဆိုပြီး စတွေးတော့တာပါ။ သုတေသနအရ သင်ဟာ အင်္ဂလိပ်ဘာသာစကားကို အင်္ဂလိပ်လို မွေးထဲကပြောတဲ့ လူမျိုးတွေနဲ့ ပြောဆိုဖို့ထက် ကျန်တဲ့ လူတွေနဲ့ပြောရဖို့ ရာခိုင်နှုန်း ၃ ဆ ပိုများပါတယ်။
Multimedia မှာဆိုရင်လဲ အီဂျစ်က ပိရမစ်၊ တရုတ်က တံတိုင်းတွေကိုတော့ ဂြိုလ်သားတွေကပဲ လာဆောက်သလိုလို ရွှတ်နောက် ဖန်တီးဖော်ပြတတ်ကြပြီး၊ ဥရောပက ရဲတိုက်တွေ၊ မြို့ပြတွေ၊ ဘုရားကျောင်းတွေကိုတော့ မြို့ပြယဉ်ကျေးမှု၊ သချာ၊ ရူပဗေဒ တိုးတက်မှုပုံရိပ်တွေအဖြစ် ဖန်တီးဖော်ပြလေ့ ရှိပါတယ်။
ဒါဘာသာစကားက တကမ္ဘာလုံးလိုက်သုံးရလို့ သူတို့လိုသလို ရိုက်ထည့်ပေးထားတဲ့အတိုင်း ကျတော်တို့က လိုက်တွေးမိခေါ်မိကြတော့တာပါပဲ။ ဝမ်းနည်းဖို့ကောင်းတာက အဲ့လိုမဖြစ်အောင် လုပ်ဖို့ဆိုရင် ကိုယ့်ဘာသာစကားကလဲ ကြွယ်ဝပျော့ပြောင်းနေဖို့ လိုတာပါ။ ကျတော်အပါအဝင် အဖြူစာဖတ်တတ်သူတချို့က ဗုဒ္ဓစာပေကို အီးလိုဖတ်ရင် ပိုနားလည်လွယ်ပြီး မြန်မာလိုဖတ်ရင် ရှုပ်သွားတယ်ဆိုတာမျိုး ပြောတတ်ကြတယ်၊ တကယ်လဲ ကျတော့်အတွက်မှန်တယ်၊ ဘာသာစကားအတွက်တော့ မကောင်းဘူးပေါ့၊ ပါဠိနဲ့အနီးကပ်ဆုံးဘာသာစကားက ကမ္ဘာတဖက်ကဘာသာစကားရဲ့ လွှမ်းမိုးမှုကို မကျော်နိုင်တာကလဲ ဝမ်းနည်းချင်သပဆို ရပါတယ်။
ဒါကြောင့် ကျတော့်ရဲ့ IH နောက်ဆုံးဆောင်းပါးမှာဆို မြန်မာဆိုရိုးတွေကို မြန်မာဘာသာအတိုင်း အတန်းထဲ ပြောခွင့်ပေးပြီး အင်္ဂလိပ်လို ဘာသာပြန်လိုက်မယ်ဆို ဘာအနက်တွေ ပျောက်သွားမလဲဆိုတဲ့ ဘာသာစကား ၂ ခု ကွာဟမှုကိုပါ ထောက်ပြတဲ့ လေ့ကျင့်မှုမျိုးကို အဆင့်မြင့် အင်္ဂလိပ်စာမှာ ထည့်ပေးလို့ ရပါတယ်ဆိုတာ ရေးပေးထားပါတယ်။ (e to e မကလို့ ဘာဖြစ်ဖြစ်)။ ဒါဟာ ဘာသာစကားအသိကို တဖက်တလမ်းက တိုးတက်အောင် လုပ်ပေးနိုင်ပြီး လက်ဖက်ကို lat phat thote လို့ပဲ ခေါ်ကြမယ်ဟေ့ ဆိုပြီး ဖြစ်လာကြတာပါ။
မြန်မာစာသည် ငါတို့စာဆိုပြီး ရှိသမျှ မြန်မာလိုလျှောက်ပေါက်ကရလုပ်တာ မဟုတ်ပါဘူး၊ မြန်မာဘာသာစကားသည်ပင် အင်္ဂလိပ်ဘာသာစကားနဲ့အတူတူ ရပ်တည်နိုင်ကြောင်း ပါဝါပြန်ပြရမယ့်ကိစ္စမျိုးပါ၊ အင်္ဂလိပ်ဘာသာစကားကို ကျတော်တို့ မသုံးဘဲနေလို့မရဘူး၊ ဒါပေမဲ့လဲ ရှိသမျှအလုံးစုံကို အင်္ဂလိပ်ဘာသာစကား၊ လူမျိုး၊ အလေ့တွေပါ လွှမ်းမိုးခံ အလဲလှယ်ခံသင့်သလား ဆိုတာကတော့ ကျတော်တို့ သုံးသပ်ရမယ့် ကိစ္စပဲ ဖြစ်ပါတယ်။
ELT မှာ အနောက်တိုင်းကပဲ လွှမ်းမိုးထားတဲ့ သင်ရိုးနဲ့ သင်ကြားနည်းတွေကိုပဲ မူထားပြီး ယူနေရဆဲပဲဖြစ်ပါတယ်။ ဒါတွေသည် မဖြစ်သင့်ဘူးလို့ ပြောခြင်းမဟုတ်ပါ၊ ဆိုပေသည့် ဒေသတွင်း၊ အာရှတွင်းက စာအုပ်စာတမ်းတွေကိုလည်း ကျတော်တို့အနေနဲ့ တီးမိခေါက်မိရှိသင့်တယ်လို့ ထင်ပါတယ်။ ဘာသာဗေဒမှာတော့ အများကြီးရောက်နှင့်နေပါပြီ။ မြန်မာနိုင်ငံရဲ့ အင်္ဂလိပ်စာကို သုံးသပ်ပြတဲ့ ဆရာမ ဒေါက်တာ ခင်ခင်အေးရဲ့ သုတေသနတွေ စာအုပ်တွေကို ကျတော်ညွှန်းပါတယ်။
ရေးတော့ရေးဖူးပေမဲ့ တချို့သော ကြောင်စီကွေး အီးဖတ်စာအုပ်တွေဟာလဲ စီးပွားရေးသပ်သပ်သာ ရိုက်နှိပ်ထားပြီး ဘာမှ ပညာရေးအနှစ်သာရ၊ ဘာသာဗေဒအနှစ်သာရ မပါတဲ့ဟာတွေကိုလဲ ဆင်ခြင်သင့်ပါတယ်။
ကျတော်တို့ စိတ်တိုင်းကျတဲ့စာအုပ်၊ စာ၊ ဘာသာစကားကို ရနိုင်ချင်မှ ရနိုင်မယ်။ ဒါပေမဲ့ စာသင်ခန်းထဲ သင်ပေးမှုကတော့ ကျတော်တို့ စိတ်တိုင်းကျ ဖန်တီးနိုင်မယ် မဟုတ်လား။
ပုံ 1st semester Day1 at MFU
No comments:
Post a Comment